မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးစဥ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆ဝ)ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲမည်

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းပြီးဖြစ်ရာ ကျန်ရှိနေသော ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲခင်းကျင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင် လမ်းနှင့် တံတားဌာနဌာနမှူးဦးလင်းခိုင်၏ ပြောကြားချက်အရ သိရသည်။
၎င်းက သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေးတက်ရောက်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ် စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ရှုပ်ထွေးဆက်သွယ်ရေးကြိုးများဆက်လက်ရှင်းလင်းမည့် လေးထောင့်ကန်လမ်း၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းများတွင် ဓာတ်အားလိုင်းများအန္တရာယ်ကင်းရှင်းရေးနှင့် ကေဘယ်လိုင်းများစနစ်တကျစည်းနှောင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အင်တာနက်ဝန် ဆောင်မှုပေးသည့် ကုမ္ပဏီများကိုညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

image

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သု တေသနဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်ကို နှစ်ဘက်အဖွဲ့အစည်းများကြား ဗုဒ္ဓဘာသာစာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အ လှန်နားလည်မှုတိုးတက်စေရန်တို့ ရည်ရွယ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သဘောတူညီချက်အရ ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သ မိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ သင်ကြားရေးဆ ရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများအပြန်အလှန် လဲ လှယ်၍ သင်တန်းပို့ချခြင်းနှင့် သုတေသနပြုခြင်း၊ ရှေး ဟောင်းဗုဒ္ဓဘာသာစာပေများ၊ သမိုင်းဝင်နေရာများနှင့် ခေတ်ပြိုင်သင်ကြားမှုများဆိုင်ရာ ပူးတွဲသုတေသနပြုခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စာချုပ်ကို သီတဂူဆရာတော်ကြီးနှင့် ရုရှားနိုင်ငံ ဖောင်ဒေးရှင်းနှင့် ရုရှား State University အာရှရေးရာ ဥက္ကဋ္ဌ Mr. Alexey Maslov တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်သက်တမ်းမှာ (၅)နှစ် ဖြစ်ကြောင်း သိရသည်။

image

စစ်ပွဲရပ်ပြီး ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA ထွက်ပေးဖို့ ရှမ်းနီပါတီ တောင်းဆို

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝ ရပ်တန့်ပေးဖို့နဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA တို့ ခြွင်းချက်မရှိ ထွက်ပေးဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ‌မနေ့ ဩဂုတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ရှောင်အများစု နေထိုင်ကြတဲ့ ရွှေကူမြို့ကို စားနပ်ရိက္ခာတွေ ပို့မရအောင် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့၊ မည်သည့် အမုန်းတရားမျှ ဖန်တီးလုပ်ဆောင်ခြင်း မပြုဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှုကာ ပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ KIO/KIA ကို တောင်းဆိုထားတဲ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးကို စနစ်တကျ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
“ကျွန်တော်တို့ သူတို့ (KIO/KIA) ကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ပြောတဲ့ သဘောထားပါ။ အချက် သုံးချက်ကတော့ KIA အတွက်ပေါ့။ နောက်ဆုံးတချက်ကတော့ အစိုးရကနေ ပြည်သူ့လုံခြုံရေး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာပါ။ ရွှေကူကိစ္စဆိုရင်လည်း ရွှေကူမှာနေထိုင်ကြတဲ့ ပြည်သူလူထုက စစ်တိုက်တဲ့သူတွေ မဟုတ်ဘူးလေ။ ရွှေကူမြို့မှာ လုံခြုံရေးလုပ်နေတဲ့ တပ်မတော်တွေက သူတို့ရိက္ခာ ပြည့်ပြည့်စုံစုံ ရှိပြီးသား။ KIA က ရွှေကူမြို့ကို စားနပ်ရိက္ခာအဝင် ပိတ်တယ်ဆိုတဲ့ကဏ္ဍက ပြောရမယ်ဆို ပြည်သူကို မနေနိုင်အောင် ပိတ်ဆို့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်” လို့ ရှမ်းနီပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။
ဒါအပြင် KIO/KIA တို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဟာ တနှစ်ကျော်၊ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး တိုက်ပွဲအတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ PDF တွေကို ဆင့်ခေါ်ခဲ့တဲ့အပြင် ဒေသခံ တိုင်းရင်းသားလူမျိုးတွေကိုပါ အတင်းအကြပ် ဖမ်းဆီးကာ အင်အားစုဆောင်းပြီး ဗန်းမော်စစ်မြေပြင်ကို စေလွှတ်တာတွေ ရှိနေတာကြောင့် တိုင်းရင်းသားလူငယ် အများအပြား စစ်မြေပြင်မှာ သေကြေနေကြရကာ တချို့ကတော့ မသန်စွမ်းဘဝကို ရောက်ကြရတယ်လို့ ဆိုပါတယ်။
“ဗန်းမော်မြို့ကို တိုက်နေတာ နှစ်နှစ်နီးပါး ရှိသွားပြီ။ နိုင်အောင် တိုက်နိုင်တာလည်း မဟုတ်ဘူး။ ဒီနေ့အထိ မြို့ကို မသိမ်းနိုင်သေးဘူး။ အဲဒီတော့ ဒီစစ်ပွဲက ပြည်သူတွေရဲ့အသက်ကို ထိုးကျွေးသလို ဖြစ်ပါတယ်။ နောက်တချက်က လူငယ်လူရွယ်တွေရဲ့ ဘဝတွေကို အဲဒီမှာ အဆုံးသတ်ခိုင်းသလို ဖြစ်ပါတယ်။ နောက်တချက်က တိုင်းရင်းသားတွေကို သူတို့က ဗန်းမော်စစ်ပွဲမှာ သေတွင်းထဲပို့သလို ဖြစ်နေပါတယ်။ ဒါက ဂျီနိုဆိုက်တမျိုးပါပဲ။ ဒါကြောင့် အဲဒီ စစ်ပွဲကိုလည်း ရပ်တန့်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
စစ်ပွဲ ရပ်တန့်ပေးမှသာ ရွှေကူ၊ မန္တလေး၊ ရန်ကုန်မြို့တွေနဲ့ တခြားနယ်မြို့ ကျေးရွာတွေမှာ ပြန့်ကျဲပြီး စစ်ဘေးရှောင်နေကြရတဲ့ မိုးမောက်၊ မံစီ၊ ဗန်းမော်မြို့က ဒေသခံတွေလည်း ကိုယ့်မြို့၊ ကိုယ့်ရွာကို ပြန်ခွင့်ရမှာဖြစ်တာကြောင့် ပြည်သူ့အကျိုးကို အမှန်တကယ် လိုလားပါက စစ်ပွဲရပ်ပြီး အားလုံး ပြန်ဆုတ်ခွာပေးစေချင်တယ်လို့ သူက ပြောပါတယ်။

image

စဥ့်ကိုင်မှာ ရေဘေးရှောင်လာတဲ့ စက်လှေတိမ်းမှောက်လို့ တယောက်သေ ၊တယောက်စိုးရိမ်ရ

မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်ထဲက ရေကြီးနစ်မြုပ်နေတဲ့ကျေးရွာဘက်မှာ ရွာသားတွေမောင်းလာတဲ့ စက်လှေတိမ်းမှောက်ပြီး တယောက်သေဆုံးက တယောက်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ် ။
ရေနစ်မြုပ်နေတဲ့ မြောက်ကိုင်းကျေးရွာက ရွာသား ခြောက်ယောက်ဟာ ရေဘေးရှောင်ဖို့အတွက် စက်လှေမောင်းလာစဥ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
" ရွာဘက်ကနေ သံလမ်းဘက်ကို ကူးလာတဲ့ စက်လှေပါ ။သေဆုံးတဲ့တယောက်က လှေပေါ်ပါလာကတည်းက အသက်မရှိတော့တာ ။ ရေရစ်တဲ့သူတွေက လှေမှာဖက်တွယ်နေတာ ။ကျွန်တော်တို့ရောက်မှ ကယ်ဆယ်ရေးလုပ်ရတာ ။ စိုးရိမ်ရတဲ့ တယောက်က ရေမွန်းတဲ့လက္ခဏာပဲတွေ့ရတယ်။ အခုက ဒီဘက်မှာဆေးပေးခန်းတောင်ရေမြုပ်သွားပြီ။ခု ကျွန်တော်တို့က မြောက်ပိုင်းရွာဘက်ရောက်နေတယ်။ မြောက်ကိုင်းနဲ့ စိတ္တရ ရွာဘက်တွေကတော့ အိမ်တွေ မြုပ်ကုန်ပြီ။ " လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မဏိစလ လူမှုကူညီရေး အသင်းတာဝန်ရှိသူကပြောပါတယ်။
စက်လှေတိမ်းမှောက်မှုမှာ အမျိုးသား သုံးယောက် ၊ ကလေးတယောက် ၊ အမျိုးသမီးတယောက်ကို အသက်ရှင်လျက်ကယ်နိုင်ခဲ့ပြီး အဲဒီထဲက အမျိုးသမီးတယောက်က စိုးရိမ်ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ်လို့ သိရပါတယ် ။
လက်ရှိ စဥ့်ကိုင်မြို့နယ်မှာ ဒုဋ္ဌဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြောက်ကိုင်းရွာ ၊ စိတ္တရ ရွာ ၊ ဆယ့်နှစ်ကိုင်းရွာ ၊ ကျွန်းဦးရွာ ၊ ဧည့်ပြကျေးရွာ၊ မက္ခရာကျေးရွာ၊ အင်းလျား(အရှေ့)ကျေးရွာ၊ အင်းလျား(အနောက်) ကျေးရွာ၊ တံတားဦးလေးကျေးရွာ၊ သာယာကျွန်းကျေးရွာ၊ ဘူတာ‌ကျေးရွာ ၊ ဗျင်္ညားလောရွာ ဘက်တွေမှာ ရေကြီးနေတယ်လို့ သိရပါတယ်။
ဩဂုတ် ၉ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် ရေဝင်ရောက်ပြီး လူနေထိုင်လို့မရတော့တဲ့ ကျေးရွာက ရေဘေးသင့်သူတွေကို ရွှေ့ပြောင်းခဲ့ရကြောင်း ၊ ဒီနေ့မှာလည်း ရေဘေးသင့်သူတွေကို ပြောင်းရွှေ့ပေးနေရဆဲ ဖြစ်ပါတယ်။
​ရေကြီးတဲ့ ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တ​လေးတိုင်း​တွေမှာ ​ရေနစ်လို့​သေသူ ၂၀ နီးပါးရှိပြီဖြစ်ပါတယ်။

image

ရေကြီးတာ ခုတုံးလုပ် ပြည်တွင်းဆန်စျေးကွက်စျေးတက်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုဂယက်ကြောင့်ဆိုပြီး ပြည်တွင်းဆန်စျေးကွက်ထဲမှာ ဆန်အမျိုးအစားအားလုံး စျေးနူန်းဆက်တိုက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
လက်ရှိဩဂုတ်လမှာ ဆန်အမျိုးအစားအလိုက် တအိတ်ကို ၅၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်လောက်အထိ စျေးနူန်းမြင့်တက်လာနေပါတယ် ။
ဆန်စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့ ဧရာဝတီတိုင်းအပါအဝင် စစ်ကိုင်းတိုင်းတွေမှာ ရေကြီးမှုဖြစ်နေတာကြောင့် စပါးဝယ်ယူရခက်နေပြီး ဆန်အဝင်နည်းလာတဲ့အတွက် ဆန်စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်က
" အဓိကတော့ စပါးခင်းတွေရေနစ်နေတာ နဲ့ စပါးရှားလာတာကြောင့်ပါ ။ ရန်ကုန်ကို ဆန်အဝင်လည်းနည်းလာပြီ။ အခုကိုယ်က ပြန်ဝယ်ရရင် ဆန်က တက်စျေးဖြစ်နေပြီ။ ဒါကြောင့် ကျွန်တော်ပြောတာ ခုချိန် လက်ထဲရှိတဲ့ဆန်မရောင်းရင် မရှုံးဘူး ။ ရောင်းလိုက်ရင် ရှုံးပြီ။ ဘာလို့ဆို ခုဖြစ်နေတဲ့စျေးတွေ ကိုယ်ရောင်းတဲ့စျေးထက်ပိုနေတာလေ။ အဲဒီတော့ လက်ကျန်ဆန်ရှိသလောက်ကို စျေးထိန်းရောင်းပေးတယ်။ကုန်ရင်တော့ တက်စျေးပဲရောင်းနိုင်တော့မှာ ။ " လို့ ပြောပါတယ်။
ရန်ကုန်စျေးကွက်မှာ အခုဩဂုတ်လ ၁၀ ရက်နေ့ ဆန်အမျိုးအစားအလိုက်ပေါက်စျေးက White hand ရွှေဘိုပေါ်ဆန်းတအိတ်ကို ၂၂၅၀၀၀ ကျပ်၊ သီတာမဂျမ်းတောအထူးထုတ်က ၂၁၀၀၀၀ ကျပ်၊ ဝန်ကြီးဧရာမင်းရှယ်က ၂၀၇၀၀၀ ကျပ်၊ ကုန်းဇောင်ဧရာပဒေသာက ၂၀၅၀၀၀ ကျပ်၊ ဝက်လက်ရွှေဘိုက ၁၉၅၀၀၀ ကျပ် ၊ M + ရွှေဘိုက ၁၈၇၀၀၀ ကျပ်၊
ဧရာဝတီရွှေဘိုထူးထူးရှယ်က ၁၇၈၀၀၀ ကျပ် စျေးပေါက်နေပါတယ်။
ပုသိမ်ပေါ်ဆန်းထူးထူးရှယ် နဲ့ မြောင်းမြပေါ်ဆန်းထူးထူးရှယ်က ၁၇၇၀၀၀ ကျပ်၊ ကျားပျံထူးထူးရှယ်နဲ့ ဖျာပုံပေါ်ဆန်းထူးထူးရှယ်က ၁၇၆၀၀၀ ကျပ် ၊ မြောင်းမြဧရာပဒေသာက ၁၅၅၀၀၀ ကျပ် ၊
ရွှေဝါထွန်းက ၁၅၀၀၀၀ ကျပ် ၊ ဧရာဝတီမဂျမ်းရှယ်က ၁၂၈၀၀၀ ၊ အညာသားရှယ် ၁၂၃၀၀၀ ကျပ် ၊ ပခမ်းရှယ်က ၁၂၀၀၀၀ ၊ ဆင်းသွယ်ရှယ်က ၁၁၉၀၀၀ ကျပ် ၊ ရက် ၉၀ ရှယ်က ၁၁၇၀၀၀ ကျပ်၊ မနော်သုခရှယ်.၁၁၀၀၀၀ ကျပ် နဲ့ ဇီယာရှယ်က ၉၈၀၀၀ ကျပ် စျေးပေါက်နေပါတယ်။
အခု ရန်ကုန်ဆန်စျေးကွက်မှာ စျေးနူန်းမြင့်တက်လာတဲ့ ဆန်အမျ်ုးအစားတွေဟာ ဧရာဝတီတိုင်း နဲ့ စစ်ကိုင်းတိုင်းက ထွက်ရှိတဲ့ ဆန်အမျိုးအစားတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်ကဆိုရင် White hand ရွှေဘိုပေါ်ဆန်းတအိတ်ကို ၂၂၀၀၀၀ ကျပ်၊ သီတာမဂျမ်းတောအထူးထုတ်က ၁၈၅၀၀၀ ကျပ်၊ ဝန်ကြီးဧရာမင်းရှယ်က ၁၈၂၀၀၀ ကျပ်၊ ကုန်းဇောင်ဧရာပဒေသာက ၂၀၅၀၀၀ ကျပ်၊ ဝက်လက်ရွှေဘိုက ၁၈၇၀၀၀ ကျပ် ၊ M + ရွှေဘိုက ၁၇၈၀၀၀ ကျပ်၊
ဧရာဝတီရွှေဘိုထူးထူးရှယ်က ၁၇၃၀၀၀ ကျပ်သာ စျေးရှိခဲ့ပါတယ်။

image

စစ်ကိုင်းတိုင်းရဲ့ လုံခြုံရေးအခြေအနေကြောင့် ရေဘေးကူမယ့်သူတွေ သွားဖို့ခက်နေ

လက်ရှိ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆည်ရေတွေ ဖောက်ချမှုကြောင့် မူးမြစ်ရေမြင့်တက်လာကာ မြို့နယ် ၁၀ မြို့နယ်ထက်မနည်း ပြင်းထန်တဲ့ ရေဘေးကြုံနေရပြီး လူဦးရေ နှစ်သိန်းကျော် ဒုက္ခရောက်နေပေမယ့်လည်း တိုက်ပွဲတွေနဲ့ လုံခြုံရေး တင်းကျပ်မှုတွေကြောင့် အပြင်က ကူညီကယ်ဆယ်မယ့်သူတွေနဲ့ အလှူရှင်တွေ သွားရောက်ဖို့ အလွန် ခက်ခဲနေတယ်လို့ သိရပါတယ်။
ရေဘေးသင့်နေတဲ့ မူးမြစ်တစ်လျှောက်က ကျေးရွာတွေဟာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်သလို အစိုးရတပ်က လေကြောင်း တိုက်ခိုက်တာ၊ နယ်မြေ ရှင်းလင်းတာတွေကိုပါ လုပ်ဆောင်နေတာကြောင့် အခုလို ရေကြီးလာချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုနိုင်လုပ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
“လမ်းပန်းဆက်သွယ်ရေးကလည်း အင်မတန်ခက်တယ်။ နောက်တချက်က လုံခြုံရေးပိုင်း ဆိုတာကလည်း လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မဟုတ်ဘူး။ သွားချင်ပေမယ့် သူက ဧရာဝတီတိုင်းနဲ့ နယ်မြေအခြေအနေချင်း မတူဘူးလေ။ ပြီးတော့ အဲဒီ လမ်းပိုင်းမှာကလည်း ဂိတ်တွေက စစ်ဆေးတာ၊ ဖြတ်သန်းခွင့်မပေးတာတွေ ရှိနေတယ်။ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေကို သယ်ချင်တိုင်း သယ်သွားလို့မရဘူး။ ပစ္စည်းအသိမ်းခံရတာတွေလည်း ရှိတယ်။ ဖမ်းဆီးခံရနိုင်တာတွေလည်း ရှိတော့ ဧရာဝတီတိုင်း ရေဘေးလို အင်တိုက်အားတိုက် ကူညီနိုင်ဖို့ ခက်ကြနေတာ” လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဟာ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ၊ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ အားကောင်းရာဖြစ်တာကြောင့် စစ်ဘေးဒဏ်ကို နှစ်ရှည်လများ ကြုံတွေ့နေရတဲ့ ဒေသခံတွေဟာ အခုတခါ သဘာဝဘေးဖြစ်တဲ့ ရေကြီးရေလျှံမှုကိုပါ ထပ်မံ ရင်ဆိုင်နေကြရပေမယ့် ကူညီကယ်ဆယ်ရေးအင်အား မလုံလောက်တာကြောင့် ဒုက္ခ ကြီးစွာ ရောက်နေကြရတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပရဟိတအသင်း တာဝန်ရှိသူ တယောက်က “စစ်ကိုင်းတိုင်းဘက် ဆိုတာက နယ်မြေထဲ ရောက်သွားပြီးရင်လည်း တနေရာနဲ့တနေရာကို ကူးနိုင်ဖို့ ကန့်သတ်ထားတာတွေ ရှိတယ်။ ဒေသတွင်းမှာတောင် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့မလွယ်ဘူး။ လုံခြုံရေး အကြောင်းပြပြီး လှည့်ပြန်ခိုင်းတာတွေ ရှိတယ်။ တိုက်ပွဲကလည်း အချိန်မရွေး ဖြစ်လာနိုင်တော့ တိုက်ပွဲကြားထဲ ရောက်သွားမလား ဆိုတာကလည်း တဖက်မှာ စိုးရိမ်စရာ ဖြစ်နေတာပေါ့။ ပြီးတော့ လေကြောင်းရန်ကလည်း ရှိသေးတယ်။ တချို့ ကူဖို့လာကြတဲ့ အဖွဲ့တွေတော့ ရှိပါတယ်။ ဒါပေမယ့် စစ်ဆေးရေး ဂိတ်တွေကနေပဲ လှည့်ပြန်သွားကြရတာ များတယ်” လို့ ပြောပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း အစိုးရတပ်တွေ‌ဟာ မြင်းမူနဲ့ မုံရွာမြို့နယ်တွေမှာ အင်အားဖြည့်တင်းနေကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ရေမကြီးခင် တပတ်လောက် အလိုကတည်းက မြင်းမူမြို့နယ်ရှိ ထီးဆောင်းရွာ၊ တောချောင်းဦးရွာရှိ ရဲကင်းနဲ့ မုံရွာမြို့နယ်က ကျောက္ကာရွာတို့မှာ အင်အား အများအပြား ဖြည့်ခဲ့တာကြောင့် စစ်ရေးမငြိမ်မသက် ဖြစ်နေပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

image

ကလောနဲ့ ရပ်စောက်မှာ ရေကြီးလို့ နေအိမ်ရာနဲ့ချီ ရေနစ်မြုပ်၊ နောင်ချိုမှာ ရေစီးနဲ့ အမျိုးသမီးတ​ယောက် မျောပါပျောက်ဆုံး

ရှမ်းပြည်တောင်ပိုင်းက ခရီးသွားတွေအလာများတဲ့ ကလောမြို့မှာ မိုးကြီးပြီး ကလောချောင်းရေတက်တာကြောင့် အနိမ့်ပိုင်းရပ်ကွက်က နေအိမ်တွေ ရေနစ် မြုပ်ခဲ့သလို ရပ်စောက်မှာလည်း ဇော်ဂျီချောင်းရေကြီးလို့ ချောင်းဘေး အနိမ့် ပိုင်း နေအိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ကလောမြို့မှာတော့ အခုလ ၁၀ ရက်နေ့က ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၂ က အနိမ့်ပိုင်း နေအိမ်ရာနဲ့ချီ ရေနစ်မြုပ်ခဲ့တာလို့ ကလောမြို့ခံတွေဆီကသိရပါတယ်။
“အဓိကဖြစ်တာ ရပ်ကွက် ၄ ဘက် ဖြစ်တာ။ အရင်နှစ်တွေက ဖြစ်ခဲ့တဲ့ ရပ်ကွက် ၃ ဘက်တော့ ချောင်းတွေ ချဲ့ထားတော့ ဒီနှစ် ဘာမှမဖြစ်ဘူး။ အခုဖြစ်တဲ့နေရာတွေက ချောင်းမချဲ့နိုင်သေးတဲ့ နေရာတွေ ဖြစ်တာ” လို့ ကလောမြို့ခံတယောက်က ပြောပါတယ်။
ဒီနေ့မှာတော့ မိုးတိတ်ပြီး ရေတွေလည်း အနည်းငယ်ပြန်ကျနေပြီဖြစ် တာ ကြောင့် ရေကြီးခဲ့တဲ့နေရာတွေမှာ သန့်ရှင်းရေး ဝိုင်းဝန်းလုပ်ဆောင်နေကြ တယ်လို့ ကလောမြို့ ဒေသခံတွေထံကနေ သိရပါတယ်။
အလားတူ ရပ်စောက်မြို့နယ်အတွင်းမှာလည်း မနေ့ညနေပိုင်း(ဩဂုတ်၁၀) ကစပြီး ဇော်ဂျီချောင်းရေတက်တာကြောင့် ဇော်ဂျီချောင်းဘေးက နေအိမ် ၁၅၀ ကျော် ရေနစ်မြုပ်တယ်လို့ ရပ်စောက်ဒေသခံတွေထံကနေ သိရပါတယ်။
“ဇော်ဂျီရပ်ကွက်ထဲရေဝင်တာ။ နယ်မြေ ၃ ဘက်က အဆိုးဆုံးပဲဗျ။ အိမ်ခြေ ၁၅၀ လောက် မြုပ်သွားတာ။ အဲဒီလူတွေအကုန်လုံး မြို့ထဲ ရွှေ့ထားတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်တာမှာ ပါဝင်တဲ့ ရပ်စောက်မြို့ခံတယောက်က ပြောပါတယ်။
ရေဘေးသင့်တဲ့သူတွေထဲက လူဦးရေ ၁၅၀ ကျော်ကို ရပ်စောက်မြို့ မိုးလုံလေ လုံ အားကစားကွင်းနဲ့ နီးစပ်ရာ ဓမ္မာရုံနေရာတွေမှာ ပြောင်းရွှေ့နေရာ ချထား ပေးတယ်လို့ သိရပါတယ်။
ရေဘေးသင့်တဲ့ သူတွေကို မြို့ခံတွေနဲ့ဌာနဆိုင်ရာတွေက အကူအညီတွေပေး နေ ကြတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရပ်စောက်မြို့နယ်နဲ့ ကလောမြို့နယ်တွေမှာ မိုးကြီးပြီး တောင်ကျ ရေနဲ့ ချောင်းရေတွေတက်တာကြောင့် ဒေသခံတွေ ရေဘေးအန္တ ရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင် မြို့ ကြားက ခြေမြစ် ပြင်ရွာအနီးမှာလည်း ဒီနေ့ မနက်ပိုင်းက မိုးများပြီး ရေကြီးတာကြောင့် ခရီး သွား အမျိုးသမီးတစ်ဦးရေစီးနဲ့မျောပါသွားပြီး ပျောက်ဆုံးနေတယ်လို့ ဒေသ ခံတွေ ထံကနေသိရပါတယ်။
ပျောက်ဆုံးသွားတဲ့ အမျိုးသမီးဟာ သီပေါမြို့ကဖြစ်ပြီး လက်ရှိမှာ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်လို့ ဒေသခံတွေထံက နေသိရပါတယ်။
မြန်မာနိုင်ငံအတွင်းက ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည် နယ်တွေမှာ ဩဂုတ်လ ဆန်းပိုင်းကစပြီး မိုးကြီးတာကြောင့် ရေကြီး ရေလျှံတာတွေ ဖြစ်နေတာကြောင့် လူဦးရေး သောင်းနဲ့ချီရေဘေးအန္တရာယ် နဲ့ ကြုံတွေ နေရပါတယ်။

image

တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဆက်လက် ကြိုးပမ်းမယ်လို့ မိုင်းလားအဖွဲ့ ပြော

ရှမ်းပြည် အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ မိုင်းလားတပ်ဖွဲ့က သူတို့ ထိန်းချုပ်တဲ့ အထူးဒေသ (၄) ဧရိယာကို တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလို သတ်မှတ်ပေးနိုင်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၀ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံချိန် ထည့်သွင်း ဆွေးနွေးခဲ့ပြီး အစိုးရဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်ကနေ ဆက်လက် ညှိနှိုင်းဖို့ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
“အခြား အဖွဲ့တွေလိုပါပဲ။ အားလုံးက လိုချင်တာ ပွင့်ပွင့်လင်းလင်း ပြောကြတာပါပဲ။ မိုင်းလားကတော့ သူလိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးဖို့ပါပဲ” လို့ ဆွေးနွေးပွဲ အကြောင်း သိရှိတဲ့ တိုင်းရင်းသား အဖွဲ့ တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
နေပြည်တော် ဆွေးနွေးပွဲကို အစိုးရဘက်က NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ် ကြီး ရာပြည့်နဲ့ ကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး မိုင်းလာတပ်ဖွဲ့ ဘက် ကတော့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေ တက်ရောက်ခဲ့ ပါတယ်။
နှစ်ဖက် တွေ့ဆုံရာမှာ ကျိုင်းတုံ-မိုင်းလာ လမ်းမကြီး ပြန်လည် ပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယဲန်း တံတား ပုံမှန် ဖြတ်သန်း သွားလာရေး ကိစ္စတွေအပြင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍ အဆင့်မြှင့်တင်ရေး၊ ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ရေး၊ အများပြည်သူ ကျန်းမာရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီ ထောက်ပံ့ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး သဘောတူညီချက် တစ်ချို့ ရခဲ့တယ်လို့ မိုင်းလာ ဘက်က သတင်း ထုတ်ပြန်ပါတယ်။
အစိုးရဘက်က လက်ရှိ ဆွေးနွေးပွဲ ရလဒ်တွေကို တာဝန်ရှိသူတွေကို တင်ပြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီး လိုအပ်ချက်တွေကို ဆောင်ရွက် ပေး ဖို့ သဘောတူညီချက်တွေ ရခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည် အရှေ့ပိုင်း အခြေစိုက်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA) ဟာ ၁၉၈၉ ခုနှစ် အောက်တိုဘာလမှာ မြန်မာ စစ်အစိုးရ (နဝတ) နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရယူခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး ဒီနေ့အထိ အစိုးရနဲ့ တိုက်ပွဲ ဖြစ်ပွားတာ မရှိပါဘူး။
အစိုးရက မိုင်းလားဒေသကို "ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)" လို့ သတ်မှတ်ပေးထားတာ ဖြစ်ပြီး မိုင်းလာ အဖွဲ့ကတော့ သူတို့ရဲ့ အထူးဒေသ (၄) ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးဖို့ မကြာခဏ ဆို သလို တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်သမ္မတရာထူး ရယူးပြီးနောက်မှာ တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားတာပါ။
အစိုးရအနေနဲ့ အခုလထဲမှာ UWSP/UWSA “ဝ” တပ်ဖွဲ့၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP) တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး မနေ့ကတော့ မိုင်းလားတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေနွေးခဲ့တာဖြစ်ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image