❝ဗိုလ်နဂါးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် (၅) ဦး လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံအလင်းဝင်❞

ဖေဖော်ဝါရီ ၂၁

နိုင်လင်း (ခေါ်) နဂါး ဦးဆောင်သော BNRA အဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်း ဆောင် ၁ ဦးနှင့် တတိယတာဝန်ခံအဆင့်ရှိသူ ၁ ဦးအပါအဝင် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် လက်နက် မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတစ်ခုထံသို့ လာရောက်ဆက်သွယ် သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား နယ်မြေခံ လုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် လိုအပ်သည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးအနေဖြင့် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်နေမှုများအပေါ် မနှစ်မြို့ တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံ လာခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါး ဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ထပ်မံဝင် ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ် အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image