MWCDF က ပဲခူးတိုင်းအတွင်း ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) သည် ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် လူမှုအဖွဲ့အစည်းများအား ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
“လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်း ရစေသား” ဆောင်ပုဒ်ဖြင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် MWCDF အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း ဦးဆောင်သည့် တာဝန်ရှိသူများသည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာသို့ သွားရောက်၍ ဒေသခံရပ်မိရပ်ဖများ၊ ကျေးလက်နေအမျိုးသမီးများနှင့် လူငယ်များအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ MWCDF အသင်းဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ MWCDF ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပြင် ထုံးကြီး၊ ကော့ချဲ၊ မှော်လုံ၊ ကမ်းနီ၊ ကင်းပိုင်ကျုံ၊ ဘုရားငုတ္တို၊ လသာကုန်း စသည့် ကျေးရွာခွဲများမှ ဒေသခံများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ဒေါက်တာနန္ဒာမွှန်းက အသင်း၏ ရည်ရွယ်ချက်နှင့် လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွားဘဝ အထောက်အကူပြုနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် လှိုင်သီရိမွန်အထူးကုဆေးခန်းမှ ဆရာဝန်နှင့် သူနာပြုများ၊ ဒေသခံကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးကာ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။
MWCDF အသင်းက ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီစောင့်ရှောက်ရေးအတွက် ကျေးရွာစာကြည့်တိုက်များသို့ သုတ၊ ရသစာအုပ်များ၊ ကျေးရွာဆေးပေးခန်းအတွက် အလှူငွေနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့သည်။ ထို့ပြင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ ၇၀ ဦးအတွက် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းတွင် ငါးဘာသာ၊ နှစ်ဘာသာနှင့် တစ်ဘာသာ ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်များ ထောက်ပံ့ချီးမြှင့်ခဲ့သည်။

image

ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့မှ ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိ

ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြီးရေ လျှံမှုများဖြစ်ပေါ်လျက်ရှိသည့် ဧရာဝတီတိုင်း၊ လေး မျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ ရေပြန်လည်ကျဆင်းသွားသော ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ၊ ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာ၊ တောင်ပို့တန်းကျေးရွာ၊ က ညင်ငူကျေးရွာ၊ အုတ်ပုံကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ငနုတ်ဆည်ကျေးရွာ၊ သင်္ကန်းတောကျေးရွာတို့တွင် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံစဥ် ဒေသခံများ လျှပ်စစ်အန္တရာယ်မကြုံ တွေ့စေရေးအတွက် သက်ဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားများကို သြဂုတ် ၄ ရက်မှစတင်ကာ ယာယီဖြတ်တောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်

ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၇ ရက်ညနေ ၄ နာရီတွင် အသိပေးထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းနည်းတူ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန်လည်း မိုးဇလက အသိပေးထုတ်ပြန်ခဲ့သည်။
ယနေ့ စက်တင်ဘာ ၇ ရက်ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပေါ်သို့ရေများတက်လာသဖြင့် လမ်းပိတ်ဆို့ကာသွားလာမှုများကြန့်ကြာခဲ့ရသည်။

image

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ Control Center စောင့်ကြည့်စစ်ဆေးချက်အရ ဓာတ်အားခိုးယူသုံးစွဲသည့် မြောင်းတကာစက်မှုဇုန်မှ SKY MAN သံရည်ကျိုလုပ်ငန်းစက်ရုံကိုပိတ်သိမ်းခဲ့

သြဂုတ်လအတွင်း ဓာတ်အားခိုးယူသုံးစွဲသူ(၉၅)ဦးကိုဖော်ထုတ်နိုင်ခဲ့
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ Control Center များမှစောင့်ကြည့်စစ်ဆေးချက်အရ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲသည့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်မှ SKY MAN သံရည်ကျိုလုပ် ငန်းစက်ရုံကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်က မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင်သုံးစွဲနေသော မီတာအမှတ်(YN-17431)၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများမှစစ်ဆေးပြီး မီတာကိုဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအားပြုပြင်ပြီးဓာတ်အားခိုးယူသုံးစွဲထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် စက်ရုံအား ချက်ချင်းပိတ်သိမ်း၍ နိုင်ငံတော်ကနစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ်(၂၃ ဒသမ ၃၆)သန်းအတွက် ကျသင့်လျော်ကြေးငွေကျပ် (၁၇ ဒသမ ၁၈၄)ဘီလီယံအားပြန်လည်ပေးသွင်းစေပြီး မှော်ဘီမြို့မရဲစခန်း၌ လျှပ်စစ်ဥပဒေနှင့်အညီအမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သြဂုတ်လအတွင်းက တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို ဝန်ကြီးဌာနမှဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့်စစ်ဆေးဖော်ထုတ်ခဲ့ရာ နေပြည် တော်တွင်(၇)ဦး၊ ရန်ကုန်တိုင်းတွင်(၁၂)ဦး၊ မန္တလေးတိုင်းတွင်(၂၁)ဦး၊ မကွေးတိုင်းတွင်(၁၇)ဦး၊ ဧရာဝတီတိုင်းတွင်(၃၂)ဦး၊ ကချင်ပြည်နယ်တွင်(၁)ဦး၊ မွန်ပြည်နယ်တွင်(၂)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၃)ဦး (စုစုပေါင်း ၉၅ ဦး)ကိုဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ မီတာဖြုတ်သိမ်းခြင်း၊ လျော်ကြေးငွေအပြည့်အဝတောင်းခံခြင်းနှင့် အချို့ကို ဥပဒေအရအမှုဖွင့်တရားစွဲဆိုခြင်းများဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

image

OYOTA MARK ll ကားလမ်းချော်ပြီး ကုက္ကိုပင်ဝင်တိုက်(၂)ဦး ‌ေ-သဆုံးခဲ့မှု ရန်ကုန်-ပုသိမ်လမ်းတွင်ဖြစ် ပွား

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် TOYOTA MARK ll ကားလမ်းချော်ပြီး ကုက္ကိုပင်ဝင်တိုက်မိခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၊ ရိုးကြီးကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းအတိုင်း ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော TOYOTA MARK ll ကားသည် မိုင်တိုင်အမှတ် ၃၄/၀ နှင့် ၃၄/၁ ကြားအရောက်လမ်းချော်ပြီး ကုက္ကိုပင်ကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသော အမျိုးသား(၂)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းများအား သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းက ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

ငဝန် တာတမံ ပိတ်ဆို့ကာရံခြင်းလုပ်ငန်းနှင့် ဧရာဝတီတိုင်းအတွင်း လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံပိတ်ဆို့ ကာရံခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် - ပုသိမ်လမ်း အခြေအနေ၊ လမ်းဘေးဝဲ/ယာ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများနှင့် ဟင်္သာတ - ဆုံကုန်း - မြန်အောင်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် တလုတ္ထော် - လေးမျက်နှာ လမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တာတမံပိတ်ဆို့ ကာရံသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တံတားအထူးအဖွဲ့ (၁၅) နှင့် (၁၆) တို့မှ Steel Sheet Pile / Stand Pipe များ ရိုက်သွင်းပြီးစီးမှု၊ Geo-bags အိတ်ကြီးများ ကရိန်းဖြင့် ချထားမှု၊ သောင်တူးစက်ကြီးများဖြင့် သဲမှုတ်တင်မှုနှင့် CB တွဲခွံအတွင်း သဲ၊ ကျောက် ထည့်သွင်း နစ်မြုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ရေဝင်လမ်းကြောင်း ပိတ်ဆို့ကာရံခြင်း လုပ်ငန်းများ အမြန်ပြီးစီးရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်၊ Steel Sheet Pile များကို Vibro-Hammer စက်ဖြင့် ရိုက်သွင်းခြင်းအား အရှိန်အဟုန် မပြတ်ဆောင်ရွက်သွားကြရန်၊ စက်ယန္တရားများအသုံးပြု၍ သဲအိတ်များနှင့် Stand Pipe များဖြင့် စနစ်တကျ ကာရံရန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ဆောင်ရွက်မှုအဆင့်တိုင်းတွင် စနစ်တကျနှင့်ဆောလျင်စွာပြီးစီးရေးစီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် Steel Sheet Pile / Stand Pipe များ ရိုက်သွင်းခြင်း လုပ်ငန်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားရန် မှာကြားခဲ့ကြောင်း သိရသည်။

image

တာမွေမြို့နယ်အတွင်း ရေကြီးစဉ် ရေမြောင်းအတွင်း ပြုတ်ကျ ပျောက်ဆုံးသူ ၁၄ နှစ်အရွယ် ကလေးငယ်ကို ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေနေ

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားစဉ် တာမွေမြို့နယ်အတွင်းရှိ ရေမြောင်းအတွင်း ပြုတ်ကျမျောပါသွားသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက် ညပိုင်းအထိ မတွေ့ရှိသေးဘဲ ယနေ့တွင် ပုဇွန်တောင်ချောင်းအတွင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း မိသားစုဝင်များနှင့် သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တာမွေမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရေကြီးနေချိန် တာမွေမြို့နယ်၊ ၁၅၄ လမ်း၊ စည်ပင်ဝန်ထမ်းအိမ်ရာဝန်းတွင် နေထိုင်သည့် အဆိုပါ ၁၄ နှစ်အရွယ် ကလေးငယ်သည် သူငယ်ချင်း နှစ်ဦးနှင့်အတူ ဝန်းအနီးရှိ ရေမြောင်းအတွင်း ရေဆင်းဆော့ကစားရာမှ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီရေးအဖွဲ့များနှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ရေမြောင်းများအတွင်း ည ၁၂ နာရီခန့်အထိ ဝင်ရောက်ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေသူကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
လက်ရှိတွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များက ပုဇွန်တောင်ချောင်းတစ်လျှောက် နယ်မြေရှင်းလင်းကာ ပျောက်ဆုံးနေသည့် ကလေးငယ်အား ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

image

၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲရန် ရေပန်းစားဆုံးအသင်းတွင် အာဆင်နယ်ထိပ်ဆုံးမှာရှိနေ

လာမည့် ၂၀၂၆-၂၇ ရာသီ UEFA Champions League ပြိုင်ပွဲကြီး စတင်ရန် နီးကပ်လာချိန်တွင် ကမ္ဘာကျော် အားကစားစာရင်းအင်းအဖွဲ့အစည်းတစ်ခုဖြစ်သော Opta ကွန်ပျူတာ၏ ဗိုလ်စွဲမည့်အသင်း ခန့်မှန်းချက်များကို ထုတ်ပြန်ထားသည်။
Opta မှ အခြေအနေပေါင်း တစ်သောင်းကျော်ကို ကွန်ပျူတာစနစ်ဖြင့် ပုံတူကူးယူတွက်ချက်ခဲ့ရာ ပြီးခဲ့သည့်ရာသီ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်း ဖြစ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းအနေဖြင့် သူတို့၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ရန် ၂၀.၉ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိနေသည်ဟု ဆိုသည်။
၎င်း၏နောက်တွင် ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်အသင်းက ၁၉.၄ ရာခိုင်နှုန်းဖြင့် ဒုတိယ ရေပန်းအစားဆုံး ဖြစ်နေပြီး၊ အင်္ဂလန်ကလပ် မန်ချက်စတာ စီးတီးအသင်းကမူ ၁၂.၃ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
အခြားသော ထိပ်တန်းကလပ်များဖြစ်သည့် ဘာစီလိုနာက ၈.၂ ရာခိုင်နှုန်းနှင့် လီဗာပူးလ်က ၆.၁ ရာခိုင်နှုန်းစီ အသီးသီး ရရှိထားကြသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ပြီးခဲ့သည့် နှစ်ရာသီဆက်တိုက် ချန်ပီယံဖြစ်ထားသည့် ပီအက်စ်ဂျီ (PSG) အသင်းမှာ လတ်တလော ပြည်တွင်းလိဂ်ခြေစွမ်းကြောင့် ဗိုလ်စွဲနိုင်ခြေ ၇.၁ ရာခိုင်နှုန်းသာ ရရှိကာ အဆင့် ၅ နေရာအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဥရောပ၏ အအောင်မြင်ဆုံးအသင်းကြီး ဖြစ်သည့် ရီးယဲလ် မဒရစ်အသင်းပင်လျှင် ဗိုလ်စွဲရန် ၄.၄ ရာခိုင်နှုန်းသာ အခွင့်အရေးရရှိထားသဖြင့် ခန့်မှန်းချက်ဇယား၏ အဆင့် ၇ နေရာတွေ ထားရှိထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် PSG နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး PSG အသင်းက အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့သည်။
လာမည့်ချန်ပီယံလိပ်အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၈ ရက်တွင် စတင်ယှဉ်ပြိုင်ကြမည်လည်း ဖြစ်သည်။

image

ကလေးမြို့ရေကြီးချိန် ဒေသခံ လေးယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရေကြီးမှုဖြစ်စဥ်အတွင်း စက်တင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ဒေသခံ လေးယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
ကလေးမြို့နယ်မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှစတင်ကာ ဒီကနေ့ စက်တင်ဘာ ၆ ရက်၊ မနက်ပိုင်းအထိ မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြေနိမ့်ပိုင်း နေရာတွေမှာ မိုးရေနဲ့အတူ တောင်ကျချောင်းရေတွေ အရှိန်အဟုန်နဲ့ စီးဝင်လာပြီး ရေကြီးခဲ့တာ ဖြစ်ပါတယ်။
“ရေကြီးတာက စက်တင်ဘာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ အဆိုးဆုံးဖြစ်ခဲ့တယ်။ မိုးကလည်း ကောင်းခဲ့တော့ မြစ်တွေ၊ ချောင်းတွေမှာ ရေတိုး တအားမြန်တယ်၊ ရေစီးလည်း ကြမ်းခဲ့တယ်။ စက်တင်ဘာ ၄ ရက်နေ့၊ မနက်ပိုင်းလောက်ကစပြီး ရာသီဥတုအခြေအနေ ကောင်းလာတယ်။ နေရာ တော်တော်များများ ရေတွေ ပြန်ကျလာတယ်။ သေဆုံးတာက လက်ရှိ စာရင်းအရ လေးယောက်ရှိမယ်။ ကလေးတယောက်လည်း ပါတယ်” လို့ ‌ကယ်ဆယ်ရေး လုပ်ဆောင်သူ တယောက်က ပြောပါတယ်။
ရေကြီးမှုအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့၊ မနက်အစောပိုင်းက ချမ်းသာကြီးကျေးရွာအနီးရှိ ချောင်းမှာ ရေစီးနဲ့မျောပါလာတဲ့ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိ၊ ဆယ်ယူခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စက်တင်ဘာ ၄ ရက်နေ့မှာပဲ အမျိုးသား တယောက် နတ်မြောင်ချောင်းအတွင်း ပြုတ်ကျခဲ့ပြီး ရေစီးနဲ့ မျောပါသွားခဲ့တာမှာ စက်တင်ဘာ ၅ ရက်၊ နေ့လယ်ပိုင်းမှာ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် စက်တင်ဘာ ၃ ရက်နေ့ကလည်း သဇင်ရပ်ကွက်မှာ ကလေးတယောက် ရေစီးနဲ့ မျောပါ သေဆုံးခဲ့သလို စက်တင်ဘာ ၂ ရက်နေ့ကလည်း ဥပုသ်ချောင်းရေ တက်တာကို သွားရောက်ကြည့်ရှုတဲ့ အသက် ၅၅ ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ကမ်းမြေပြိုကျမှုကြောင့် ရေထဲပြုတ်ကျကာ ရေစီးနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ မိုးလေဝသဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းတာချက်တွေအရ မြစ်သာမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၈ ဒသမ ၁ ပေအထိ သိသိသာသာ ကျဆင်းသွားပြီဖြစ်သလို မိုးရွာသွန်းမှုလည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။

image

မြစ်ကြီးနားမှာ ဧရာဝတီမြစ်ထဲရေဆင်းကူးတဲ့ ကလေးနှစ်ယောက်ရေနစ်သေဆုံး

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ် ၊ ရွှေစက်ရပ်ကွက်၊ ဧရာ၀တီမြစ်အတွင်းမှာ ကျောင်းနေအရွယ် ကလေးနှစ်ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၆ ရက်နေ့ ၊ နေ့လယ် ၂ နာရီလောက်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးနှစ်ယောက်ဟာ ဧရာဝတီမြစ်ထဲရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
" ကျောင်းပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေ ရေကူးကြတာမှာ ရေနစ်တာလို့သိရတယ်။အလောင်းတွေ မနေ့ကတည်းက အိမ်ကိုပြန်သယ်လာတယ်။ ကျောင်းတွေမှာ အသိပညာပေးတာ လုပ်ဖို့လိုအပ်နေပြီ။ ကျောင်းပိတ်ရက်ဖြစ်ဖြစ် ရေကန်တွေ မြစ်ထဲ ရေကူးတာ ၊ရေဆော့တာမလုပ်ဖို့ ဆရာဆရာမတွေ အနေနဲ့ ကျောင်းသားတွေကို အသိပညာပေးစေချင်တယ်။ အခုဆို ရေနစ်ဆုံးတာတွေ မကြာခဏဆိုသလို ကြားနေရတယ်။ " လို့ ဒေသခံက ပြောပါတယ် ။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ပန်းယျကျေးရွာ၊ ပန်းလောင်မြစ်အတွင်းမှာလည်း မနေ့က စက်တင်ဘာ ၆ ရက်မှာ အမျိုးသားတယောက်ရေဆင်းကူရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက်ကလည်း မန္တလေးတိုင်း ၊ကျောက်ဆည်မြို့၊ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲမှာလည်း စက်တင်ဘာ ၄ ရက်နေ့က သပြေချောင်းကျေးရွာအုပ်စု ၊ဂွေးခါးတောင်‌အနီးရှိ သဘာဝရေကန်မှာ ရေဆင်းကူးတဲ့ G12 အောင်မြင်ထားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးနှစ်ယောက် ရေနစ် သေဆုံးခဲ့ပါတယ် ။
မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁) ရပ်ကွက်၊ ဇွဲရေလွှဲဆည်မှာလည်း ဩဂုတ် ၃၀ ရက်နေ့က အမျိုးသားငါးယောက်ရေဆင်းကူးရာမှာ တယောက်ရေနစ် သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၂၈ ရက်ကလည်း ပျဥ်းမနားမြို့နယ် ၊ပေါင်းလောင်းမြစ်အောက်ပိုင်း စည်ပင်ကြီးကျေးရွာ ​ရေချိုးဆိပ်မှာ ရေဆင်းချိုးတဲ့ အသက် ၁၅ နှစ်ရွယ် G9 ကျောင်းသားတယောက် ရေနစ်သေဆုံးသွားခဲ့ပြီး အလောင်းကို ဩဂုတ် ၃၁ ရက်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။

image