အမြန်လမ်း ၁၁၅ မိုင် DENKO ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ် ကောက်ရထား၊ ပိုင်ရှင်လာရောက်ဆက်သွယ်နိုင်

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်ရှိ DENKO ဖြူး ဆီဆိုင်တွင် ရွှေထည်ပစ္စည်းများပါဝင်သည့် ရွှေထုပ်တစ်ထုပ် ကောက်ရထားကြောင်း ဆီဆိုင်ဘက်က ယနေ့ ဩဂုတ် ၁၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကောက်ရထားသည့် ရွှေထုပ်နှင့်ပတ်သက်၍ ပိုင်ရှင်ဖြစ်သူအနေဖြင့် သက်ဆိုင်ရာ DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆိုင်ခွဲသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
သို့သော် ကောက်ရထားသည့် ရွှေထုပ်အတွင်း ပါဝင်သည့် ရွှေထည်အမျိုးအစား၊ အရေအတွက်နှင့် တန်ဖိုးတို့ကို ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်း မရှိသေးကြောင်း သိရသည်။

image

အီရန် New Development Bank သို့ မကြာမီ ဝင်ရောက်မည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

အီရန်နိုင်ငံသည် BRICS အဖွဲ့က တည်ထောင်ထားသည့် New Development Bank (ND သို့ မကြာမီ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌ အဗ္ဗဒူလ်နာဆာ ဟမ်မာတီက ပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် BRICS ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်နေသည့် ဟမ်မာတီက BRICS ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့် ရလဒ်တစ်ခုမှာ NDB တည်ထောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရန်အနေဖြင့် မကြာမီ ဘဏ်၏အဖွဲ့ဝင်ဖြစ်လာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် အီရန်၏ NDB အဖွဲ့ဝင်ဖြစ်ရေးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးကြောင်း NDB ၏ ကော်ပိုရိတ်ဆက်သွယ်ရေးဌာနက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။
အီရန်သည် ၂၀၂၄ ခုနှစ်တွင် BRICS အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးနောက် NDB ၏ အဖွဲ့ဝင်နှင့် ရှယ်ယာရှင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
NDB ကို အခြေခံအဆောက်အအုံနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ပေးရန် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့က ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် BRICS အဖွဲ့ဝင်နိုင်ငံများအကြား အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချပြီး သက်ဆိုင်ရာနိုင်ငံသုံးငွေကြေးများဖြင့် ကုန်သွယ်မှုနှင့် ငွေကြေးလွှဲပြောင်းမှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းနေကြောင်း၊ အီရန်အနေဖြင့်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံ၊ သုံးနိုင်ငံအလိုက် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးပမ်းနေကြောင်း ဟမ်မာတီက ပြောကြားခဲ့သည်။

image

ဘဏ်များ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်မည်

ဘဏ်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များသို့ ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပသည့် ဘဏ်များ၏ ငွေကြေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်နိုင်ရေးဆိုင်ရာ အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များတွင် ပြည်သူများစုဆောင်းအပ်နှံထားသည့် ငွေကြေးများကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကဏ္ဍများသို့ ထိရောက်စွာ စီးဆင်းရောက်ရှိစေရေးသည် ဘဏ်လုပ်ငန်းကဏ္ဍ၏ အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များသည် ငွေကြေးကြားခံအဖွဲ့အစည်း (Financial Intermediary) အဖြစ်သာမက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့အတွက် အရေးပါသည့် မောင်းနှင်အားတစ်ရပ်အဖြစ် ပါဝင်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ပြည်သူများ၏ အပ်နှံငွေများကို စီးပွားရေးလုပ်ငန်းများသို့ ချေးငွေအဖြစ် ပြန်လည်ထုတ်ချေးရာတွင် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သည့် ချေးငွေ (Quality Loan) များ ဖြစ်ပေါ်စေရေး အရေးကြီးသဖြင့် ချေးငွေအရည်အသွေးနှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းတို့ကို အလေးထားစောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME ကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ဧရာဝတီ-ဟင်္သာတတာနှင့် ငဝန်ရေကာတာ ကြံ့ခိုင်ရေး မပြတ်စောင့်ကြည့်ရန် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မှာကြား

ဧရာဝတီတိုင်းဒေသကြီး ဇလွန်နှင့် ဟင်္သာတမြို့နယ်တို့ရှိ တာတမံများ ကြံ့ခိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်နှင့် ရေကင်းအဖွဲ့များဖြင့် အလှည့်ကျ မပြတ်ကင်းလှည့်စောင့်ကြည့်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် ဩဂုတ် ၁၃ ရက်က ဇလွန်မြို့နယ်ရှိ ဧရာဝတီ-ဟင်္သာတတာ ကြံ့ခိုင်ရေးနှင့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဧရာဝတီ-ဟင်္သာတတာ၏ တာမိုင် (၃၀/၀) မှ (၃၀/၃) အတွင်းနှင့် တာမိုင် (၃၂/၀) မှ (၃၂/၃) အတွင်းရှိ နေရာများတွင် ရေခွေပြုလုပ်၍ သဲအိတ်များချကာ တာတမံကြံ့ခိုင်ရေးနှင့် ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားတာ တာမိုင် (၅/၄) ရှိ ရေကင်းစခန်းအမှတ် (၉)၊ တာမိုင် (၅/၃) ရှိ တာတမံနှင့် မြစ်ကမ်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြတ်တာ (၁-င) နှင့် မဲဇလီညွန့်ဖြတ်တာတို့၏ အခြေအနေများကိုလည်း စစ်ဆေးခဲ့သည်။
ထို့ပြင် ဩဂုတ် ၁၀ ရက်က လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ၏ တာမိုင် (၂၆/၃) မှ (၂၆/၄)၊ တာမိုင် (၂၇/၀) မှ (၂၇/၁) နှင့် တာမိုင် (၃၁/၂) မှ (၃၁/၃) အတွင်း တာကြံ့ခိုင်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ယင်းခရီးစဉ်အတွင်း ငဝန်မြစ်ကြောင်းတစ်လျှောက် သဲသောင်ဖြစ်ပေါ်နေမှု၊ ကမ်းပြိုကမ်းစားမှုနှင့် Geotextile များအသုံးပြု၍ ကမ်းပြိုကာကွယ်ထားမှုတို့ကိုလည်း ကြည့်ရှုခဲ့သည်။
စစ်ဆေးမှုများအပြီးတွင် လိုအပ်သည့်နေရာများ၌ ကမ်းပြိုကမ်းစားမှု လျော့နည်းစေရေးနှင့် ရေကာတာများအပေါ် ရေတိုက်စားမှု သက်သာစေရေးအတွက် ရေလမ်းကြောင်းပြန်တည့်ခြင်း၊ သဲသောင်တူးဖော်ခြင်းနှင့် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ဆီးချို၊ HIV၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနစမ်းသပ်အောင်မြင်၊ ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်း

ဆီးချို၊ HIV၊ အရိုးအကြောအဆစ်နှင့် ကင်ဆာရောဂါကုသဆေးများအပါအဝင် ဆေးဝါးအမယ်သစ် ခြောက်မျိုးကို သုတေသနပြုစမ်းသပ်၍ အောင်မြင်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုသည့်အခမ်းအနားကို ဩဂုတ် ၁၃ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
သုတေသနစမ်းသပ်အောင်မြင်ခဲ့သည့် ဆေးဝါးအမယ်သစ်များမှာ ဆီးချိုရောဂါကုသဆေး နှစ်မျိုး၊ HIV ရောဂါကုသဆေး တစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး တစ်မျိုး၊ ကင်ဆာရောဂါကုသဆေး တစ်မျိုးနှင့် မေ့ဆေးတစ်မျိုး စုစုပေါင်း ခြောက်မျိုးဖြစ်သည်။
အဆိုပါ ဆေးဝါးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ရရှိထားပြီး ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်းပေးနိုင်ခဲ့သဖြင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု အားကောင်းလာစေရေးနှင့် ပြည်ပဆေးဝါးတင်သွင်းမှုအပေါ် မှီခိုမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
၁၉၈၂ ခုနှစ်မှ ယနေ့အထိ သုတေသနဌာနက ဆေးဝါးအမျိုးအစား ၆၆ မျိုးကို အောင်မြင်စွာ စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
အခမ်းအနားတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆေးဝါးများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် အရည်အသွေးကောင်းမွန်၍ ဘေးကင်းလုံခြုံသည့် ဆေးဝါးများကို အချိန်မီ၊ ကုန်ကျစရိတ်သက်သာစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ပဆေးဝါးများအပေါ် မှီခိုမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ငွေကြေးအခက်အခဲများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ပိုမိုကောင်းမွန်သည့် ဆေးဝါးအမျိုးအစားသစ်များကို ဆက်လက်သုတေသနပြု တီထွင်ထုတ်လုပ်သွားရန်လည်း တိုက်တွန်းခဲ့သည်။
ယင်းနောက် ဆေးဝါးအမယ်သစ် ခြောက်မျိုးကို အောင်မြင်စွာ သုတေသနစမ်းသပ်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

image

မြန်မာ-ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး

မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အမျိုးသမီးရေးရာကဏ္ဍ၌ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for Advancement of Women-NSPAW) ကို အကောင်အထည်ဖော်လျက်ရှိသည့်အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူမှုဘဝလုံခြုံရေးအတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ထားပြီး အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးကဏ္ဍများတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အခြားနိုင်ငံများ၏ အတွေ့အကြုံကောင်းများကို လေ့လာလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ဘယ်လာရုစ်ဘက်မှ Ms. Olga Chemodanova က ၂၀၂၆ ခုနှစ်ကို ဘယ်လာရုစ်သမ္မတနိုင်ငံ၏ အမျိုးသမီးများနှစ် အဖြစ် သတ်မှတ်ထားကြောင်း၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် မိသားစုနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးအစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် အမျိုးသမီးများ၏ ကျန်းမာရေးသည် အရေးကြီးသည့်အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာမြှင့်တင်ပေးရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ပြီး ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

မူဆယ်နဲ့ လဲချားမှာ ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ဝန်းကျင် ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွေမှာ အခုရက်ပိုင်းအတွင်း ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။
မူဆယ်မြို့နယ်အတွင်းက တော်ရွက်ရပ်ကွက်ထဲက ငွေလိမ်ဂိုဏ်းတခုကို ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက အခုလ ၁၁ ရက်နေ့မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာမှာ တရုတ်နိုင်ငံသား အယောက် ၆၀ ကို ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာပါ။
“သတင်းရလို့ ဝင်ဖမ်းတာလို့ပြောတယ်။ တရုတ်တွေ မိတာရှိတယ်။ တခြား နေရာတွေမှာလည်း ရှိသေးတယ်။ မူဆယ်က တရုတ်နဲ့ ကပ်နေတော့ ကျားဖြန့် တွေက ဝင်လိုက်ထွက်လိုက်ပါပဲ” လို့ မူဆယ်မြို့ခံတယောက်က ပြောပါ တယ်။
မူဆယ်မြို့ဟာ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာဖြစ်ပြီး ပြည်သူ့ စစ်တပ်ဖွဲ့တွေ အများအပြား လှုပ်ရှားတဲ့ တရုတ်နယ်စပ်မြို့တခု ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဆီဆောကျေးရွာအနီးမှာလည်း အခုလ ၁၀ ရက်နေ့က ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို အစိုးရတပ်က ဝင်ရောက်စီးနင်းခဲ့တာမှာ တရုတ်နိုင်ငံသား ၃၄ ယောက် ဖမ်းမိခဲ့တယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးနေပြီး နောက်ကွယ်ကနေ ပါဝင်သူတွေကို လည်း အရေးယူမယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။
လဲချားမြို့နယ်အတွင်းမှာ အစိုးရတပ်အပြင် မန်ပန်ပြည်သူ့စစ်၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ (SSPP/SSA) နဲ့ (RCSS/SSA) တပ်ဖွဲ့နှစ်ဖွဲ့လုံး လှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။
အဲဒီဒေသအတွင်းမှာ ၂၀၂၄ ခုနှစ်ကတည်းက ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေ နေရာအနှံ့မှာ ရောက်နေတာလို့ ဒေသအခြေစိုက် မီဒီယာတွေမှာ ဖော်ပြပါတယ်။
အခုလအတွင်းမှာ ရှမ်းပြည်တောင်ပိုင်းဒေသအတွင်းကနေ ကျားဖြန့်လုပ်ငန်း တွေကို အစိုးရတပ်က မကြာခဏဆိုသလို ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။
အခုလ ၄ ရက်နေ့ကလည်း နမ့်စန်းမြို့နယ်၊ နားရိုင်ရွာသစ်ကျေးရွာ တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှာရှိတဲ့ ကျားဖြန့် ရုံကို အစိုးရတပ်က ဝင်ရောက် စီးနင်းခဲ့တာမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ၄၃ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

image

သဖန်းဆိပ်ဆည်ကနေ ရေထပ်လွှတ်လို့ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းဖို့လို

အခုရက်ပိုင်း မူးမြစ်ရေတိုးလာပြီး စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည် ရေဝင်ကောင်းတာကြောင့် ကန်ရေပြည့်အမှတ် ၅၄၅ ပေ ကျော်လာတာနဲ့အမျှ ဆည်ရေပိုလွှဲ ၁၂ ပေါက်ကနေ ဒီကနေ့ ဩဂုတ် ၁၃ ရက်၊ မနက်ပိုင်းမှာ အရင်ရက်တွေက ပမာဏထက်ပိုပြီး ရေတွေ လွှတ်ချထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
သဖန်းဆိပ်ဆည်ရဲ့ ရေပမာဏဟာ လက်ရှိမှာ ၅၄၅ ဒသမ ၇၅ ပေကို ရောက်ရှိနေပြီး ဆည်ကြံ့ခိုင်ရေးအတွက် ဖောက်ချထားရတဲ့ ရေတွေဟာ ဒီကနေ ညနေပိုင်းနဲ့ မနက်ဖြန် ဩဂုတ် ၁၄ ရက်၊ မနက်ပိုင်းမှာ ကာဘိုးဆည်အတွင်း ရောက်ရှိနိုင်ကာ လက်ရှိ ကာဘိုးဆည်မှာလည်း ရေတံခါးအားလုံး ဖွင့်ချထားရတာကြောင့် အထက်ကနေ စုန်ဆင်းလာတဲ့ရေတွေဟာ အထိန်းအကွပ်မရှိ အောက်ဘက်ဒေသတွေကို စီးဆင်းလာနိုင်တယ်လို့ သိရပါတယ်။
“စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေကြီးတာ ထပ်ဖြစ်လာနိုင်ပါတယ်။ ရေလွတ်ရာနေရာကို အမြန်ဆုံး ပြောင်းရွှေ့ဖို့လိုပါတယ်။ ရေကျပြီဆိုပြီး ကိုယ့်အိမ်ကိုယ် ပြန်နေဖို့ ပြင်ဆင်နေတဲ့သူတွေလည်း ရေလွတ်ရာနေရာတွေမှာပဲ ဆက်နေကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ကင်းတပ်ဆည်နဲ့ ကာဘိုးဆည်ကြားမှာရှိတဲ့ မူးမြစ် ကမ်းဘေး ဝဲ/ယာက ကျေးရွာတွေ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရေပြန်တိုးနေပြီး ကာဘိုးဆည် အောက်ပိုင်းနေရာတွေလည်း မူးမြစ်ရေ ထပ်တိုးနိုင်တဲ့အပြင် ရေပြန်ကျထားတဲ့ ရေဦးမြို့နယ်ရဲ့ မြေနိမ့်ပိုင်း နေရာတွေဟာလည်း လာမယ့် ၂၄ နာရီအတွင်း ရေများလာဦးမှာဖြစ်သလို ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးကမ်းကြီးဘက်လည်း ရေပြန်တက်နိုင်တယ်လို့ ဆိုပါတယ်။
“ရေကျူးဆက် လေးသောင်းကျော် လွှတ်ထားတယ်ပြောတယ်။ ထပ်ပြီးလည်း ရေလွှတ်ဖို့ရှိတယ် သိရတယ်။ တချို့နေရာတွေ ရေပြန်ကျနေပေမယ့် အခုထိ ရေမကျသေးတဲ့ နေရာတွေ ကျန်နေသေးတယ်။ ဆည်ရေ လွှတ်လိုက်ပြီဆိုရင်တော့ ရေဝင်ထားတဲ့ နေရာတွေအကုန် ရေပြန်တိုးလာနိုင်တယ်။ မူးမြစ်ရေဝင်နိုင်တဲ့ မြေနိမ့်ပိုင်းနေရာကလူတွေ ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းပြီး နေထိုင်သင့်တယ်” လို့ ရေဘေးကူညီနေသူ တယောက်က ပြောပါတယ်။
သဖန်းဆိပ်ဆည် ရေလွှတ်ချပြီးနောက် ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ကောလင်း၊ အရာတော်၊ ကလေး၊ မင်းကင်း၊ စစ်ကိုင်းနဲ့ မြင်းမူ မြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၉၃ ရွာရှိ လယ်ဧက ငါးသောင်းလေးထောင်ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးအဖွဲ့က မနေ့ ဩဂုတ် ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။

image

ဓါးပြတိုက်လူသတ်မှု ကျူးလွန်ခဲ့သူ လေးယောက်ကို “ဝ” တပ်ဖွဲ့ ကဖမ်းဆီးပြီး အစိုးရကိုပြန်လွှဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ဓါးပြတိုက်၊ လူသတ်မှုကျူးလွန် ခဲ့ပြီး “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေတဲ့ အမျိုးသား လေးယောက်ကို ဖမ်းဆီးရမိတာကြောင့် အစိုးရတာဝန်ရှိသူတွေဆီကို ပြန်လွှဲ လိုက်တယ်လို့ “ဝ” တပ်ဖွဲ့ဘက်ကပြောပါတယ်။
ဖမ်းမိသူ​တွေဟာ အခုနှစ် မတ်လ ၂၁ရက်နေ့က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်မှာ ရှိတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့အိမ်ကို အမျိုးသား တစုက ဝင်ရောက် ဓါးပြတိုက်ခဲ့ပြီး အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အိမ်ရှင် ဦးဝမ်ကျိုင်းသေဆုံးခဲ့ရပါတယ်။ ​နောက်တခုက အခုနှစ် မေလ အတွင်းမှာပဲ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျိုင်းစံရပ်၊ ကျိုင်းငန်း ဝက်အင်းလမ်းမှာရှိတဲ့ ခေမာရဋ္ဌ်ရွှေဆိုင်ပိုင်ရှင်မိသားစု ဆိုင်သိမ်းပြီးပြန်လာတဲ့အချိန် ကားနဲ့ရောက်လာတဲ့ အမျိုးသားတစုက ရွှေဆိုင် ပိုင်ရှင် ရဲ့သား စိုင်းရီတစ်စံ ကို သေနတ်နဲ့ပစ်ခတ်ပြီး ရွှေထည်နဲ့ ငွေသားတွေ ယူဆောင်သွားခဲ့တဲ့ဖြစ်စဥ်နဲ့ ပတ်သက်သူ​တွေဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် ကျိုင်းတုံမြို့ခံတွေကြားမှာ အတော်လေးအထိတ် တလန့်ဖြစ် ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ပစ္စည်းပဲယူတာမဟုတ်ဘူးလေနော်။ လူကိုပါ လုပ်သွားတာ။ ခဏခဏ ဒါမျိုး ဖြစ်တော့ မြို့ခံတွေရော ၊ လုပ်ငန်းရှင်တွေပါ လန့်နေရတာ။ အခုမိပြီ ဆိုတော့ တော်သေးတယ်” လို့ ကျိုင်းတုံမြို့ခံတယောက် ကပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ မိုင်းပေါက် ဒေသထဲမှာ တိမ်းရှောင်နေကြတာဖြစ်ပြီး မြန်မာအာဏာပိုင်တွေက သတင်းပေးပို့ တာ ကြောင့် ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို အခုလ ၁၃ ရက်နေ့မှာပဲ “ဝ” တပ်ဖွဲ့ဘက်က မြန်မာ အာဏာ ပိုင်တွေ ဘက်ကို လွှဲပြောင်းလိုက်တယ်လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူ တွေဆီကနေ သိရပါတယ်။
ပြစ်မှု ကျူးလွန်ခဲ့တဲ့အမျိုးသား​တွေဟာ အသက် ၁၉ ကနေ ၂၉ အရွယ် တွေဖြစ်တယ်လို့ သိရပါတယ်။

image

လျှပ်စစ်မီတာအသစ်တွေကို ဝက်ဘ်ဆိုက်ကနေ လျှောက်ထားရာမှာ ပေးသွင်းရမယ့် နှုန်းထားတွေကို အသိပေးကြေညာ

image