၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ဂျာမနီအသင်းမှ ထပ်မံ အနားယူမယ်လို့ နူအာ အတည်ပြုလာ
=====================

မန်နူရယ်နူအာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ ဒုတိယအကြိမ်မြောက် အနားယူမယ်လို့ အတည်ပြုလာပါတယ်။
ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဂိုးသမားဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပေမဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီအသင်း ဂိုးသမားပြဿနာကြုံလာရချိန်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူထားရာကနေ ပြန်လည် ကစားပေးလာခဲ့တာလည်း ဖြစ်ပါတယ်။
ဂျာမနီနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ နူအာက "ကောင်းမွန်တဲ့ ယူရိုအိမ်ရှင်ကြုံပြီးတဲ့နောက် ကောင်းမွန်တဲ့ အကြောင်းပြချက်တဲ့ ၂၀၂၄ မှာ အနားယူခဲ့တယ်။ ကျွန်တော့်အတွက် ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ မှန်တယ်လို့လည်း ထင်တယ်။ နောက်ဆုံး နှစ်နှစ်မှာ လက်ရွေးစင်အတွက် ကစားရတာ အရမ်း ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တယ်လို့ ခံစားခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။
နူအာဟာ ပြီးခဲ့တဲ့ ရာသီနှောင်းပိုင်းမှာ ဂျာမနီနည်းပြဂျူလီယန်နာဂျယ်မန်းရဲ့ ဖျောင်းဖျပြောဆိုမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြန်လည်ကစားရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး နူအာက "ကျွန်တော့်အတွက် ဒါက နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဆိုတာ ရှင်းရှင်းလေးပါ။ နောက်နှစ်နှစ်မှာ ကစားမဲ့ ယူရိုမှာ ကစားဖို့ အစီအစဉ် မရှိပါဘူး။ ဂျာမနီအတွက် ကျွန်တော် ကစားတဲ့ နောက်ဆုံးနေ့ရက်တွေ ဖြစ်ပါတယ်။ ပွဲတိုင်းအတွက် စိတ်လှုပ်ရှားနေတယ်။ နှုတ်ဆက်အင်္ကျီဖြစ်မလာဖို့ ကြိုးစားသွားမယ်"လို့ ပြောကြားသွားပါတယ်။
နအာပြန်ကစားလာမှုနှင့်အတူ ဟော်ဖန်ဟိမ်းဂိုးသမားအိုလီဗာဘူးမန်းမှာ အရန်ခုံတွင် ပြန်လည်ထိုင်လာရပါတယ်။
နူအာဟာ ၂ နှစ်အတွင်း ဂျာမနီအတွက် ပထမဆုံးကစားတဲ့ ကူရာအာအိုအား ၇-၁ ဖြင့် အနိုင်ရတဲ့ ကမ္ယာဖ့လားပွဲတွင်လည်း ဆက်လက် လက်စွမ်းပြကစားနိုင်ခဲ့ပါတယ်။
ဂျာမနီဟာ စနေနေ့မှာ ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရတဲ့အသင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ပါမယ်။
တဖက်တွင် နူအာဟာ ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူရန်လည်း စိတ်အားထက်သန်နေပါတယ်။
နူအာက "ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။ ကိုယ့်လက်ထဲမှာ အခွင့်အရေး အားလုံး ရှိနေတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတွေကို ပြန်အမှတ်မရချင်ဘူး။ အခု လာမဲ့ အိုင်ဗရီကို့စ်အတွက်ပဲ စဉ်းစားနေတယ်။ ဒုတိဘပွဲအပြီးမှာ ရှုံးထွက်အဆင့်သို့ တက်နိုင်ရင်တော့ စပါယ်ရှယ်ပေါ့။ ဒါဆိုရင် ကျွန်တော်တို့ အနာဂတ်ကို အနည်းငယ်မျှော်ကြည့်လို့ရပြီ။ နောက်ထပ်တစ်ကြိမ် လုပ်နိုင်မဲ့ အခွင့်အ‌ရေး ရလာမယ်။ ဒုတိယတစ်ကြိမ် ထပ်ရနိုင်မယ်ဆိုရင်တော့ တကယ့်ကို စပယ်ရှယ်ပေါ့။ ဒီလို ဖြစ်နိုင်မဲ့ အခွင့်အရေး မရှိဘူးဆိုရင်လည်း ဒီနေရာမှာ ကျွန်တော် ထိုင်နေမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

image

ပြည်တွင်းဖလား ၂ လုံးလုံး ရယူပေးခဲ့တဲ့ နည်းပြချီဗူးကို စာချုပ်သက်တမ်းတိုးချုပ်ဆိုလာတဲ့ အင်တာမီလန်
==================

အင်တာမီလန်က နည်းပြချုပ်ခရစ္စတီယန်ချီဗူးကို အသင်းတွင် ၂၀၂၈ ခုနှစ် အထိ ထိန်းထားနိုင်မဲ့ စာချုပ်အား သက်တမ်းတိုးချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
အင်တာမီလန်နည်းပြဟောင်းဟာ အင်တာမီလန်ကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီတွင်ပင် စီးရီးအေဖလားနှင့် ကိုပါအီတာလီယာဖလားတို့ကို ရယူကာ ကြီးကျယ်တဲ့ ရာသီတစ်ခု ပိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ ကြီးကျယ်တဲ့ ရာသီတစ်ခု ပိုင်ဆိုင်ပြီးချိန်မှာတော့ ချီဗူးရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိရအောင် စာချုပ်သက်တမ်းတိုးမှု ချက်ချင်း ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ရိုးမေးနီးယားနည်းပြဟာ ၂၀၁၉ ခုနှစ်တွင် ယူအီးအက်ဖ်အေပရိုလိုင်စင် ရရှိပြီးနောက် ၂၀၂၁ ခုနှစ်တွင် အင်တာမီလန်လူငယ်အသင်းအား စတင်ကိုင်တွယ်ခဲ့ပါတယ်။
ယင်းနောက် သူဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပါးမားနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး စီးရီးအေတွင် ဆက်လက် ရပ်တည်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
ယင်းနောက် နွေရာသီတွင် သူဟာ အင်တာမီလန်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတော့တယ်။ သူဟာ အင်တာမီလန်ကို ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့သာ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ပြည်တွင်းဖလား ၂ လုံးလုံး ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
အင်တာမီလန်ဟာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ၂ လုံးလုံးအား ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

image

ဘရိုက်တန်မှ ဒတ်ချ်နောက်ခံလူဗန်ဟက်ကီအား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရေးအား စပါးစ်အပြီးသတ် လုပ်ဆောင်လာ
======================

စပါးစ်ဟာ ဘရိုက်တန်မှ နယ်သာလန်လက်ရွေးစင်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီအား ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရေးအား အပြီးသတ် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ဗန်ဟက်ကီဟာ ဘရိုက်တန်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိမှုနှင့်အတူ ကလပ်ဘက်က ထုတ်ရောင်းလာရတာလည်း ဖြစ်ပါတယ်။
ဘရိုက်တန်ဟာ ဗန်ဟက်ကီရဲ့ အရောင်းစာချုပ်အတွင်းတွင် စပါးစ်ဘက်က ထပ်ဆင့် ရောင်းချပါက အကျိုးအမြတ်အား ရာခိုင်နှုန်းအချို့ ခံစားခွင့် ရရှိလာဦးမယ့် အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဗန်ဟက်ကီက "စပါးစ်ကစားသမားတစ်ဦး ဖြစ်လာခွင့်ရလို့ အရမ်းဂုဏ်ယူတယ်။ ကလပ်ကြီးတစ်ခုသို့ ပြောင်းခွင့်ရတာ အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါပဲ"လို့ ပြောကြားသွားပါတယ်။
ဗန်ဟက်ကီဟာ ဘရိုက်တန်တွင် လက်တွဲခဲ့ဖူးတဲ့ ရောဘတ်တိုဒီဇာဘီနှင့် စပါးစ်တွင် ပြန်လည် လက်တွဲအလုပ်လုပ်ရပါမယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းတွင် ပါဝင်ကစားနေတဲ့ ဗန်ဟက်ကီဟာ စပါးစ်အသင်းတွင် နယ်သာလန်ကစားဖော်များဖြစ်ကြတဲ့ မစ်ကီဗန်ဒီဗန်၊ ဇာဗီးဆိုင်မွန်တို့နှင့် တွဲကစားရပါမယ်။
ဗန်ဟက်ကီဟာ ဘရိုက်တန်အတွက် ၁၃၁ ပွဲကစားပေးခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဥရောပဝင်ခွင့် ရရှိခဲ့တဲ့ ကလပ်အတွက် ပရီးမီးယားလိဂ်ပွဲ ၃၆ ပွဲ ပွဲထွက်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

image

ဘရူနိုဖာနန်ဒက်စ်အား ဝေဖန်တိုက်ခိုက်မှုအပေါ် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အစ်မက ထောက်ခံလာမှုနှင့်အတူ ပေါ်တူဂီအသင်းအတွင်း အက်ကွဲကြောင်းဖြစ်ပေါ်လာ
====================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အစ်မဟာ ဘရူနိုဖာနန်ဒက်စ်အား ဝေဖန်တိုက်ခိုက်ထားတဲ့ အင်စတာဂရမ်ပို့စ်အား Like ပေးလာမှုနှင့်အတူ ပေါ်တူဂီအသင်းအတွင်း အက်ကွဲကြောင်း ဖြစ်ပေါ်လာပါတယ်။
ပေါ်တူဂီစတားနှစ်ဦးတို့ဟာ ဒီမိုကရက်တစ်ကွန်ဂိုနှင့် တစ်ဂိုးစီသရေကျတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်‌ ပေါ်တူဂီအတွက် ပွဲထွက်ကစားခဲ့ကြပါတယ်။
ရောဘတ်တိုမာတီနက်ဇ်ရဲ့ ပေါ်တူဂီဟာ ပွဲအစ ၆ မိနစ်မှာပင် ဂျာအိုနီဗက်စ်ရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမဲ့ ယိုအာနီဝစ်ဆာရဲ့ ခေါင်းတိုက်ချေပဂိုးကြောင့် တစ်ဂိုးတည်းဖြင့် ကျေနပ်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ ယင်းပွဲ ဒုတိယပိုင်းတွင် ခရစ္ဏတီယာနိုရော်နယ်ဒို အပိုင်အခွင့်အရေး ဖြုန်းတီးပစ်ချိန်တွင် အကြီးအကျယ်စိတ်ပျက်နေခဲ့တာလည်း တွေ့ရပါတယ်။
ပေါ်တူဂီဟာ စိတ်ပျက်ဖွယ်ရာ ရလဒ်ကြောင့် ပရိသတ်များရဲ့ ဝေဖန်ခြင်းခံနေရပါတယ်။
အင်စတာဂရမ်ပို့စ်တစ်ခုတွင် "ဘရူနိုဖာနန်ဒက်စ်က နိုင်ငံအသင်းအင်္ကျီဝတ်ဆင်လိုက်တဲ့အချိန်မှာ ကွဲပြားတဲ့ ကစားသမားတစ်ဦး ဖြစ်သွားတယ်။ ပေါ်တူဂီအသင်း ခေါင်းဆောင်အလိုအပ်ဆုံးအချိန်မှာ သူ ပျောက်ကွယ်သွားတယ်။ အခြားသူတွေကို ပုခုံးလွဲပေးလိုက်တယ်။ ပါရမီအများကြီးရှိပြီး မီဒီယာအာရုံစိုက်မှုလည်း ခံရတယ်။ ဒါပေမဲ့ ကြီးမားတဲ့ အခိုက်အတန့်တွေမှာ အဆုံးအဖြတ်ဖြစ်အောင်လုပ်တာ ဘယ်မှာလဲ။ ဖိအားတွေ အများကြီး ရှိနေချိန်မှာ စတားတစ်ဦး ရှေ့ထွက်လာတာ ပရိသတ်တွေ မျှော်လင့်ကြတယ်။ အခက်အခဲတွေ ကြုံနေရတဲ့အချိန်မှာ ပျောက်ကွယ်သွားတာမျိုး လိုချင်ကြတာ မဟုတ်ဘူး"လို့ ရေးသားထားပါတယ်။
ယင်းပို့စ်ကို ဖော်လိုဝါ ၁.၆ သန်းပိုင်ဆိုင်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အစ်မ ကေတီယာအဗီရိုက Like ပေးထားခဲ့တာပါ။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အခြားအစ်မတစ်ဦးဖြစ်တဲ့ အယ်မာအဗီရိုကလည်း ပေါ်တူဂီအသင်းမှာ နိုင်ပွဲ အခိုးခံခဲ့ရတယ်လို့ ရယ်စရာကောင်းတဲ့ ပို့စ် ရေးသားခဲ့ပါသေးတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကွန်ဂိုနှင့်ပွဲတွင် အသက် ၄၁ နှစ်၊ ၁၃၂ ရက်ဖြင့် ပွဲထွက်ကစားကာ ကမ္ဘာ့ဖလားပွဲထွက်ကစားခွင့်ရ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကမ္ယာ့ဖလား ၆ ကြိမ်မြောက်ကစားခွင့်ရသူအဖြစ် အထူးအမှတ်တံဆိပ်ပါ အင်္ကျီကို ဝတ်ဆင်ကစားခွင့်ရခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကွန်ဂိုနှင့်ပွဲတွင် ဂိုးပေါက်တည့်ကန်ချက် ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံတကာပြိုင်ပွဲကြီး ၁၀ ပွဲဆက် ဂိုးပေါက်ပျောက်ထားပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။
လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို ပြောခဲ့တာပါ။
"ကျွန်တော်တို့ နျူကလီးယားကင်းစင်ရေး သဘောတူညီချက်တစ်ခု လုပ်သင့်ပါတယ်။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့အရာ ဖြစ်လာမှာပါ။ ကျွန်တော်တို့မှာ ဒီလောက်အများကြီး ရှိနေဖို့ မလိုပါဘူး။ ကမ္ဘာကြီးတစ်ခုလုံးကို အကြိမ် ၃၀၀ မက ဖောက်ခွဲဖျက်ဆီးပစ်နိုင်လောက်တဲ့အထိ လက်နက်တွေ ရှိနေစရာ မလိုပါဘူး၊ ဒါဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်။ နျူကလီးယားလျှော့ချရေး သဘောတူညီချက်တစ်ခု လုပ်နိုင်မယ်ဆိုရင် ကျွန်တော် တကယ်ပဲ အလိုရှိပါတယ်"
သူက ဆက်ပြီးတော့လည်း အခုလို မှတ်ချက်ပေးခဲ့ပါတယ်။
"ပြီးတော့ အဲဒီနှစ်နိုင်ငံထဲက တစ်နိုင်ငံကတော့ ဒါကိုလုပ်ဖို့ တော်တော်လေး ဆန္ဒရှိပါတယ်။ ကျန်တဲ့တစ်နိုင်ငံကတော့ သိပ်ပြီး အားမသန်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စ အောင်မြင်ဖို့ဆိုရင်တော့ အားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်"

image

သံတမန်ရေးရာ ကိစ္စရပ်တွေအတွက် မြေကွက်တွေ ထပ်ဝယ်ဖို့ မြန်မာနိုင်ငံရဲ့ တောင်းဆိုချက်ကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှာ သံတမန်ရေးနဲ့ ကောင်စစ်ဝန်ရုံး ကိစ္စရပ်တွေအတွက် မြေနဲ့ အဆောက်အအုံတွေ ထပ်ပြီး ဝယ်ယူခွင့်ပြုမယ့် သဝဏ်လွှာ အပြန်အလှန်လဲလှယ်ရေး မူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီတာ ဖတ်သီရိဝပ်တနာက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ဒီအဆိုပြုချက်ဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ နယ်မြေတွေထဲမှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး လုပ်ငန်းတွေအတွက် မြေနဲ့ အဆောက်အအုံတွေကို အပြန်အလှန် ပိုင်ဆိုင်ခွင့်ပြုမယ့် ကိစ္စရပ် ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံဟာ ရန်ကုန်မြို့မှာ ထိုင်းသံရုံးနဲ့ သံအမတ်ကြီးနေအိမ်အဖြစ် အသုံးပြုဖို့အတွက် ၁၄,၆၀၅ စတုရန်းမီတာခန့်ရှိတဲ့ မြေနဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားတယ်လို့ လာလီတာက ပြောပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ ဘန်ကောက်မြို့မှာ မြန်မာသံရုံးနဲ့ ဆက်စပ်သံတမန်ရေးရာ အဆောက်အအုံတွေအတွက် ၁၆,၆၀၀ စတုရန်းမီတာခန့်ရှိတဲ့ မြေနဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားပါတယ်။ နှစ်နိုင်ငံစလုံးဟာ ဒီပိုင်ဆိုင်မှုတွေကို ၁၉၄၈ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှာ နောက်ထပ် ၃,၃၀၆ ဒသမ ၈ စတုရန်းမီတာ ရှိတဲ့ မြေနဲ့ အဆောက်အအုံတွေကို ဝယ်ယူခွင့်ပေးဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ ဝယ်ယူမယ့်အထဲမှာ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တိုးချဲ့ဖို့နဲ့ ကောင်စစ်ဝန်ချုပ်နဲ့ ဝန်ထမ်းတွေ နေထိုင်ဖို့ နေရာတွေအပြင်၊ ဘန်ကောက်မြို့မှာ အလုပ်သမားသံအရာရှိတွေရဲ့ ရုံးခန်းနဲ့ နေအိမ်အဖြစ် အသုံးပြုမယ့် နေရာတွေ ပါဝင်ပါတယ်။
အခုလို ထိုင်းအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ဟာ ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး ကုန်းတွင်းနယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုပြီးတော့ ခိုင်မာစေတယ်လို့ လာလီတာက ပြောပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်ဟာ သံတမန်ရေးနဲ့ ကောင်စစ်ဝန်ရုံး လုပ်ငန်းတွေကို ပိုပြီးအဆင်ပြေချောမွေ့စေမှာ ဖြစ်သလို အလုပ်သမားရေးရာ၊ လူသားလုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို စီမံခန့်ခွဲတဲ့နေရာတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာစေလိမ့်မယ်လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

image

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း တိုက်ရိုက်လေကြောင်းချိတ်ဆက်မှု တိုးမြှင့်နိုင်ပါက ခရီးသွားဝင်ရောက်မှု မြင့်တက်မည်ဟု သုံးသပ်

မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း Mekong Tourism Forum 2026 တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖိုရမ်ကို ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ကျင်းပလျက်ရှိပြီး မဲခေါင်ဒေသ (၆) နိုင်ငံဖြစ်သည့် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဝင်ရောက်မှုမြင့်မားသည့် နိုင်ငံများနှင့် တိုက်ရိုက်လေကြောင်းချိတ်ဆက်မှုများ အရေးကြီးကြောင်း ပြောကြားခဲ့သည်။
“လက်ရှိမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အန်ကောဝပ်ဒေသကို နှစ်စဉ် နိုင်ငံတကာခရီးသွား သန်းနှင့်ချီ လာရောက်ကြတဲ့အတွက် မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မယ်ဆိုရင် ပုဂံအပါအဝင် အခြားခရီးသွားဒေသတွေကို ခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ပထဝီဝင်အနေအထားအရ ဆက်စပ်တည်ရှိသည့်အပြင် ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များလည်း ဆက်နွှယ်မှုရှိသဖြင့် နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားသည့် ဒေသတစ်ခုအဖြစ် ရပ်တည်နေကြောင်း သိရသည်။
ထို့ကြောင့် သုံးနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ရေးကို ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် ခရီးသွားအေဂျင်စီများက မျှော်လင့်ထားကြပြီး ယင်းအစီအစဉ် အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဟု သုံးသပ်ထားကြကြောင်း သိရသည်။

image

ပုဂံဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဒေသလုံခြုံရေးတိုးမြှင့်ရေး ဆောင်ရွက်နေ

ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားမြှင့်တင်ရေး (Promotion) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသလုံခြုံရေး အားကောင်းစေရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် Mekong Tourism Forum 2026 တွင် ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် “ပုဂံဒေသကို ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသလုံခြုံရေးကိုလည်း မိမိတို့၏ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပုဂံဒေသသည် ခရီးသွားများအတွက် လုံခြုံစိတ်ချရသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောကြားခဲ့သည်။
ပုဂံယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအနေဖြင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ရွှေဆံတော်ဘုရား၊ မနူဟာဘုရားနှင့် ဗူးဘုရား အပါအဝင် အထင်ကရ ရှေးဟောင်းဘုရား၊ စေတီများသို့ အများဆုံး သွားရောက်ဖူးမြော်လေ့ရှိကြကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီနှင့် ဂူပေါင်း ၃,၈၀၀ ကျော် တည်ရှိနေပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးတည်ရှိရာ ကမ္ဘာကျော် ခရီးသွားဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
လတ်တလောတွင် ရုံးပိတ်ရက်ရှည်ကာလများ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

image

UNESCO ၏ YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲသို့ ကမ္ဘာတစ်ဝန်းရှိ လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြီးမှူးကျင်းပသည့် YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy - MIL) ကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသည်။
ယခုနှစ်ပြိုင်ပွဲကို “Play Your Part: Youth Design the Future of Media and Information Literacy” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဒီဂျစ်တယ်ခေတ် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် အကြံဉာဏ်သစ်များကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပြိုင်ပွဲဝင်များအနေဖြင့် တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၂ ဦးမှ ၆ ဦးအထိ စုဖွဲ့၍ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မိမိတို့ ဖြေရှင်းလိုသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ ပြဿနာ၊ ရည်ရွယ်ချက်နှင့် ဖြေရှင်းနည်းများ ပါဝင်သည့် Proposal တစ်စောင်နှင့် ၃ မိနစ်ထက်မပိုသည့် Pitch Video တစ်ခုကို တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် သတင်းတုနှင့် သတင်းမှားများ တိုက်ဖျက်ရေး၊ AI နည်းပညာအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ၊ အွန်လိုင်းအမုန်းစကားများ လျှော့ချရေးနှင့် ဒီဂျစ်တယ်ပညာရေး မြှင့်တင်ရေးစသည့် ခေတ်သစ် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အကြောင်းအရာများကို အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အနိုင်ရရှိသည့် အဖွဲ့များအနေဖြင့် ဂရိနိုင်ငံသို့ သွားရောက်ခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံတကာ လူငယ်တီထွင်ဖန်တီးသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

image