ဂျော်အိုပတ်ဒရိုဟာ ဘန်ဇီမာနဲ့ ကစားပုံဆင်ပြီး ဟာလန်းလောက် ကောင်းတယ်လို့ အလွန်ဆို သုံးသပ်

ချယ်လ်ဆီးအသင်းနည်းပြ ရှာဘီအလွန်ဆိုက အသင်းတိုက်စစ်မှူး ဂျော်အိုပတ်ဒရိုဟာ ဘန်ဇီမာနဲ့ ကစားပုံဆင်ပြီး ဟာလန်းလောက် ကောင်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။
ဂျော်အိုပတ်ဒရို(၂၄ နှစ်)ဟာ အခုရာသီ ပရီးမီးယားလိဂ် ပထမဆုံးသုံးပွဲမှာ နှစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီး ပေးခဲ့တာပါ။
ဒါ့အပြင် ယမန်နေ့က ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။
ဟာလန်းနဲ့ နှိုင်းယှဉ်နိုင်သလားလို့ မေးခွန်းထုတ်မှုကို အလွန်ဆိုက ''ဟုတ်ပါတယ်လို့ပဲ ကျွန်တော် ပြောပါရစေ။ ပရီးမီးယားလိဂ်မှာရှိတဲ့ ထိပ်တန်းတိုက်စစ်မှူးတွေကို ရေတွက်မယ်ဆိုရင် ဂျော်အိုက အဲဒီစာရင်းထဲပါမှာ သေချာပါတယ်။ ဟာလန်းလည်း သေချာပေါက်ပါပဲ။ ဒါကြောင့် သူ့ကို ဒီလိုနည်းလမ်းနဲ့ စံနှုန်းသတ်မှတ်တာဖြစ်ပါတယ်''လို့
ပြောခဲ့ပါတယ်။
ဂျော်အိုပတ်ဒရိုဟာ ပြီးခဲ့တဲ့နှစ်က ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသူလည်း ဖြစ်တယ်။
၎င်းဟာ အခုရာသီအစမှာပဲ ကျောနံပါတ် ၉ ဝတ်ဆင်ပြီး ကစားနေတာဖြစ်ပါတယ်။

image

ပရီးမီးယားလိဂ် (၄)ပွဲဆက် စပါးအသင်းဂိုးပေါက်ပျောက်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်ရလဒ်အဆိုးအရွားဆုံးအသင်းအဖြစ်မှတ်တမ်းဝင်

နည်းပြ ဒီဇာဘီရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့် (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်ရလဒ်အဆိုးအရွားဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းအနေနဲ့ အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို (ဝ-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို၊ နယူးကာဆယ်အသင်းကိုလည်း (ဝ-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နော်တင်ဟမ်၊ အဲဗာတန်တို့နဲ့ပွဲစဉ်တွေမှာ (ဝ-၀)ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးပေါက်ပျောက်ဆုံးမှုရလဒ်အဆိုးအရွားဆုံးအသင်းကတော့ ခရစ္စတယ်ပဲလေ့စ်ဖြစ်ပြီး ၂၀၁၇-၁၈ ရာသီမှာ (၇)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။
စပါးအသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ဂိုးပေါက်တည့်ကန်ချက် (၂)ကြိမ်သာရှိခဲ့ပြီး နည်းပြ ဒီဇာဘီအနေနဲ့လည်း အသင်းရဲ့တိုက်စစ်ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာနဲ့ရင်ဆိုင်နေရပါတယ်။
လက်ရှိအချိန်မှာ စပါးအသင်းဟာ ရမှတ်(၂)မှတ်သာရရှိသေးပြီး အမှတ်ပေးဇယားအဆင့် (၁၇)နေရာမှာ ရပ်တည်နေပါတယ်။

image

မက်ဆီဂိုးသွင်းနိုင်ခဲ့ပေမဲ့ အင်တာမိုင်ယာမီအသင်း နိုင်ပွဲပျောက်ဆုံး

အင်တာမိုင်ယာမီအသင်းအနေနဲ့ မေဂျာလိဂ်အဓိကပြိုင်ဘက် နက်ရှ်ဗယ်လီအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး မက်ဆီဂိုးသွင်းနိုင်ခဲ့ပေမဲ့ သရေသာကစားနိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ချန်ပီယံဆုအတွက် ဖိအားဝင်ခဲ့ရပြီလို့ ဆိုရမှာပါ။
မက်ဆီကတော့ မေဂျာလိဂ်နောက်ဆုံး (၆)ပွဲမှာ (၇)ဂိုးအထိသွင်းနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။
အင်တာမိုင်ယာမီအသင်းအနေနဲ့ လာမယ့်မေဂျာလိဂ်ပွဲစဉ်မှာ ဆန်ဒီယေဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

image

၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်း စက်တင်ဘာ (၁၄)ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမယ်

၂၀၂၆ အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီးလက်ရွေးသင်အသင်းဟာ စက်တင်ဘာ (၁၄)ရက်မှာ အာရှအမျိုးသမီးဘောလုံးအင်အားကြီး တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားအမျိုးသမီးအသင်းတို့ဟာ အုပ်စုပထမပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ (၅)နာရီမှာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ နန်ဂိုင်းအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရန် ဂျပန်နိုင်ငံသို့ စက်တင်ဘာ ၁၀ ရက်က ထွက်ခွာသွားပြီး အပြီးသတ်ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားခဲ့ပါတယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ ၂၀၂၆ အာရှအားကစား ပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ခဲ့ပြီး ပြီးခဲ့သည့်သြဂုတ် ၁၇ ရက်ကနေ စတင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ် ရွေးချယ်လိုက်တဲ့ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းမှာ ခင်မာလာထွန်း၊ ဝင်းသိင်္ဂထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ မေသက်မွန်မြင့်၊ မေထက်လူ အစရှိတဲ့ ဝါရင့်ကစားသမားဟောင်းများ ပြန်လည်ပါဝင်ခဲ့သလို မျက်နှာသစ်ကစားသမားများဖြစ်တဲ့ ဇွန်သဲဦး၊ ဇင်မာထွေး၊ ဒေစီအောင်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း (၁၂)သင်းနဲ့ လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပသွားမှာပါ။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)မှာ အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C)မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စုတစ်ခုစီကနေ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ (၁၄)ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၁၇)ရက်မှာ အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ (၂၁)ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုအတွင်းမှာ အာရှအမျိုးသမီးဘောလုံးအင်အာကြီး တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းများကို အနိုင်ရကစားရန် ခက်ခဲနိုင်ပေမဲ့ အုပ်စုတတိယနေရာအတွက် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရအောင်ကစားရမှာပါ။ မြန်မာအမျိုးသမီးအသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းတို့နဲ့ပွဲများမှာ ဂိုးပြတ်မရှုံးနိမ့်ခဲ့ရင် အုပ်စုနောက်ဆုံးပွဲမှာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မှာပါ။

image

Fire Dragon ဖလား နိုင်ငံတကာဖူဆယ်ပြိုင်ပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua FC အသင်း ဗိုလ်စွဲပြီး ဆုကြေးဒေါ်လာ (၃၅၀၀) ရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၆ Fire Dragon ဖလား နိုင်ငံတကာဖူဆယ်ပြိုင်ပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua FC အသင်း ဗိုလ်စွဲပြီး ဆုကြေးငွေဒေါ်လာ (၃၅၀၀) ရရှိခဲ့ကြောင်း သိရပါတယ်။
ပြိုင်ပွဲဗိုလ်လုပွဲကို မြန်မာကလပ် MIU အသင်းနဲ့ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းတို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ Black Steel Papus အသင်းက (၃-ဝ)ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲခဲ့တာပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နဲ့ သဲသောင်ပြင်ဘောလုံးကော်မတီက ဦးဆောင်ကျင်းပတဲ့ ၂၀၂၆ Fire Dragon ဖလား နိုင်ငံတကာဖူဆယ်ပြိုင်ပွဲကို ပြီးခဲ့တဲ့စက်တင်ဘာ (၆) ရက်ကနေ (၁၂) ရက်အထိ ရန်ကုန်မြို့ရှိ MFF ဖူဆယ်အားကစားရုံမှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဖူဆယ်အသင်း (၅)သင်း၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားကိုယ်စားပြု ဖူဆယ်အသင်း တစ်သင်းစီ၊ စုစုပေါင်း အသင်း (၈)သင်းဖြင့် ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံကိုယ်စားပြုအသင်း (၅)သင်းအဖြစ် MIU၊ YCDC Dream Team၊ YRG၊ M2K၊TG United၊ အင်ဒိုနီးရှားကလပ် Black Steel Papua၊ ထိုင်းကလပ် Black Pearl United၊ ကမ္ဘောဒီးယားကလပ် Lucky FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင်အသင်း (၈)သင်းကို ပထမအဆင့်အနေနဲ့ (၄)သင်း (၂) အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားစေပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုအရ အသင်းနှစ်သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ်သို့ အုပ်စု (A)က Black Steel Papua အသင်းနဲ့ YCDC Dream Team အသင်း၊ အုပ်စု (က MIU အသင်းနဲ့ YRG အသင်းတို့ တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ရောက် အသင်း (၄)သင်းထဲမှာ ဖိတ်ကြားခံအသင်း (၃) သင်းထဲကနေ အင်ဒိုနီးရှားကလပ်အသင်း တစ်သင်းသာတက်ရောက်ခဲ့ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားကလပ်အသင်းတို့က အုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်မှာ Black Steel Papua အသင်းက YRG အသင်းကို (၄-၁) ဂိုး၊ MIU အသင်းက YCDC Dream Team အသင်းကို (၆-၃) ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းက မြန်မာကလပ် MIU အသင်းကို အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။
ပြိုင်ပွဲအပြီးမှာ ဗိုလ်စွဲသွားတဲ့ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းကို ချန်ပီယံဆုဖလားနဲ့ ဆုကြေးငွေ ဒေါ်လာ (၃၅၀၀)၊ ဒုတိယရ MIU အသင်းကို ဆုကြေးငွေ ဒေါ်လာ (၂၅၀၀)၊ တတိယရ YCdC Dream Team အသင်းကို ဆုကြေးငွေ ဒေါ်လာ (၁၅၀၀)၊ စတုတ္ထရ YRGအသင်းကို ဆုကြေးငွေ ဒေါ်လာ (၁၀၀၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် ပြိုင်ပွဲတစ်လျှောက် အသန့်ရှင်းဆုံးအသင်းဆုရရှိခဲ့သော MIU အသင်းကို ဆုကြေးငွေ ဒေါ်လာ (၅၀၀)၊ တစ်ဦးချင်းဆုများအတွက် ဆုကြေးငွေ ဒေါ်လာ (၃၀၀) စီလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

image

ရှမ်းယူနိုက်တက်အသင်း ခြေစစ်ပွဲအောင်ရန် လာအိုကလပ် အီဇရာအသင်းကို နှစ်ဂိုးပြတ်ရန်လိုအပ်

ယခု၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဝင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ရောက်ရန်အတွက် ဒုတိယအကျော့မှာ လာအိုကလပ် အီဇရာအသင်းကို အနည်းဆုံး နှစ်ဂိုးပြတ် အနိုင်ကစားရန် လိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာအသင်းတို့ဟာ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဒုတိယအကျော့အဖြစ် စက်တင်ဘာ ၁၄ ရက် ညနေ (၆)နာရီမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ပထမအကျော့အဖြစ် စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ လာအိုကလပ် အီဇရာအသင်းကို (၂-၃) ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအောင်မြင်ရန် ယခုဒုတိယအကျော့မှာ လာအိုကလပ် အီဇရာအသင်းကို မဖြစ်မနေ ဂိုးပြတ်အနိုင်ရရှိရန် လိုအပ်နေတာပါ။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)အနေနဲ့ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာ၊ ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါနဲ့ ဘရူနိုင်းကလပ် ကာဆူကအသင်းတို့ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားစေပြီး ခြေစစ်ပွဲအောင်အသင်းနှစ်သင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရရှိမှာပါ။ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ခြေစစ်ပွဲနှစ်ကျော့စလုံးကို အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပခွင့်ရရှိထားပါတယ်။ AFF ဟာ ယခုရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း (၁၄)သင်းနဲ့ (၇)သင်း (၂) အုပ်စုခွဲကျင်းပသွားမှာပါ။

image

မြန်မာ့လက်ရွေးစင် ငွေခေတ်ကစားသမားဟောင်း ဦးဝင်းအောင် ကွယ်လွန်

မြန်မာ့လက်ရွေးစင်ဘောလုံးသမား ငွေခေတ်ကစားသမားဟောင်း ဦးဝင်းအောင်ဟာ (စက်တင်ဘာ ၁၃) ရက်၊ ညနေ (၄နာရီ မိနစ် ၃၀) နာရီမှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အာယုဆေးရုံမှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။
ဦးဝင်းအောင်ဟာ ကွယ်လွန်ချိန်မှာ အသက် (၆၀)နှစ်ရှိပြီဖြစ်ကြောင်းသိရပြီး အဆုတ်ထဲရေဝင်တဲ့ ရောဂါဝေဒနာနဲ့ စက်တင်ဘာလဆန်းကတည်းက အာယုဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။
ဦးဝင်းအောင်အနေနဲ့ ၁၉၈၉ ခုနှစ်မှာ မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်းများစွာ ကစားပေးခဲ့သူဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်၊ (၁၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့တဲ့ ဦးဝင်းအောင်ဟာ မြန်မာအသင်းနဲ့အတူ ငွေတံဆိပ်ဆုရယူပေးခဲ့သူဖြစ်ပြီး ဦးဝင်းအောင်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ဂျပန်နိုင်ငံ၊ ဟီရိုရှိးမားမြို့မှာ ကျင်းပခဲ့တဲ့ ၁၉၉၄ အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ပါဝင်ကစားခဲ့ပြီး ကာတာအသင်းနဲ့ (၂-၂) ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ခေါင်းတိုက်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။
ဦးဝင်းအောင်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ တိုက်ဂါးဖလားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ကစားပေးခဲ့သူဖြစ်ပြီး ဦးဝင်းအောင်ဟာ ပြည်တွင်းကလပ်အသင်းများဖြစ်တဲ့ ဆောက်လုပ်ရေး၊ ဘဏ္ဏာအခွန်အသင်းတွေမှာ ကစားခဲ့ဖူးသလို၊ ပြည်ပကလပ်အသင်းများဖြစ်တဲ့ စင်ကာပူ၊ ထိုင်းကလပ်အသင်းများမှာလည်း သွားရောက်ကစားဖူးခဲ့သူပါ။
အထောင်တိုက်စစ်မှူးနေရာတွင်သာ စွဲမြဲစွာကစားခဲ့သူဖြစ်တဲ့ ဦးဝင်းအောင်ဟာ ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်ထူးချွန်မှုကြောင့် မြန်မာဘောလုံးပရိသတ်များရဲ့ အချစ်တော်တစ်ဦးဖြစ်ခဲ့ပါတယ်။

image

မန်ချက်စတာဒါဘီမှာ ဟာလန်းရဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက် မှားယွင်းကြောင်း Pro Ref ထုတ်ပြန်ကြေညာ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း သွင်းယူခဲ့တဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက် မှားယွင်းကြောင်း Pro Ref က ထုတ်ပြန်ကြေညာခဲ့ပြီး မန်ယူအသင်းကိုလည်း တောင်းပန်ခဲ့ပါတယ်။
Pro Ref ဆိုတာက အင်္ဂလန်နိုင်ငံက ပရော်ဖက်ရှင်နယ်ဘောလုံးပွဲတွေကို ကြီးကြပ်တဲ့ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်းဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ် ဦးဆောင်နေတာပါ။
မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန် ပွဲချိန်(၂၃)မိနစ်ကတည်းက ထုတ်ပယ်ခံခဲ့ရတာကြောင့် မန်ယူအသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမဲ့ အနိုင်ဂိုးကို ပွဲချိန်မိနစ်(၆၀)မှာ ဟာလန်းက သွင်းယူသွားခဲ့တာပါ။
ဟာလန်းရဲ့ဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမဲ့ VAR ဒိုင်အဖွဲ့က လူကျွံဘောမဖြစ်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မန်ယူနည်းပြ ကာရစ်က ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့သလို၊ Pro Ref ကလည်း VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
''မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ အိုးလ်ထရက်ဖို့ဒ်က တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် မိနစ်(၆၀)မှာ မတော်တဆမှု ဖြစ်ခဲ့ပြီး အာလင်းဟာလန်းရဲ့ဂိုးကို ခွင့်ပြုခဲ့ခြင်းအတွက် ကျွန်တော်တို့ ရှင်းလင်းချက်ပေးနိုင်ပါတယ်။ ကွင်းအတွင်းဆုံးဖြတ်ချက်က အာလင်းဟာလန်း လူကျွံတယ်လို့ သတ်မှတ်ခဲ့တာပါ။ ဒါကို VAR က လူကျွံအနေအထားမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီတိုက်စစ်ဆင်မှုမှာ အန်ဇိုဖာနန်ဒက်ဇ်က ဘောလုံးမကစားခဲ့တာကြောင့် လူကျွံဘောမဟုတ်ဘူးလို့ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့နေရာယူထားမှုက သက်ရောက်မှုရှိနိုင်တာကို VAR က သတိမပြုမိခဲ့ပါဘူး။ ကွင်းလယ်ဒိုင်ကို ပြန်လည်ကြည့်ရှုသုံးသပ်ဖို့ အကြံပြုခဲ့သင့်ပါတယ်။ ကျွန်တော်တို့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ယူဆတာကြောင့် မန်ယူနိုက်တက်အသင်းကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း ပြန်လည်သုံးသပ်သွားမှာပါ'' လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

image

လာလီဂါမှာ ရာသီအဖွင့်(၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ (၁၁)ဦးမြောက်ကစားသမားအဖြစ် အူဘာမီယန်း မှတ်တမ်းဝင်

ဒီပို့တီဗိုအသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ လာလီဂါမှာ ရာသီအဖွင့်(၅)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ (၁၁)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အူဘာမီယန်းဟာ ဒီနွေရာသီမှာမှ မာဆေးလ်ကနေ ဒီပို့တီဗိုအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြနေတာပါ။
အူဘာမီယန်း(၃၇ နှစ်)က အယ်လ်ချီ၊ မာလာဂါ၊ ဗလင်စီယာ၊ ဗီလာရီးယဲလ်၊ ဂီတာဖေးတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ (၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဂိုးဖန်တီးမှု (၂)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
လာလီဂါမှာ ရာသီအဖွင့်(၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ နောက်ဆုံးကစားသမားက ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းယူခဲ့တဲ့ အီဘရာဟီမိုဗစ်ဖြစ်ကြောင်း သိရပါတယ်။
အူဘာမီယန်းက လာလီဂါရာသီအဖွင့်(၅)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ဒီပို့တီဗိုကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ဒီပို့တီဗိုအသင်းက ရာသီအဖွင့်(၅)ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ကစားသမားအများဆုံးပေါ်ထွက်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီရာသီမှာမှ လာလီဂါကို တန်းပြန်တက်လာခဲ့တဲ့ ဒီပို့တီဗိုအသင်းဟာ (၅)ပွဲကစားအပြီးမှာ (၂)ပွဲနိုင်၊ (၃)ပွဲသရေနဲ့ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပါတယ်။

image

ဂျိုတာရဲ့အမည် အော်ဟစ်လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်သင့်တယ်လို့ စီရော်နယ်လ်ဒို တောင်းဆို

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဂျိုတာရဲ့အမည် အော်ဟစ်လှောင်ပြောင်ခဲ့တဲ့ အယ်လ်တာဝန်းအသင်းပရိသတ်တွေကို ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်သင့်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားတောင်းဆိုခဲ့ပါတယ်။
စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်တာဝန်း ၀-၆ အယ်လ်ဟီလာပွဲမှာ အိမ်ရှင်အသင်းရဲ့ ပရိသတ်တွေက အယ်လ်ဟီလာကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ပစ်မှတ်ထားလှောင်ပြောင်ခဲ့ရာမှာ ဂျိုတာရဲ့အမည်ကို အော်ဟစ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ရူဘင်နေးဗက်စ်နဲ့ ဂျိုတာတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ပြီး ရူဘင်နေးဗက်စ်က ကွယ်လွန်သွားတဲ့ ဂျိုတာနဲ့သူ အောင်ပွဲခံနေတဲ့ပုံကိုလည်း ခြေသလုံးမှာ တက်တူးထိုးထားပါတယ်။
ဂျိုတာက အသက်(၂၈)နှစ်အရွယ် ၂၀၂၅ ဇူလိုင်လမှာ ယာဉ်မတော်တဆဖြစ်ကာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ရူဘင်နေးဗက်စ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တာကြောင့် အယ်လ်တာဝန်းပရိသတ်တွေက သူ့အမည်ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြတာပါ။
''လိဂ်အနေနဲ့ ပရိသတ်တွေရဲ့ အခုလိုအပြုအမူကို အရေးယူအပြစ်ပေးမှု ပြုလုပ်ရမှာပါ။ ဒီလိုပြုမူသူတွေကို ကွင်းထဲနောက်တစ်ကြိမ်ဝင်ခွင့် လုံးဝမပေးသင့်ပါဘူး'' လို့ စီရော်နယ်လ်ဒိုက Instagram မှာ ရေးသားခဲ့တာပါ။
ရူဘင်နေးဗက်စ်(၂၉ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ ဝုလ်ဗ်ကနေ အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိ ရှိနေကြောင်း သိရပါတယ်။

image