Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယုံကြည်မှုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စဉ်ဆက်မပြတ်ထိတွေ့ပြီး ရှေ့ဆက်နိုင်မည်ဖြစ်၍ နည်းလမ်းမျိုးစုံနှင့် ဆက်သွယ်ဆောင်ရွက်စေလိုကြောင်း NSPNC ဥက္ကဋ္ဌ ပြောကြား
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/ ၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည့် ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မိမိတို့နိုင်ငံအနေဖြင့် အဓိကလိုအပ်ချက်မှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးဖော်ဆောင်ရန်မှာလည်း ငြိမ်းချမ်းရေးသည် အဓိကဖြစ်ကြောင်း၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ကြိုတင်ကန့်သတ်ချက်များမထားဘဲ တစ်ပြေးညီဖိတ်ခေါ်ခဲ့ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း ဆွေးနွေးညှိနှိုင်းမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်သဘောတူညီခဲ့သည့်အပိုင်းများကို လိုက်နာဆောင်ရွက်ပြီး ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခင်ချုပ်ဆိုခဲ့သော စာချုပ်များကို လေးစားလိုက်နာပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ယုံကြည်မှုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ထိတွေ့ပြီး ရှေ့ဆက်နိုင်မည်ဖြစ်၍ နည်းလမ်းမျိုးစုံနှင့် ဆက်သွယ်ဆောင်ရွက်စေလိုပါကြောင်း၊ နှစ်ဖက်အပြန်အလှန် ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုလည်း တိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ပေါ်တူဂီအသင်းကို အကူအညီမပေးနိုင်တော့ဘူးလို့ ခံစားရချိန်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ စီရော်နယ်လ်ဒို ပြောကြား
ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းကို အကူအညီမပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်ရောက်ရင် လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ ပြောကြားခဲ့ပါတယ်။
အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် (၂၃၃)ပွဲကစားကာ (၁၄၆)ဂိုး သွင်းယူထားသူဖြစ်ပြီး ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။
''ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ အနာဂတ်နဲ့ ပစ္စုပ္ပန်အကြောင်း ကျွန်တော် အမြဲတမ်း စဉ်းစားပါတယ်။ အသင်းဥက္ကဋ္ဌ၊ နည်းပြတွေနဲ့လည်း ဆွေးနွေးပါတယ်။ လက်ရွေးစင်အသင်း လိုချင်တဲ့နေရာကို ရောက်ရှိဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်ရောက်ရင် ကျွန်တော် အနားယူမှာပါ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး(၉၇၉)ဂိုး သွင်းယူထားပြီး ဂိုး(၁၀၀၀)ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားတာကြောင့် လက်ရွေးစင်ကစားသမားဘဝက အနားမယူသေးခြင်းဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပေမဲ့ အသင်းကို ကူညီပေးဖို့ ဆက်ရှိနေခြင်းဖြစ်ကြောင်း စီရော်နယ်လ်ဒိုက ပြောကြားခဲ့တာပါ။
ပေါ်တူဂီပရိသတ်အများစုကတော့ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားဖို့ မသင့်တော်တော့ဘဲ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားသင့်တယ်လို့ ယူဆနေကြကြောင်း သိရပါတယ်။
မြန်မာဖိုက်တာ ထီရဲယ်ထန် ဒီညနေ ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နဲ့ ထိုးသတ်မယ်
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ထီရဲယ်ထန်ဟာ ဒီညနေမှာ ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ချင်းတိုင်းရင်းသားဖိုက်တာ ထီရဲယ်ထန်ဟာ ဂျပန် MMA ပရိုမိုးရှင်းတစ်ခုဖြစ်တဲ့ SHOOTO က ကျင်းပမယ့် Lemino SHOOTO-8 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
ဂျပန် MMA ပရိုမိုးရှင်းဖြစ်တဲ့ SHOOTO ဟာ Lemino SHOOTO-8 ပြိုင်ပွဲကို ဒီနေ့မှာ ဂျပန်နိုင်ငံ၊ တိုကျို မြို့ရှိ ကိုရာကူရင်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Lemino SHOOTO-8 ပြိုင်ပွဲကို မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီခွဲ (ဂျပန်စံတော်ချိန် ညနေ ၆ နာရီ) မှာ စတင်ကျင်ပမှာဖြစ်ပြီး ထီရဲယ်ထန်နဲ့ ကာဝါနာမတ်စ်ပွဲက ညနေ (၆) နာရီဝန်းကျင်မှာ ထိုးသတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ဂျပန် MMA ပရိုမိုးရှင်း SHOOTO ဟာ Lemino SHOOTO-8 ပြိုင်ပွဲမှာ တွဲဆိုင်း (၉) ဆိုင်း ပါဝင်မှာဖြစ်ပြီး ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နဲ့ ထီရဲယ်ထန်တို့ရဲ့ တွဲဆိုင်းကို ဒုခေါင်တွဲဆိုင်းအဖြစ် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ထီရဲယ်ထန်ဟာ အစောပိုင်းကာလများမှာ ONE Championship မှာ ထိုးသတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အခြား MMA ပရိုမိုးရှင်းများမှာ သွားရောက်ထိုးသတ်နေသူဖြစ်ပါတယ်။
ထီရဲယ်ထန်ဟာ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ (၁၃) ပွဲ ထိုးသတ်ထားရာ ရှစ်ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ထားကြောင်း သိရပါတယ်။
ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင် ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲ
အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အဲရစ်ဆင်ဟာ အေဂျက်စ်၊ စပါး၊ အင်တာမီလန်၊ ဘရန့်ဖို့ဒ်နဲ့ မန်ယူအသင်းတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်စဉ် နှလုံးရောဂါကြောင့် ကွင်းအတွင်း လဲကျခဲ့ဖူးသူပါ။
ဒီဖြစ်ရပ်ကြောင့် (၈)လဝန်းကျင် အနားယူခဲ့ရသလို၊ အင်တာမီလန်အသင်းနဲ့လည်း လမ်းခွဲခဲ့ရပေမဲ့ အဲရစ်ဆင်က ကစားသမားဘဝက အနားမယူခဲ့ပါဘူး။
အဲရစ်ဆင်က နှလုံးအကူစက် တပ်ဆင်ကာ ဘောလုံးဆက်ကစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လက ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်း ထပ်မံလဲကျခဲ့တာကြောင့် ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဲရစ်ဆင်က ၂၀၂၅ နွေရာသီမှာ ဝုဖ်ဘတ်အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝုဖ်ဘတ်အသင်းအတွက် (၃၄)ပွဲ ကစားအပြီးမှာ လမ်းခွဲခဲ့တာဖြစ်ပြီး မိသားစုနဲ့ နီးနီးကပ်ကပ်ရှိနေပေးဖို့ လိုအပ်တာကြောင့်ဖြစ်ကြောင်း အဲရစ်ဆင်က အကြောင်းပြချက်ပေးခဲ့ပါတယ်။
အဲရစ်ဆင်က ကစားသမားဘဝက အနားယူဖို့တော့ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းနဲ့ တီမောအသင်း ဒီညနေ (၆) နာရီခွဲ ယှဥ်ပြိုင်မယ်
၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီညနေ မြန်မာစံတော်ချိန် (၆) နာရီခွဲမှာ တီမောအသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ စက်တင်ဘာ (၂၂) ရက်က ရန်ကုန်မြို့ကနေ ဟောင်ကောင်သို့ ထွက်ခွာသွားခဲ့ပြီး နည်းပြ နော်ဝေ/ ဂျာမန်နိုင်ငံသား အန်ဒါဆင်ဟာ ၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား (၂၃) ဦး ခေါ်ဆောင်သွားခဲ့ပါတယ်။
အန်ဒါဆင်ရဲ့အပြီးသတ်ကစားသမား (၂၃) ဦးစာရင်းတွင် လွင်မိုးအောင်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ သန်းပိုင်၊ ဟိန်းထက်အောင်၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်တို့လို ဝါရင့်ကစားသမားများ ပြန်လည်ပါဝင်လာသလို မျက်နှာသစ်လူငယ်ကစားသမားများဖြစ်တဲ့ ကောင်းခန့်ကျော်၊ မိုးဆွေ၊ ပြည့်စုံအောင်တို့ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် လူငယ်ကစားသမားများဖြစ်တဲ့ မြတ်ဘုန်းခန့်၊ ဇွဲခန့်မင်း၊ အောင်မျိုးခန့်၊ ရှိုင်းဝဏ္ဏအောင်၊ ခွန်ကျော်ဇင်ဟိန်း အစရှိသူတို့လည်း ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲကို ဟောင်ကောင်ရှိ ကွင်းနှစ်ကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဖီဖာဟာ ၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲကို ဟောင်ကောင်ရှိ ပရိသတ် (၆၀၀၀) ကျော်ဆံ့ မောင်ကော့ကွင်းနဲ့ ပရိသတ် (၅၀၀၀၀) ဆံ့ ကိုင်တက်အားကစားကွင်းတို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဖီဖာဟာ မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှုကို စက်တင်ဘာ ၉ ရက်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division တွင် အုပ်စု (A) ၌ အိမ်ရှင်ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု ( တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့ ကျရောက်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အုပ်စုပွဲများ အဖြစ် စက်တင်ဘာ ၂၄ ရက်တွင် တီမောအသင်း၊ စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။
ဖီဖာဟာ ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲကို အတန်းနှစ်တန်းခွဲ၍ Premier Division နဲ့ Challenge Division အဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဖီဖာဟာ Premier Division ကို အင်ဒိုနီးရှားနိုင်ငံတွင် လည်းကောင်း၊ Challenge Division ကို ဟောင်ကောင်တွင်လည်းကောင်း အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားလျက်ရှိကြောင်း သိရပါတယ်။
Premier Division ရဲ့ အုပ်စု (A) တွင် အိမ်ရှင်အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု ( တွင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်အသင်းတို့ဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Challenge Division ရဲ့ အုပ်စု (A) တွင် အိမ်ရှင်ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု ( တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့ဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲနှစ်ရပ်စလုံးကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
ဖီဖာဟာ Premier Division တွင် ဗိုလ်စွဲမယ့်အသင်းကို ဒေါ်လာ (၆) သိန်းခွဲ၊ Challenge Division တွင် ဗိုလ်စွဲမယ့်အသင်းကို ဒေါ်လာ ၃ သိန်း၊ ပါဝင်ယှဉ်ပြိုင်ကြမယ့်အသင်းတိုင်းကို ဒေါ်လာ ၁၂၅၀၀၀ စီ ပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။။
ဖီဖာဟာ ဖီဖာအာဆီယံဖလားပြိုင်ပွဲရဲ့ Premier Division နဲ့ Challenge Division အတွက် တန်းဆင်းတန်းတက် ထားရှိ၊ မထားရှိကို မထုတ်ပြန်သေးကြောင်း သိရပါတယ်။
ဒက်ကလန်ရိုက်စ်နဲ့ ဘန်ဝှိုက်တို့ကို နိုင်ငံတကာရက်သတ္တပတ်မှာ စာချုပ်သက်တမ်းတိုးနိုင်ဖို့ အာဆင်နယ်အသင်း လုပ်ဆောင်နေ
အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်နဲ့ နောက်ခံလူ ဘန်ဝှိုက်တို့ကို နိုင်ငံတကာရက်သတ္တပတ်မှာ စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားနှစ်ဦးစလုံးကို အာဆင်နယ်အသင်းက သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
ဒက်ကလန်ရိုက်စ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၈ မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်းက ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ဘန်ဝှိုက်ကတော့ ၂၀၂၄ ခုနှစ်ကမှ (၄)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ဒက်ကလန်ရိုက်စ်က ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲစလုံး ပွဲထွက်ကစားခဲ့ပြီး ဘန်ဝှိုက်က ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲ ပွဲထွက်ကစားခဲ့ပါတယ်။
ဘန်ဝှိုက်က အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ဒက်ကလန်ရိုက်စ်နဲ့အတူ သက်တမ်းတိုးဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အင်ဒိုနီးရှား ဆွေးနွေး
မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆီအုန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအပြင် တောင်သူပညာပေးလုပ်ငန်းများနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ H.E. Mr. Novan Ivanhoe Saleh ဦးဆောင်သည့်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ တောင်သူများအတွက် အသိပညာပေးအစီအစဉ်များ ထုတ်လုပ်ရေး၊ တောင်သူပညာပေးသင်တန်းကျောင်းများ တည်ဆောက်ရေးနှင့် ဒီဂျစ်တယ်၊ ရုပ်သံအခြေပြု စိုက်ပျိုးရေးသတင်းအချက်အလက်များ ဖြန့်ဝေပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ မျှဝေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂျပန်ရောက် မြန်မာများ ကောင်စစ်ဝန်ဆောင်မှု လျှောက်ထားရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ မပါပါက လက်ခံမည်မဟုတ်
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ပြီး အဆိုပါ မိတ္တူများ မပါရှိပါက လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာ ၂၄ ရက်တွင် အသိပေးထုတ်ပြန်သည်။
မြန်မာသံရုံး (တိုကျို) အနေဖြင့် ဂျပန်နိုင်ငံ၌ ရောက်ရှိနေထိုင်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ ပြည့်စုံစေရန် လျှောက်ထားသူ ကာယကံရှင်၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သံရုံးက အသိပေးထားသည်။
အထူးသဖြင့် စာတိုက်မှတစ်ဆင့် လျှောက်ထားသူများအနေဖြင့် အဆိုပါ မိတ္တူများကို ပူးတွဲပေးပို့ခြင်းမရှိပါက အချက်အလက်မပြည့်စုံသည့် လျှောက်လွှာအဖြစ် သတ်မှတ်မည်ဖြစ်သည်။
ယင်းကဲ့သို့ အချက်အလက်မပြည့်စုံသည့် လျှောက်လွှာများကို သံရုံးက လက်ခံဆောင်ရွက်ပေးမည်မဟုတ်ဘဲ လျှောက်ထားသူထံ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။