ယနေ့ည ဘန်လေနှင့်ပွဲတွင် သားများဖြစ်ကြတဲ့ အမြွှာညီနောင်ကို သုံး/မသုံး ပြောကြားရန် ယူနိုက်တက်ယာယီနည်းပြဖလက်ချာငြင်းဆိုလာ
====================
ယူနိုက်တက်ယာယီနည်းပြဒါရင်းဖလက်ချာဟာ ယနေ့ည ဘန်လေနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် သားများဖြစ်ကြတဲ့ အမြွှာညီနောင်ကို အသုံးပြုရေးနှင့်ပတ်သက်ပြီး ပြောကြားရန် ငြင်းဆိုလာပါတယ်။
စကော့တလန်လူမျိုးနည်းပြဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယူ-၁၈ နည်းပြရာထူးမှ စီနီယာအသင်းယာယီနည်းပြအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံလာရပြီး သားများဖြစ်ကြတဲ့ အသက် ၁၈ နှစ်အရွယ်ရှိ ဂျက်နှင့် တေလာတို့ကို နည်းပြရမယ့် အခြေအနေကြုံလာတာလည်း ဖြစ်ပါတယ်။
ဂျက်မှာ ယခုရာသီတွင် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားထားပြီးဖြစ်ကာ တေလာကတော့ ယူနိုက်တက်အတွက် တစ်ပွဲမျှ ကစားခွင့်မရသေးပါဘူး။
ပရီးမီးယားလိဂ်သမိုင်းတွင် မည်သည့်နည်းပြမျှ သား ၂ ဦးကို တစ်ပွဲတည်းတွင်အသုံးပြုခဲ့တဲ့ မှတ်တမ်းမရှိပါဘူး။
ဒါပေမယ့် ဖလက်ချာက "ဒါနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ ပေးမှာ မဟုတ်ပါဘူး။ သူတို့ တနင်္လာနေ့မှာ လေ့ကျင့်ခန်းဆင်းကြတယ်။ ကျွန်တော် မရောက်ခင်ကတည်းက သူတို့ ဒီမှာ ရှိနေခဲ့ကြတယ်။ သူတို့ မကြာခင်တုန်းက အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ကြတယ်။ ဒဏ်ရာကနေ ကောင်းလာတဲ့ ကစားသမားအချို့ ရှိတယ်။ သူတို့(အမြွှာနှစ်ဦး)က လူစာရင်းထဲမှာ ရှိနေပြီးသားပါ။ ပွဲလူစာရင်းမှာ ပါမလား မသိသေးပါဘူး။ ကြည့်ရပါဦးမယ်"လို့ ပြောကြားသွားပါတယ်။
ဖလက်ချာညီနောင်တို့ဟာ ယူနိုက်တက်အကယ်ဒမီထွက် အတောက်ပလုံး အလယ်တန်းကစားသမားများဖြစ်ကြပြီး ဖခင်ဖြစ်သူကသာ အခွင့်အရေးပေးလာပါက အစွမ်းကုန်ကြိုးစားရန် ဆန္ဒပြင်းပြနေကြပါတယ်။
ဒါရင်းဖလက်ချာဟာ ရာသီအကုန်အထိ ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရန် ဂန္ထဝင်များဖြစ်ကြတဲ့ မိုက်ကယ်ကာရစ်၊ အိုလီဂန်းနားဆိုးလ်ရှားတို့နှင့်အတူ ထိပ်ဆုံးမှ ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ်။