ပါးမီးရပ်စ်တောင်ပံကစားသမားအယ်လန်ကို ပေါင် ၃၄ သန်းဖြင့် မန်စီးတီး ခေါ်ယူအားဖြည့်လာ
=====================

မန်စီးတီးဟာ ပါးမီးရပ်စ်မှ တောင်ပံကစားသမားအယ်လန်အဲလီးယပ်စ်ကို ပေါင် ၃၄.၂သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
မန်စီးတီးဟာ ဘရာဇီးတောင်ပံကစာသမားအတွက် ပေါင် ၃၂ သန်းပေးခဲ့ရတာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ ပေါင် ၂.၂ သန်းထပ်မံပေးရပါမယ်။
မန်စီးတီးဟာ စပါးစ်သို့ ပေါင် ၇၅ သန်းဖြင့် ရောင်ချလိုက်တဲ့ ဆာဗင်ဟိုရဲ့နေရာတွင် တိုက်ရိုက်အစားထိုးရန်အတွက် အယ်လန်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ညာခြမ်းတောင်ပံကစားသမားအယ်လန်ဟာ ပါးမီးရပ်စ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၉၆ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းပြီး ၁၂ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

image

အက်သလက်တီကိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ မနေ့က အသင်းနဲ့အတူ လေ့ကျင့်မှုပြန်လည်ပြုလုပ်

အယ်လ်ဗာရက်ဇ်က လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့တာကြောင့် အက်သလက်တီကိုပရိသတ်တွေနဲ့ ဆက်ဆံရေးတင်းမာခဲ့ပြီး အသင်းရဲ့ လေ့ကျင့်မှုအစီအစဉ်တွေကိုလည်း ပျက်ကွက်ခဲ့ပါတယ်။
ဗီလာရီးယဲလ်နဲ့ပွဲမှာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အယ်လ်ဗာရက်ဇ်က ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ပျက်ကွက်ခဲ့ပြီး သောကြာနေ့မှာလည်း တစ်ဦးချင်းလေ့ကျင့်မှုသာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
စနေနေ့က ဆီဗီလာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာလည်း အသင်းလူစာရင်းထဲ မပါဝင်ခဲ့ပါဘူး။
အက်သလက်တီကိုအသင်းက အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း ကြေညာခဲ့ပြီးနောက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင်တော့ ခွင့်ပြုပေးမယ်လို့ အသိပေးခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် အယ်လ်ဗာရက်ဇ်အနေနဲ့ အာဆင်နယ်ကို ရွေးချယ်ဖို့ နည်းလမ်းတစ်ခုတည်းသာရှိတော့ကြောင်း ထင်ကြေးပေးခဲ့ကြပေမဲ့ လက်ရှိအချိန်မှာ အက်သလက်တီကိုအသင်းနဲ့ လေ့ကျင့်မှုပြန်လုပ်ခဲ့တာကြောင့် အသင်းမှာ ဆက်ရှိသွားတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့ရပါတယ်။
အက်သလက်တီကိုအသင်းရဲ့ အားကစားဒါရိုက်တာ မတ်တီယိုအယ်လီမန်နီကတော့ လာမယ့် လာလီဂါပွဲစဉ်မှာ အယ်လ်ဗာရက်ဇ် ပြန်ကစားဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

image

စပါးနောက်ခံလူ ဒန်ဆိုကို ထပ်မံကမ်းလှမ်းဖို့ ဆန်းဒါးလန်းအသင်း စီစဉ်

ဆန်းဒါးလန်းအသင်းဟာ စပါးအသင်းရဲ့ သြစတြီးယားနောက်ခံလူ ဒန်ဆိုကို ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဆန်းဒါးလန်းအသင်းက ဒန်ဆိုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်ရာသီအငှားချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး စပါးအသင်းက ငြင်းပယ်ခဲ့တာကြောင့် အပြီးသတ်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒန်ဆို(၂၇ နှစ်)က ၂၀၂၅ ဖေဖော်ဝါရီမှာ လန်းစ်ကနေ စပါးကို အငှားနဲဲ့လာရောက်ကစားခဲ့ပြီး ရာသီကုန်မှာ ပေါင်(၂၁)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမဲ့ ဒီနွေမှာ စပါးအသင်းက ခံစစ်ပိုင်းကို အားဖြည့်မှုတွေ ပြုလုပ်ထားတာကြောင့် ပွဲကစားခွင့် လျော့ကျလာနိုင်တဲ့အတွက် ဒန်ဆိုက အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
ဒန်ဆိုကို ခေါ်ယူဖို့ ဆန်းဒါးလန်းနဲ့အပြိုင် အက်စတွန်ဗီလာနဲ့ ဖူလ်ဟမ်တို့ကလည်း စိတ်ဝင်စားနေကြကြောင်းလည်း သိရပါတယ်။

image

ချန်ပီယံဆုကို နှစ်တိုင်း ပေါ့ပေါ့ပါးပါး ယူနေရာကနေ အခုလို အကြိတ်အနယ်ဖြစ်လာတာကို လိုချင်ကြောင်း ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် နန္ဒကျော် ပြောကြား

ရှမ်းယူနိုက်တက်အသင်းရဲ့ နောက်တန်းကစားသမားနဲ့ အသင်းခေါင်းဆောင်ဖြစ်သူ နန္ဒကျော်က ချန်ပီယံဆုကို နှစ်တိုင်း ပေါ့ပေါ့ပါးပါး ယူနေရာကနေ အခုလို အကြိတ်အနယ်ရှိလာကို လိုချင်ကြောင်း ရန်ကုန်စီးတီးအသင်းနဲ့ သရေကျအပြီးမှာ ပြောကြားခဲ့ပါတယ်။
နန္ဒကျော်က"တချို့ဟာတွေကျတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေလည်း ပါလိမ့်မယ်။ နှစ်သင်းစလုံး ကစားပုံကောင်းနေတဲ့ အချိန်မှာ ရုတ်တရက် အနီကတ်ဆိုတာမျိုးကြီး ဖြစ်သွားတဲ့အခါ စိတ်ဓာတ်တွေကအစ ဘောလုံးပွဲက ဘောလုံးပွဲနဲ့ မတူတော့ပဲ ရန်လိုတဲ့ဟာမျိုးတွေ ဖြစ်သွားတာ။ ဒါက ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်က တစ်စိတ်တစ်ပိုင်းတစ်ခုအနေနဲ့လည်း ပါမယ်ထင်တယ်။ ကစားသမားတိုင်းက ကွင်းထဲမှာ စိတ်ဓာတ်ပြင်းထန်တာပဲလေ။ အခုလို အကြိတ်အနယ်ရှိတဲ့ပွဲမှာလိုမျိုးပေါ့။ ကစားသမားက သူ့ပလေယာကို သူပြောတာ။ ဒါကို ဒိုင်လူကြီးက သူ့ကိုပြောတယ်ဆိုပြီး အနီကတ် တိုက်ရိုက်ပြလိုက်တာပေါ့။ ဒါက မပြသင့်ဘူးထင်တယ်။ ကိုယ့်အသင်းဖော်ကို ကိုယ်ပြောတာလေ။ အဲ့လိုဆိုတော့ ဘောလုံးမကစားကြတော့ပဲ ရန်လိုပြီး ကမောက်ကမတွေနဲ့ ကြည့်မကောင်းတော့ပဲ အဲဒီလိုဖြစ်ကုန်တာပေါ့။ လိဂ်က အရင်နှစ်က​နဲ့ မတူဘူး။ အကုန်လုံးပြင်ဆင်လာကြတယ်။ ဒီအပေါ်မှာ ဝမ်းသာတယ်။ အဲဒါမှလည်း လိဂ်က အကြိတ်အနယ်ရှိလာမယ်လို့ထင်တယ်။ နှစ်တိုင်း ကျွန်တော်တို့ချည်းပဲ ပေါ့ပေါ့ပါးပါးကြီး ယူတာမျိုး မဖြစ်စေချင်ဘူး။ အခုလို အကြိတ်အနယ်ပြိုင်ပြီး ရတာက ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ ပရိသတ်တွေကတော့ တာဝန်ကျေကြတယ်။ အရမ်းအားပေးကြတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပလေယာတွေကလည်း နောက်ပွဲတွေမှာ အနိုင်ရလဒ်ရရှိအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ" ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
M League လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ သြဂုတ် (၃၀) ရက်က တန်းတက် ရန်ကုန်စီးတီးအသင်းနဲ့ ရန်ကုန်မြို့ရှိ ပဒေသာကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ နိုင်ပွဲမရရှိခဲ့ဘဲ (၂-၂) ဂိုးနဲ့ သရေကျခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပွဲကစားချိန် မိနစ် (၆၀) ကျော်အထိ (၂-၀) ဂိုးနဲ့ အနိုင်ရနေခဲ့ပေမဲ့ ချေပဂိုးများ ပြန်ပေးခဲ့ပြီး အခုရာသီ M League အဖွင့်ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။
ဒီပွဲရဲ့ ပွဲကစားချိန် (၆၄) မိနစ်မှာ ရန်ကုန်စီးတီးအသင်း တိုက်စစ်မှူး အောင်ကောင်းမာန်က ပထမချေပဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်းအပြီး စက္ကန့်ပိုင်းအတွင်းမှာတင် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရုပ်သံပြကွက်မှာလည်း မပါဝင်ခဲ့တာကြောင့် ဖြစ်စဥ်အသေးစိတ်ကို ကွင်းအတွင်း ရှိသူများသာ တွေ့မြင်သိရှိခဲ့ရကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ M League ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် (၇) ကြိမ်ဗိုလ်စွဲထားပြီး နောက်ဆုံး (၆) ကြိမ်ဆက် ချန်ပီယံဆု ရရှိထားပါတယ်။

image

မော်ရင်ဟိုလက်ထက်မှာ လွတ်လွတ်လပ်လပ်ကစားခွင့်ပိုရလာကြောင်း ဘယ်လင်ဂမ် ပြောကြား

ရီးယဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က နည်းပြသစ် မော်ရင်ဟိုလက်ထက်မှာ လွတ်လွတ်လပ်လပ်ကစားခွင့် ပိုရလာကြောင်း ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းက ဒီရာသီလာလီဂါမှာ (၃)ပွဲစလုံး အနိုင်ရရှိထားပြီး ဘယ်လင်ဂမ်က (၂)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးပေးခဲ့ပါတယ်။
မာလာဂါကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ကို လူစားလဲခဲ့ချိန် ရီးယဲလ်ပရိသတ်တွေက မတ်တပ်ရပ်ဂုဏ်ပြုခဲ့ကြကြောင်းလည်း သိရပါတယ်။
''အခု ကျွန်တော် ပိုပြီးလွတ်လွတ်လပ်လပ်ကစားခွင့်ရနေပါတယ်။ အသင်းရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ကွင်းထဲမှာ အတက်အဆင်းလုပ်ကစားနိုင်ပါတယ်။ ဒီအတွက် ကျွန်တော် အရမ်းပျော်ရွှင်ပြီး ဒါကြောင့် စွမ်းဆောင်ရည်ကောင်းမွန်နေတာပါ'' လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုကတော့ ဘယ်လင်ဂမ်၊ အမ်ဘာပေနဲ့ ဗင်နီစီယပ်စ်တို့ နားလည်မှုရှိရှိ အချိတ်အဆက်မိမိ ကစားနေတာကို မြင်တွေ့ရတဲ့အတွက် ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပါတယ်။
''အရမ်းကောင်းတဲ့ကစားသမားတွေက အတူတွဲကစားချင်ကြပါတယ်။ တူညီတဲ့အရည်အသွေး၊ တူညီတဲ့ ဘောလုံးအမြင် ရှိသူချင်း တွဲကစားချင်ကြတာပါ။ ကျွန်တော် မရောက်ခင်တုန်းက ဒီကစားသမား(၃)ဦးက တစ်ယောက်နဲ့တစ်ယောက် အစေးမကပ်တာကြောင့် ကျွန်တော် လိုချင်မှာမဟုတ်ဘူးလို့ လူတွေက ပြောခဲ့ကြပါတယ်။ အကောင်းဆုံးကစားသမားတွေကို လိုချင်ကြောင်း ကျွန်တော် အမြဲပြောခဲ့ပါတယ်'' လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

image

အာဆင်နယ်ကွင်းလယ်ကစားသမား ဗီအဲရာကို ယူရို(၉)သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ဟမ်းဘတ်အသင်း သဘောတူညီမှုရရှိ

ဟမ်းဘတ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဗီအဲရာကို ယူရို(၉)သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ဟမ်းဘတ်အသင်းက ဗီအဲရာ(၂၆ နှစ်)ကို ပြီးခဲ့တဲ့ရာသီမှာ အငှားနဲ့ ခေါ်ယူခဲ့ပြီး အခု အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။
ဗီအဲရာက ၂၀၂၂ နွေရာသီမှာ ပေါ်တိုကနေ အာဆင်နယ်အသင်းကို ယူရို(၃၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၉)ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီမှာ ပေါ်တိုအသင်းထံ ပြန်လည်အငှားချခဲ့ပြီး ၂၀၂၅-၂၆ ရာသီမှာတော့ ဟမ်းဘတ်အသင်းထံ အငှားချခဲ့တာပါ။
အာဆင်နယ်အသင်းက လက်ရှိအချိန်မှာ အရည်အသွေးမြင့်ကစားသမားတွေ အားဖြည့်ပြီး အလယ်အလတ်တန်းစား ကစားသမားတွေကို ပြန်လည်ရောင်းထုတ်နေတာကြောင့် ဗီအဲရာကိုလည်း နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟမ်းဘတ်အသင်းက ဗီအဲရာကို ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။

image

ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ မူဒရစ် ဆန္ဒရှိနေ

ချယ်လ်ဆီးအသင်းရဲ့ ယူကရိန်းတောင်ပံကစားသမား မူဒရစ်ဟာ ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ အငှားနဲ့ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
မူဒရစ်က ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာပြီးနောက် ဘောလုံးကစားခွင့် ပြန်ရပြီဖြစ်ပေမဲ့ ချယ်လ်ဆီးအသင်းမှာ နေရာရဖို့ မဖြစ်နိုင်တာကြောင့် အငှားထွက်ကစားဖို့ လိုလားနေခြင်းဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းက မူဒရစ်ကို ၂၀၂၃ ဇန်နဝါရီမှာ ရှက်တာဒိုးနက်အသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)နဲ့ ခေါ်ယူပြီး ၂၀၃၁ ခုနှစ်အထိ ကာလရှည်စာချုပ် ချုပ်ဆိုထားခဲ့ပေမဲ့ တားမြစ်ဆေးပြဿနာကြောင့် အသင်းအတွက် ပွဲ(၇၀)ဝန်းကျင် ကစားအပြီးမှာပဲ ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းက မူဒရစ်ကို ပိုင်ရှင်တူကလပ် စထရာဘိုးအသင်းထံ အငှားချဖို့ စီစဉ်ခဲ့ပေမဲ့ မူဒရစ်က ပရီးမီးယားလိဂ်မှာသာ ကစားလိုတဲ့အတွက် မဖြစ်မြောက်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ မူဒရစ်ကို လိဒ်စ်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပြီး ပထမအကြိမ်ကမ်းလှမ်းမှုကိုတော့ ချယ်လ်ဆီးအသင်းက ငြင်းပယ်ထားကြောင်း သိရပါတယ်။

image

ကိုမိုအသင်းရဲ့ အိမ်ကွင်းမှာ ချန်ပီယံလိဂ်ပွဲတွေ လက်ခံကစားဖို့ UEFA ခွင့်ပြု

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ကိုမိုအသင်းရဲ့ အိမ်ကွင်းမှာ ချန်ပီယံလိဂ်ပွဲတွေ လက်ခံကစားဖို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
စီးရီးအေကလပ် ကိုမိုအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒီရာသီမှာမှ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး League Phase အဆင့် ပွဲစဉ်(၄)ပွဲကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
ကိုမိုအသင်းရဲ့ Stadio Giuseppe Sinigaglia ကွင်းဟာ ပရိသတ်(၁၃၆၀၂)ဦးသာ ဝင်ဆံ့တဲ့အပြင် UEFA က သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် ကိုမိုအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာခဲ့ချိန်ကတည်းက ကွင်းကို အဆင့်မြှင့်တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ရပြီး (၃)လအကြာမှာတော့ စံချိန်စံနှုန်းမီတဲ့ကွင်းအဖြစ် စစ်ဆေးခံနိုင်ခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် မန်ယူနိုက်တက်အသင်းအနေနဲ့ ကိုမိုအသင်းရဲ့ လှပတဲ့ကွင်းမှာ ချန်ပီယံလိဂ်ပွဲစဉ် သွားရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ကြောင်း မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
ကိုမိုအသင်းက ချန်ပီယံလိဂ် League Phase အဆင့်မှာ လိုက်ပ်ဇစ်၊ မန်ယူ၊ AEK အေသင်နဲ့ PSG တို့ကို အိမ်ကွင်းလက်ခံကစားရမှာဖြစ်ပြီး ဖီယင်နု၊ လန်းစ်၊ ဘက်တစ်နဲ့ ဘာစီလိုနာတို့ကိုတော့ အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာပါ။

image

အယ်လ်ဟီလာအသင်းနဲ့ ဘန်ဇီမာ လမ်းခွဲ

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။
ဘန်ဇီမာ(၃၈ နှစ်)ရဲ့စာချုပ်ဟာ တစ်နှစ်သက်တမ်းကျန်နေသေးပေမဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်တယ်လို့ အယ်လ်ဟီလာအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အယ်လ်အစ်တီဟတ်အသင်းကနေ အယ်လ်ဟီလာကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။
၎င်းအနေနဲ့ အယ်လ်ဟီလာအသင်းကနေ ထွက်ခွာတော့မယ့်သတင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တာပါ။
အယ်လ်ဟီလာအသင်းက အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူပြီး နောက်တစ်ရက်မှာ ဘန်ဇီမာနဲ့ လမ်းခွဲခဲ့တာဖြစ်တယ်။
ဘန်ဇီမာအနေနဲ့ ကစားသမားဘဝက အနားယူဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

image

မုံရွာ ချမ်းမြဝတီရပ်မှာ နေအိမ်မီးလောင်လို့ ၈၄နှစ်အရွယ်အဘိုးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ် မနောသုခလမ်းက နေအိမ်တအိမ်မှာ သြဂုတ်လ၃၀ရက်ည၁၁နာရီလောက်က ဆိုလာဘက်ထရီအပူလွန်ကဲပြီးမီးလောင်မှူဖြစ်ခဲ့တာ ၈၄နှစ်အရွယ်အဘိုးတဦး သေဆုံးခဲ့ပါတယ်။
ဆိုလာနဲ့သုံးတဲ့ ဘက်ထရီအပူလွန်ကဲရှော့ဖြစ်ရာကတဆင့် မီးကူးစက်လောင်ကျွမ်းရာမှာ သွပ်မိုး၊ကပ်ကာ၂ထပ်အိမ်တစ်လုံး၊ သွပ်မိုး၊ကပ်ကာ၁ထပ်အိမ်၂လုံး၊ ဆိုင်ကလုံးဆိုင်ငယ်တစီး၊ စူပါကပ်ဆိုင်ကယ်တစီး၊ ဆိုလာ၃ချပ်နဲ့ ဘက်ထရီအိုး၁လုံးတို့မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်မှုကြောင့် အသက်၈၄နှစ်အရွယ် ဦးအောင်စန်းသေဆုံးခဲ့ပြီး မီးလောင်မှုကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှုးရုံး၊ မုံရွာခရိုင်မီးသတ်စခန်း၊ မုံရွာမြို့နယ်မီးသတ်စခန်းတို့အပါအဝင် ရပ်ကွက်တွေက မီးငြိမ်းသတ်ယာဥ် ၅စီး၊ ရေသယ်ယာဥ်၆စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့၊ လူငယ်အားမာန်၊ ပေးဆပ်သူလူမှုကူညီရေးအဖွဲ့များက အသင်းဝင်တွေ ဝိုင်းဝန်းငြိမ်းသတ်ရာ ည၁၁နာရီ၂၅မိနစ်မှာ မီးလုံးဝငြိမ်းသွားပါတယ်။
မီးလောင်မှုကို မုံရွာခရိုင်မီးသတ်ဦးစီးမှုး ဦးညီညီဇော်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မုံရွာမြို့အမှတ်(၂)ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ
၂၈၅နဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

image