တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာပြီးစီး ဥပဒေ(၁)ခု၊ အဆို (၁)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုဆောင်ရွက်ခဲ့

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ယနေ့ သြဂုတ် ၂၀ ရက်တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ကာ အစည်းအဝေးကာလအတွင်း ဥ ပဒေ(၁)ခုပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အဆို(၁)ခုဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သော (ဆဋ္ဌမနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၈)ခုကိုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအ ဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးမြောက်ကြောင်းကြေညာခဲ့​သည်။

image

မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာတင်ပို့နိုင်ရေး ညှိနှိုင်းနေသည့် ဘယ်လာရုစ် Grodno Azot စက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်လေ့လာ

မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည့် ဘယ်လာရုစ်နိုင်ငံ၏ အဓိက နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက ယနေ့ ဩဂုတ် ၂၀ ရက်တွင် သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့သို့ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး လမ်းခရီးတစ်လျှောက် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။
Grodno မြို့သို့ ရောက်ရှိချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ဆက်လက်သွားရောက်ခဲ့သည်။
စက်ရုံ၌ တာဝန်ရှိသူများက Grodno Azot ၏ သမိုင်းကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု၊ ဓာတ်မြေဩဇာများ နှစ်အလိုက်ထုတ်လုပ်နိုင်မှု၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်မှုနှင့် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ပံ့ပိုးပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေဩဇာများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု၊ နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့အပြင် မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေသည့် အခြေအနေများကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး စက်ရုံဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စက်ရုံပြခန်းအတွင်း ခင်းကျင်းပြသထားသည့် စက်ရုံပုံစံငယ်နှင့် ထုတ်လုပ်ရေးဆိုင်ရာ ပြသမှုများကို ကြည့်ရှုလေ့လာကာ စက်ရုံအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
Grodno Azot ဓာတ်မြေဩဇာစက်ရုံသည် ဘယ်လာရုစ်နိုင်ငံ Grodno မြို့တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်မှ စတင်လည်ပတ်ခဲ့သည့် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး နိုင်ငံပိုင်စက်ရုံကြီးတစ်ခုဖြစ်သည်။
စက်ရုံတွင် အမိုးနီးယား (Ammonia)၊ ယူရီးယား (Urea) နှင့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာအမျိုးမျိုးကို အဓိကထုတ်လုပ်ကာ ဘယ်လာရုစ်နိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအတွက် ပံ့ပိုးပေးနေသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

image

ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများအတွက် သီးခြားဥပဒေပြဋ္ဌာန်းရန် အစိုးရအဖွဲ့သို့ တိုက်တွန်းသည့်အဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်သည့် အထပ်မြင့်စုပေါင်းတိုက်ခန်းများအတွက် သီးခြားဥပဒေတစ်ရပ် ရေးဆွဲပေးရန် အစိုးရအဖွဲ့ကို တိုက်တွန်းသည့်အဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။
အဆိုပါအဆိုကို ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဩဂုတ်လ ၂၀ )ရက် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၅ ဦးက ပါဝင်ထောက်ခံခဲ့ကြသည်။
လက်ရှိတွင် အဆောက်အအုံဆောက်လုပ်ခွင့် (BCC) မရသေးသည့် တိုက်ခန်းများနှင့် စည်းကမ်းမဲ့ဆောက်လုပ်မှုများကို စည်ပင်ဥပဒေဖြင့်သာ ထိန်းချုပ်နေရသဖြင့် အသေးစိတ်ကျသည့် သီးခြားဥပဒေလိုအပ်နေကြောင်း အဆိုရှင်က ထောက်ပြထားသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ ဥပဒေပေါ်ပေါက်လာပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ -ဝယ်ယူသူများ အကာအကွယ်ရရှိခြင်း: ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူရာတွင် တိုက်ခန်းထပ်ရောင်းခံရခြင်းနှင့် သတ်မှတ်ချက်မညီဘဲ ဆောက်လုပ်ခြင်းများမှ အကာအကွယ်ရရှိမည်။
ပိုင်ဆိုင်ခွင့် ရှင်းလင်းလာခြင်း၊ တိုက်ခန်း ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အမွေဆက်ခံခြင်းနှင့် ပိုင်ရှင်/မြေရှင် အငြင်းပွားမှုများကို ဥပဒေအတိုင်း တိကျစွာ ဖြေရှင်းနိုင်မည်။
ဘုံဧရိယာ ထိန်းသိမ်းနိုင်ခြင်း: မီးဘေးကာကွယ်ရေးနှင့် ယာဉ်ရပ်နားစခန်းကဲ့သို့ အများသုံးနေရာများကို စီမံခန့်ခွဲမည့် တာဝန်ရှိသူကို ရှင်းလင်းစွာ သတ်မှတ်နိုင်မည်။
အဆိုပါဥပဒေသည် ပြည်သူများ၏ အိမ်ရာပိုင်ဆိုင်မှု လုံခြုံရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြေရှင်၊ ဆောက်လုပ်သူ၊ အခန်းဝယ်ယူသူတို့အကြား ပဋိပက္ခများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဟု ကိုယ်စားလှယ်များက သုံးသပ်ထားကြသည်။

image

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကိုတို့ အလွတ်သဘောတွေ့ဆုံ

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Aleksandr Lukashenko တို့သည် ယနေ့ ဩဂုတ် ၂၀ ရက် ညပိုင်းတွင် မင့်စ်မြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် ဩဂုတ် ၂၁ ရက်တွင် မင့်စ်မြို့ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence) ၌ တရားဝင်အစီအစဉ်များ ဆက်လက်ပြုလုပ်ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များအကြား တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

image

မြဝတီမြို့တွင် ရေကြီးရေလျှံမှုစတင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ညတွင်းချင်းပြောင်းရွှေ့ရသူ(၅၀၀)ဦးကျော်ရှိနေ

သောင်ရင်းမြစ်ရေသည် ကရင်ပြည်နယ်၊ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိလာသဖြင့် သြဂုတ် ၂၀ ရက် ညပိုင်းမှစတင်ကာ မြဝတီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးကယ် ဆယ်ရေးစခန်းများဖွင့်လှစ်၍ မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းရက်ကွက်များ၌နေထိုင်သူ(၅၀၀)ဦးကျော်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ညတွင်းချင်းရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
" အကြမ်းဖျဥ်းကောက်ထားတဲ့စာရင်းအရကတော့ သြဂုတ် ၂၁ ရက်(ဒီနေ့)မနက် ၃ နာရီအထိပေါ့ အမှတ်(၄) ရပ်ကွက်က တောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ရေဘေးရှောင်(၃၅၇)ဦးရောက်ရှိနေပါတယ်။ ထပ်ရောက်လာတာတွေလည်းအများကြီးပါ။ စာရင်းတွေလည်း လိုက်ကောက်ဖို့အချိန်မရသေးပါဘူး။ (၅၀၀)ဦးကျော်မှာရှိနေပြီ။ ဆက်လက်ရွှေ့ပြောင်းပေးတာတွေလုပ်နေပါတယ်"မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ သောင်ရင်းမြစ်ရေမြင့်တက်၍ ရေဝင်ရောက်နေသည့် နေအိမ်(၁,၀၀၀)ကျော်ရှိနေပြီး ကရင် ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌ ဦးအေးမင်းထွေးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးဇလ၏ သြဂုတ် ၂၀ ရက်ည ၇ နာရီထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏စိုးရိမ်ရေ မှတ်အထက် (၁)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး ၂၄ နာရီအတွင်း (၂)ပေခန့်မြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

image

တညင်းကုန်းဈေးအနီး ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် လေးလမ်းသွား မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တညင်းကုန်းဈေးအနီး ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်ကားလမ်းဆုံ၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် PC Girder နှင့် Steel Box Girder အမျိုးအစား လေးလမ်းသွား မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
တံတားတည်ဆောက်မည့် ခရေပင်ကားလမ်းပေါ်တွင် Express ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ၆ ဘီးနှင့်အထက် မော်တော်ယာဉ်များအပါအဝင် မော်တော်ယာဉ် ၃,၀၀၀ ကျော် နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသည်။ ထို့အပြင် ရန်ကုန်-ပြည် မီးရထားလမ်းတွင် မြို့ပတ်ရထားများအပါအဝင် အစုန်၊ အဆန် ရထား ၂၃ စီး နေ့စဉ်ဖြတ်သန်းနေသဖြင့် မီးရထားဖြတ်သန်းချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပေါ်နေခြင်းဖြစ်သည်။
အဆိုပါ လေးလမ်းသွားခုံးကျော်တံတား တည်ဆောက်ပြီးစီးပါက မီးရထားလမ်းနှင့် ကားလမ်းဆုံရာ၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှုကို အဓိကဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး ခရေပင်ကားလမ်းတစ်လျှောက် ယာဉ်အသွားအလာ ပိုမိုချောမွေ့လာမည်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၀ ရက်က တံတားတည်ဆောက်မည့်နေရာသို့ သွားရောက်၍ မြေစမ်းသပ်ခြင်းလုပ်ငန်းနှင့် တည်ဆောက်ရေးစီမံချက်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် စီမံကိန်းဆောင်ရွက်ရာတွင် လျှပ်စစ်နှင့် ဆက်သွယ်ရေးတိုင်များ ရွှေ့ပြောင်းရေး၊ တညင်းကုန်းဈေးအဝင် လမ်းလွှဲဆောင်ရွက်ရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းရန်နှင့် တံတားတည်ဆောက်နေစဉ် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတ-ဒူးယား-ဒေါင့်ကြီး-ဇလွန်လမ်း၊ ကြိမ်ပင်ဆယ်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းနှင့် Oriental Highway ကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာရောက်ရှိရေး UN လုပ်ငန်းများကို လွှတ်တော်ဘက်မှ ပူးပေါင်းညှိနှိုင်းမည်

ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာရောက်ရှိစေရေးအတွက် ကုလသမဂ္ဂ (UN) ၏ လုပ်ငန်းများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်ဘက်မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ကုလသမဂ္ဂတာဝန်ရှိသူတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား ဩဂုတ် ၂၀ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်သည့် ပြည်သူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် UN ၏ လုပ်ငန်းများကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်ဘက်မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ထို့အပြင် UN အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူများအတွက် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာစေရေး၊ နှစ်ဖက်အကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးတို့ကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

မန္တလေးပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ နေ့စဉ် ပြင်ပလူနာ ၅၀ ကျော် ကုသပေးနေ

မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာ အထူးကုဌာနတွင် အတွင်းလူနာများအပြင် ပြင်ပလူနာဌာန၌လည်း ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် လူနာ ၅၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဦးနှောက်နှင့် အာရုံကြော ဆေးပညာဌာနတွင် လေဖြတ်ခြင်း၊ အတက်ရောဂါ၊ ကြွက်သားအားနည်းသည့် ရောဂါများ၊ ဦးနှောက်နှင့် အာရုံကြော ရောင်ရမ်းသည့် ရောဂါများ (Multiple sclerosis, Guillain-Barré, Meningitis, Encephalitis) စသည့် ဝေဒနာရှင်များကို အဓိကထား ကုသပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အတွင်းလူနာ ၄၀ မှ ၅၀ ကြား ပုံမှန် လက်ခံကုသပေးနေပြီး ပြင်ပလူနာများကိုမူ ရုံးပိတ်ရက်မှအပ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကြည့်ရှုကုသပေးနေခြင်း ဖြစ်သည်။
ထို့ပြင် ခွဲစိတ်ကုသမှု လိုအပ်သည့် လူနာများကိုလည်း ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာနသို့ လွှဲပြောင်း၍ စနစ်တကျ ကုသပေးလျက်ရှိကြောင်း သိရသည်။

image

(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး သဘောတူညီချက်များ လက်မှတ်ရေးထိုးလဲလှယ်

(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဘန်ကောက်မြို့၌ ကျင်းပခဲ့ပြီး နောက်ဆုံးနေ့ဖြစ်သည့် ဩဂုတ် ၂၀ ရက်တွင် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
အစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha တို့ ဦးဆောင်ကျင်းပခဲ့ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေထုညစ်ညမ်းမှုတိုင်းတာသည့် စက်ကိရိယာနှစ်စုံကို မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အစည်းအဝေးနှင့်ဆက်စပ်၍ ပူးတွဲအတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်မြို့၌ ကျင်းပခဲ့ရာ နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေး၊ အစည်းအဝေးများ အပြန်အလှန်ကျင်းပရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးနှင့် စစ်ဘက်ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စစ်ဘက်ဆေးပညာ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဘေးကင်းရေးမြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် နယ်စပ်ဖြတ်ကျော်တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ တားဆီးကာကွယ်ရေး၊ ရေကြီးမှုကြိုတင်သတိပေးစနစ်အတွက် အလိုအလျောက်တာဝေးတိုင်းတာရေးစခန်းများ ဖွင့်လှစ်ရေးနှင့် နယ်နိမိတ်၊ နယ်စပ်မြစ်များအတွင်း ရေညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ၏ (၁၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

image

ရှီ၏ အမေရိကန် ခရီးစဉ် နီးသော်လည်း AI ဆွေးနွေးပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များ မရေမရာ ဖြစ်နေဆဲ

တရုတ်သမ္မတ ရှီကျင့်ဖျင့်၏ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည့် ခရီးစဉ်မှာ သီတင်းပတ်အနည်းငယ်မျှသာ လိုတော့သော်လည်း အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့သည် မျှော်လင့်ထားသည့် AI ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေရဆဲဖြစ်ပြီး တွေ့ဆုံမည့်နေရာ၊ ပါဝင်တက်ရောက်မည့်သူများနှင့် ဆွေးနွေးမည့် နယ်ပယ်တို့ကို အတည်မပြုနိုင်သေးပေ။
ဆွေးနွေးပွဲများအကြောင်း သိရှိသည့် သတင်းရင်းမြစ် ၂ ခု၏ ပြောကြားချက်အရ အမေရိကန် အစိုးရ၏ မည်သည့်ဌာနက ဦးဆောင်ဆွေးနွေးရမည်ကို အမေရိကန်အစိုးရအနေဖြင့် ဆုံးဖြတ်ရသေးခြင်း မရှိဟု သိရသည်။ ထို့ပြင် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်သင့်မသင့် အပါအဝင် အခြားသော မေးခွန်းများပေါ်တွင်လည်း နှစ်ဖက်စလုံး သဘောတူညီမှု မရရှိသေးပေ။
ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်စ်စန့် သည် အမေရိကန်-တရုတ် ကျယ်ပြန့်သော စီးပွားရေး ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဦးဆောင်ခဲ့သော်လည်း AI မူဝါဒသည် အိမ်ဖြူတော်၊ ထောက်လှမ်းရေး အေဂျင်စီများ၊ သိပ္ပံနှင့် နည်းပညာ မူဝါဒဆိုင်ရာ ရုံး၊ နိုင်ငံခြားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများ စသည့် နယ်ပယ်အသီးသီးနှင့် ဆက်စပ်နေကြောင်း သတင်းရင်းမြစ်တစ်ခုက ထပ်လောင်း ပြောကြားခဲ့သည်။
အနှစ်သာရရှိသော ဆွေးနွေးပွဲတစ်ခု ဖြစ်မြောက်ရန်အတွက် အဆင့်မြင့် သံတမန်များ သာမကဘဲ AI သုတေသနဌာနများမှ ကျွမ်းကျင်သူများ ပါဝင်တက်ရောက်ရန် လိုအပ်မည်ဟု အဆိုပါပုဂ္ဂိုလ်က ဆိုသည်။
အမေရိကန်ဘက်မှ OpenAI, Anthropic, Google DeepMind နှင့် Nvidia တို့ကဲ့သို့ AI ကုမ္ပဏီများ သို့မဟုတ် တရုတ်ဘက်မှ DeepSeek, Alibaba နှင့် Baidu ကဲ့သို့သော ကုမ္ပဏီများအနေဖြင့် တရားဝင် တက်ရောက်မည် သို့မဟုတ် နောက်ကွယ်မှသာ ပါဝင်ဆောင်ရွက်မည်ဆိုသည်ကို မရှင်းလင်းသေးပေ။

image