ချန်ပီယံလိဂ် (၁၆)ပွဲဆက် ပွဲချိန်အတွင်းရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့အာဆင်နယ်

ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းအနေနဲ့ မိနစ် (၉၀) ပွဲချိန်အတွင်းချန်ပီယံလိဂ် (၁၆)ပွဲဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်စံချိန်သစ်ကို ရယူနိုင်ခဲ့ပါတယ်။
(၃၆)သင်းပုံစံနဲ့ ပြောင်းလဲကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိ ပွဲအများဆုံးဆက်တိုက်ကစားနိုင်တဲ့ အသင်းအနေနဲ့လည်း မှတ်တမ်းဝင်နေပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီက စတင်ရေတွက်ပါက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Clean Sheets အများဆုံးရယူနိုင်တဲ့အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး (၁၀)ပွဲအထိ ပေးဂိုးမရှိအောင်ကစားနိုင်ခဲ့တာပါ။
ဒါ့အပြင် အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါအနေနဲ့လည်း ပြီးခဲ့တဲ့ရာသီအတွင်း ပြိုင်ပွဲစုံမှာ (၁)ဂိုးသာသွင်းနိုင်ခဲ့ပေမဲ့ အခု ၂၀၂၆-၂၇ ရာသီ (၅)ပွဲကစားထားရာမှာ (၄)ဂိုးအထိသွင်းယူထားပါတယ်။
အာဆင်နယ်အသင်းဟာ အခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

image

တရုတ်ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး ပူးပေါင်း၍ နှလုံးသွေးကြောပိတ်လူနာ ခြောက်ဦးကို ခွဲစိတ်ကုသ

တရုတ်နိုင်ငံ Shanghai University Medical School မှ နှလုံးနှင့်သွေးကြောခွဲစိတ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတို့ ပူးပေါင်း၍ နှလုံးသွေးကြောပိတ်လူနာ ခြောက်ဦးကို နှလုံးစက်အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Yida Hospital, Shanghai University Medical School မှ Department of Cardiovascular Surgery Center ၏ Chairman and Professor ဖြစ်သူ Dr. Feng Wan ဦးဆောင်သည့် ဆေးပညာရှင်ငါးဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ အဆိုပါခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာခြောက်ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန၌ လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပါမောက္ခ Dr. Feng Wan သည် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၏ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနများနှင့် ပူးပေါင်းကာ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်၍ နှလုံးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးရန်နှင့် နှလုံးနှင့်သွေးကြောခွဲစိတ်ပညာ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။
မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် မွေးရာပါနှလုံးရောဂါ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် နှလုံးသွေးလွှတ်ကြောမကြီးဆိုင်ရာ ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဌာနအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း အကြီးစားခွဲစိတ်ကုသမှု ၁၅ ခု ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ အကြီးစားခွဲစိတ်ကုသမှု ၄၀ အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

image

ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်လိုသူများ နိုင်ငံတော်ထုတ်ချေးငွေများ ရယူနိုင်

ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တွန်းဇံမြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ချင်းပြည်နယ် တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးသွားသည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးနှင့် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့က တီးတိန်မြို့ရှိ ထိခိုက်ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

image

ရေကြည်တွင် ရေဘေးသင့်အိမ်ထောင်စု(၃၀၀)ကျော်အတွက် အသုံးအဆောင်နှင့် စားကုန်များ ကြက်ခြေနီအသင်းက ထောက်ပံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျှက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုများအား လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၇)ရက်နှင့်(၈)ရက်နေ့က ရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် အသုံးအဆောင်ပစ္စည်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ရေကြည်မြို့နယ် လှေတော်ရုံကျေးရွာ၊ သပြေခါးတောကျေးရွာ၊ အကြော်ကိုင်းကျေးရွာ၊ အကယ်ကြီးကြို့ကုန်းကျေးရွာ ၊ ကုန်းတန်းကျေးရွာကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုပေါင်း(၃၁၂)စုမှ လူဦးရေပေါင်း(၉၅၀)ဦး အတွက် တာပေါ်လင်စ(၃၁၂)ချပ်၊ တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၃၁၂)စုံ၊ စောင်(၃၁၂)ထည်၊ သောက်ရေပုံး(၃၁၂)ပုံးနှင့် အခြေခံစားကုန်(၃၁၂)စုံတို့ကို ထောက်ပံ့ပေးခဲ့ခြင်းလည်း ဖြစ်သည်။

image

ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်
စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊ သိုလှောင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကို စက်တင်ဘာ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် Myanmar-Vietnam Business Forum 2026 တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဖိုရမ်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က လယ်ယာ၊ သားငါးကဏ္ဍတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အဆိုပြုလုပ်ငန်းများနှင့် ပတ်သက်၍ စာတမ်းတင်ပြဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြခန်းတွင် မြန်မာ့ပေါ်ဆန်းဆန်နှင့် တန်းမြင့်ဆန်များအပြင် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဖွဲနုဆီထုတ်လုပ်ရေးလုပ်ငန်း၊ ဆန်စက်ပစ္စည်းများ၊ Silo System များ ထုတ်လုပ်တပ်ဆင်အသုံးပြုရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါပြခန်းသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည်စက်မှုလက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်အကြံပြုချက်များကို အခြေခံ၍ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား B to B ဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို လုပ်ငန်းနယ်ပယ် ၉ ရပ် သတ်မှတ်ကာ အရှိန်အဟုန်ဖြင့် အထူးဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
အဆိုပါလုပ်ငန်းစဉ်များတွင် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာ၊ ဆန်စက်နှင့် အခြောက်ခံစက်များ၊ ဆန်သိုလှောင်ရေးစနစ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်ရေးတို့အပါအဝင် နှစ်နိုင်ငံ၏ အားသာချက်များကို ချိတ်ဆက်အသုံးချနိုင်မည့် လုပ်ငန်းများ ပါဝင်လာမည်ဖြစ်သည်။

image

မြန်မာသံအမတ်ကြီးဦးမင်းသိမ်းက ၎င်း၏သံအမတ်ခန့်အပ်လွှာကို ကူဝိတ်နိုင်ငံဘုရင်ထံပေးအပ်

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသော သံအမတ်ကြီးဦးမင်းသိမ်းက ၎င်း၏ သံအမတ်ခန့်အပ်လွှာအား ကူဝိတ်နိုင်ငံဘုရင်ထံ လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကူဝိတ်မြို့ရှိ ဘယန်နန်းတော်၌ ကူဝိတ်ဘုရင် (Amir) ရှိတ် မီရှာ အယ်လ်-အာမက် အယ်လ်-ဂျာဘား အယ်လ် -ဆာဘားထံ စက်တင်ဘာ ၈ ရက်ကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ဟောင်ကောင်၏ ပထမဆုံး ကိုလိုနီခေတ်လွန်ခေါင်းဆောင် တန်ချီးဟွာ ကွယ်လွန်

တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိပြီးနောက် ပထမဆုံး အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် တန်ချီးဟွာသည် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း ၎င်း၏ရုံးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည်။
တန်ချီးဟွာသည် အင်္ဂါနေ့က မိသားစုဝင်များနှင့်အတူရှိနေစဉ် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်္ဘောလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည့် တန်ချီးဟွာသည် ဗြိတိန်က ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်၏ ပထမဆုံး အမှုဆောင်အရာရှိချုပ် ဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။
၎င်း၏ ရာထူးသက်တမ်းအတွင်း ဟောင်ကောင်သည် ကိုလိုနီအုပ်ချုပ်မှုမှ တရုတ်အုပ်ချုပ်မှုသို့ အသွင်ကူးပြောင်းသည့် အစောပိုင်းကာလဖြစ်ပြီး အာရှဘဏ္ဍာရေးအကျပ်အတည်း၊ SARS ကပ်ရောဂါနှင့် လူထုဆန္ဒပြပွဲကြီးများအပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
“မစ္စတာတန်သည် နိုင်ငံတော်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအတွက် မယိမ်းယိုင်သော သန္နိဋ္ဌာန်ဖြင့် သူ၏ဘဝကို မြှုပ်နှံခဲ့သည်။ သူ၏ သမာဓိ၊ ကရုဏာနှင့် ဂုဏ်သိက္ခာရှိသော ပံ့ပိုးကူညီမှုများကို အစဉ်အမှတ်ရနေမည်” ဟု ၎င်း၏ရုံးက ထုတ်ပြန်သည်။
ဟောင်ကောင်တွင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဘောင် အကောင်အထည်ဖော်ရာ၌ တန်ချီးဟွာ၏ အခန်းကဏ္ဍကို ဟောင်ကောင်အမှုဆောင်အရာရှိချုပ်ဟောင်း လျန်ချွန်းယင်းက ချီးကျူးခဲ့ပြီး တန်သည် တရုတ်ခေါင်းဆောင်များ၏ ယုံကြည်မှုရရှိခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
တန်ချီးဟွာကို ၁၉၃၇ ခုနှစ် မေ ၂၉ ရက်တွင် ရှန်ဟိုင်းမြို့၌ မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် မိသားစုနှင့်အတူ ဟောင်ကောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၎င်းသည် ထင်ရှားသည့် သင်္ဘောလုပ်ငန်းရှင်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ထူးခြားသည့် ဆံပင်ဖြူအတိုပုံစံနှင့် လီဗာပူးလ်ဘောလုံးအသင်းကို အားပေးသူအဖြစ်လည်း လူသိများခဲ့သည်။

image

အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE ကနေတန်ယာဟုကို သတိပေးခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သတိပေးခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အစ္စရေး အတို-က်အခံ ခေါင်းဆောင်များက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ရန် သင့်တော်မှု မရှိတော့ကြောင်း မနေ့က ပြောကြားလိုက်သည်။
Haaretz သတင်းစာသည် ၎င်းတို့၏ သတင်းထောက်များ ရေးသားထားပြီး မကြာမီ ထွက်ရှိတော့မည့် စာအုပ်မှ ကောက်နုတ်ဖော်ပြချက်တစ်ခုတွင် UAE သမ္မတ မိုဟာမက် ဇာယက် အယ်လ် နာယန်သည် တို-က်ခိုက်မှု မဖြစ်ပွားမီ တစ်ပတ်ခွဲအလိုတွင် နေတန်ယာဟုထံ ဖုန်းဆက်သွယ်ခဲ့ပြီး ဟားမတ်စ်အဖွဲ့သည် အဓိက စစ်ဆင်ရေးကြီးတစ်ခုကို စီစဉ်နေကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
လက်ဝဲယိမ်းသတင်းစာဖြစ်သော Haaretz ၏ ဖော်ပြချက်သည် "လုံးဝ မဟုတ်မမှန်သော မုသား" ဖြစ်ပြီး အဆိုပါအချိန်၌ အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်နှင့် စကားပြောဆိုခဲ့ခြင်း မရှိကြောင်း နေတန်ယာဟု၏ ရုံးအဖွဲ့က ငြင်းဆိုခဲ့သည်။
လာမည့် အောက်တိုဘာလ၂၇ ရက် ရွေးကောက်ပွဲများတွင် နေတန်ယာဟု၏ အဓိက ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာသူ တပ်မှူးဟောင်း ဂါဒီ အိုင်ဆန်ကော့တက်က နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်အား လုံခြုံရေးပျ-က်ကွက်မှုများအတွက် တာဝန်ရှောင်လွှဲနေပြီး တို-က်ခိုက်မှု ဖြစ်ပွားသည့် မနက်ပိုင်းတွင် စောစီးစွာ နှိုးခြင်း မခံခဲ့ရဟု ပြောဆိုခြင်းကဲ့သို့သော သနားစရာကောင်းသည့် ဆင်ခြေများကို အသုံးပြုနေသည်ဟု စွပ်စွဲလိုက်သည်။
"နေတန်ယာဟုဟာ အောက်တိုဘာ ၇ ရက်အတွက် သတိပေးချက် ပေါင်းများစွာကို လက်ခံရရှိခဲ့ပေမဲ့ အားလုံးကို လျစ်လျူရှုခဲ့တာပါ။ သူဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ပါဘူး" ဟု အိုင်ဆန်ကော့ က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးချုပ်ဟောင်း နာဖတာလီ ဘန်းနက် က အစ္စရေး သမိုင်းတွင် အသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်သည့် အောက်တိုဘာ ၇ ရက် သေဆုံးမှုများအတွက် နေတန်ယာဟုတွင် “တို-က်ရို-က် တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။
“နေတန်ယာဟုဟာ နောက်ထပ် တစ်မိနစ်တောင် သူ့ရဲ့ ရာထူးမှာ ဆက်လက် ထမ်းဆောင်လို့ မရတော့ပါဘူး” ဟု ဘန်းနက် က ပြောခဲ့သည်။
နောက်ပိုင်းတွင် အစ္စရေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဟားမတ်စ် ခေါင်းဆောင် ယာယာ ဆင်းနဝါ က ပါလက်စတိုင်း အရာရှိဟောင်းတစ်ဦးကို လက်နက်ကိုင်များသည် ငလျင်တစ်ခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာ စစ်ဆင်ရေးတစ်ခုကို ပြင်ဆင်နေကြောင်း သတိပေးခဲ့သည်ဟု Haaretz က ဖော်ပြခဲ့သည်။
အဆိုပါ ပါလက်စတိုင်း အရာရှိဟောင်းသည် ထိုသတင်းစကားကို အာရပ်စော်ဘွားများပြည်ထောင်စု၏ အကြံပေးထံ လက်ဆင့်ကမ်းခဲ့ပြီး ထိုမှတစ်ဆင့် UAE ခေါင်းဆောင်ထံ ရောက်ရှိကာ နေတန်ယာဟုထံ ဖုန်းဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာ၌ ဖော်ပြထားသည်။

image

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု ယူဆရသဖြင့် မီးဘေးအန္တရာယ် သတိပေးချက်များကို ထုတ်ပြန်ထားရသည်။
ဘန်ကောက်မြို့တော်ဝန် ချက်ချာတ် စစ်တီဖန့် က ဗုဒ္ဓဟူးနေ့နံနက်တွင် အဆိုပါ သံသယကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယိုစိမ့်မှုသည် ရာမ ၃ လမ်း တံတားအောက်ရှိ ချူအာဖလင်းလမ်း ပလက်ဖောင်း မြောင်းများအတွင်းသို့ စိမ့်ဝင်မှုဖြစ်ပွားဖွယ်ရှိကြောင်း အသေးစိတ် ပြောကြားခဲ့သည်။
“အချင်း ၁၄ လက်မခန့်ရှိတဲ့ မြေအောက် ရေနံပိုက်လိုင်းမှာ ယိုစိမ့်မှု ဖြစ်နိုင်ပါတယ်။ ဒီပိုက်လိုင်းဟာ စက်သုံးဆီ အမျိုးအစားများစွာကို သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပြီး သက်တမ်း ၃၀ နှစ်ခန့် ရှိပြီဖြစ်ပါတယ်” ဟု ဘန်ကောက်မြို့တော်ဝန်က ပြောကြားခဲ့သည်။
အဆိုပါ ဧရိယာသည် ထိုင်းနိုင်ငံပိုင် ရထားလုပ်ငန်း ပိုင်ဆိုင်သော နေရာဖြစ်ပြီး ပိုက်လိုင်းသည် မြေအောက် ၂ မီတာခန့် အနက်တွင် ရှိကြောင်း၊ ဘန်ကောက်ဆိပ်ကမ်း၊ ကျောက်ဖရားမြစ်အနီးရှိ ဆီသိုလှောင်ကန်များနှင့် ဘန်ကောက်မြို့တွင်း ရထားလမ်းကွန်ရက်တို့ကို ချိတ်ဆက်ထားသော ရထားလမ်းကို ရည်ညွှန်း၍ မစ္စတာ ချက်ချာတ် က ရှင်းလင်းပြောကြားခဲ့သည်။
ပိုက်လိုင်းအတွင်း ဖိအားကို လျှော့ချထားပြီးဖြစ်သဖြင့် အဆိုပါ ဧရိယာ၌ ဆီအနံ့ထွက်မှု သိသိသာသာ လျော့ကျသွားကြောင်း ဘန်ကောက်မြို့တော်ဝန်က ဆိုသည်။ ညစ်ညမ်းမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သက်သေပြနိုင်ရန် ယိုစိမ့်သည်ဟု သံသယရှိသော အပိုင်းများကို တူးဖော်ရန် လုပ်သားများကို စေလွှတ်ထားသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများသည် ယာဉ်ကြောပိတ်ဆို့စေမည်ဖြစ်သည်။
မစ္စတာ ချက်ချာတ် နှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာန၏ အဆိုအရ ယိုစိမ့်မှုသည် စတုရန်းမီတာ ၁,၀၀၀ ခန့်ရှိသော ဧရိယာကို ထိခိုက်စေခဲ့သည်။ ဆီများ ရေထုအတွင်းသို့ ဆက်လက် စီးဝင်ခြင်းမရှိစေရန် ဒေသတွင်း ရေမြောင်းများကို ပိတ်ဆို့ထားသည်။
စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် အဆိုပါ ဧရိယာရှိ ရေမြောင်းများမှ ရေနံပါဝင်နေသော စွန့်ပစ်ရေ လီတာ ၂၀,၀၀၀ ခန့်ကို စုပ်ထုတ်ထားပြီးဖြစ်သည်။ စုပ်ယူရရှိသော စွန့်ပစ်ရေ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ရေနံပါဝင်နေပြီး စက်သုံးဆီ လီတာ ၄,၀၀၀ ခန့် ရှိမည်ဟု ဘန်ကောက်မြို့တော်ဝန်က ခန့်မှန်းခဲ့သည်။
တာဝန်ရှိသူများသည် ညစ်ညမ်းမှု အခြေအနေကို စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး မီးဘေးအန္တရာယ် မဖြစ်ပွားစေရန် ဆီပါဝင်မှု ပမာဏကို လျှော့ချနိုင်ရေး စတင် ဆောင်ရွက်နေပြီဖြစ်သည်။ ဘေးကင်းရေးအတွက် အဆိုပါ ဧရိယာတွင် ဆေးလိပ်မသောက်ရန် သို့မဟုတ် မီးမရှို့ရန် ဒေသခံများကို သတိပေးထားဆဲ ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတွင် ရပ်ကွက် ၂ ခု ရှိသော်လည်း ရွှေ့ပြောင်းပေးရန် လိုအပ်သည်ဟု မယူဆရသေးပေ။

image

မြောက်ကိုရီးယားတည်ထောင်ခြင်း ၇၈ နှစ်မြောက်တွင် ရှီနှင့် ပူတင်တို့က ကင်မ်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ပြီး ပြုံယမ်းနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေလိုကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၉ ရက်တွင် ဖော်ပြသည်။
တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးခြင်းနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းတို့တွင် ကင်မ်ဂျုံအန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတရှီက သတင်းစကားတွင် ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာဖွံ့ဖြိုးစေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ၏ တသမတ်တည်းရှိပြီး မပြောင်းလဲသော မူဝါဒဖြစ်ကြောင်းလည်း ရှီက ဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း သီးခြားပေးပို့သည့် ဂုဏ်ပြုသတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကင်မ်ဂျုံအန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် ပိုမိုတရားမျှတသော ဘက်ပေါင်းစုံကမ္ဘာ့အစီအစဉ် ပေါ်ပေါက်လာရေးအတွက် အထောက်အကူဖြစ်စေမည်ဟုလည်း ပူတင်က ဆိုသည်။
ရှီနှင့် ပူတင်တို့၏ ဂုဏ်ပြုသတင်းစကားများကို မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ သတင်းစာ Rodong Sinmun မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံကို ၁၉၄၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၇၈ နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဆွီဒင်၊ ဘီလာရုစ်၊ စင်ကာပူ၊ ဆွစ်ဇာလန်နှင့် ဇင်ဘာဘွေ အပါအဝင် နိုင်ငံအများအပြားမှ ခေါင်းဆောင်များကလည်း ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ကြောင်း KCNA က ဖော်ပြသည်။

image