ဟားမတ်စ်တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူညီချက် ရသွားပြီလို့ ထရမ့် ပြော

ဟားမတ်စ်တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူညီချက် ရရှိသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောပါတယ်။
​"ဒီကနေ့မှာပဲ ဂါဇာက ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့အားလုံးကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့အတွက် 'Board of Peace'(ငြိမ်းချမ်းရေးဘုတ်အဖွဲ့) က သမိုင်းဝင် သဘောတူညီချက်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ" လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။
​ဟားမတ်စ်တွေကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းပြီးတာနဲ့ အစ္စရေးတပ်တွေ ဂါဇာကမ်းမြောင်ဒေသကနေ ဆုတ်ခွာသွားမယ်လို့လဲ သူက ပြောပါသေးတယ်။
​ဟားမတ်စ်တွေကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းမယ့် သဘောတူညီချက်နဲ့ ပတ်သက်ပြီး "ဒါဟာ ထရမ့်ရဲ့ အချက် (၂၀) ပါ အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ မှတ်တိုင်တစ်ခုပါပဲ" လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။
​"ဒီသဘောတူညီချက်ကို သေချာချမှတ်ထားတဲ့ အဆင့်တွေအတိုင်း အကောင်အထည်ဖော်သွားမှာပါ။ လက်နက်ဖြုတ်သိမ်းရေး ပြီးစီးတာနဲ့ အစ္စရေးတပ်တွေ ဆုတ်ခွာသွားမှာဖြစ်ပြီး၊ ဂါဇာဒေသခံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ လုံခြုံရေးအတွက် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့က ပါလက်စတိုင်း ရဲတပ်ဖွဲ့အသစ်နဲ့အတူ လက်တွဲပြီး တာဝန်ယူသွားမှာပါ" လို့ ထရမ့်က ထပ်လောင်းပြောဆိုပါတယ်။
​ထရမ့်ရဲ့အဆိုအရ ဒီသဘောတူညီချက်ဟာ "ပါလက်စတိုင်းပြည်သူတွေကို ကူညီပေးဖို့ Board of Peace နဲ့ အနီးကပ်လက်တွဲလုပ်ဆောင်မယ့် ပါလက်စတိုင်းအစိုးရသစ်က ဂါဇာကို နောက်ဆုံးမှာ အုပ်ချုပ်နိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်" ဖြစ်တယ်လို့ သိရပါတယ်။
​"တစ်ချိန်တည်းမှာပဲ ဂါဇာဒေသဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခံရတော့မှာ မဟုတ်တဲ့အတွက် အစ္စရေးအနေနဲ့လည်း သူတို့နဲ့ ထိုက်တန်တဲ့ လုံခြုံရေးကို ရရှိမှာဖြစ်တယ်" လို့ အမေရိကန်သမ္မတက ပြောပါတယ်။

image

ဂျပန်လူဦးရေ သန်း ၁၂၀ အောက် ကျဆင်း

မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်းကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံတွင် နေထိုင်သော ဂျပန်လူဦးရေသည် ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၁၂၀ အောက်သို့ ကျဆင်းသွားကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစိုးရ၏ အချက်အလက်များတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၁ ရက်နေ၌ ဂျပန်နိုင်ငံတွင် နေထိုင်သော ဂျပန်လူမျိုးဦးရေသည် ၁၁၉ ဒဿမ ၇၄ သန်းရှိပြီး ယခင်နှစ်ကထက် ၀ ဒဿမ ၇၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၁၉၆၈ ခုနှစ်မှစ၍ နှစ်စဉ်ကောက်ယူခဲ့သော စစ်တမ်းအရ ၂၀၀၉ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ၁၇ နှစ်ဆက်တိုက် ကျဆင်းနေခဲ့ခြင်းဖြစ်သည်။
သို့သော် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားဦးရေမှာမူ ၂၀၁၃ ခုနှစ်တွင် မှတ်တမ်းများစတင်ထားရှိသည့်အချိန်မှစ၍ အများဆုံးအရေအတွက်သို့ ရောက်ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။
၎င်းတို့အပါအဝင်ဆိုလျှင် စုစုပေါင်းလူဦးရေမှာ ၁၂၃ ဒဿမ ၈ သန်းရှိသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ ပျှမ်းမျှအသက် ၄၉ ဒဿမ ၉ နှစ်ဖြင့် ဂျပန်သည် ကမ္ဘာပေါ်တွင် မိုနာကိုပြီးလျှင် ဒုတိယအသက်အကြီးဆုံး လူဦးရေဖြစ်သည်။
ဇွန်လတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဂျပန်နိုင်ငံ၏ မွေးဖွားနှုန်းသည် ပြီးခဲ့သည့်နှစ်က စံချိန်တင် အနိမ့်ဆုံးသို့ ထပ်မံကျဆင်းခဲ့ပြီး ကမ္ဘာ့စတုတ္ထစီးပွားရေးအင်အားကြီးနိုင်ငံ ကို ထိခိုက်စေသည့် လူဦးရေအကျပ်အတည်းကို မီးမောင်းထိုးပြနေသည်။
အစိုးရ၏ ကိန်းဂဏန်းများအရ အမျိုးသမီးတစ်ဦး၏ တစ်သက်တာအတွင်း မွေးဖွားရန် မျှော်လင့်ထားသည့် ပျှမ်းမျှကလေးအရေအတွက်ဖြစ်သည့် စုစုပေါင်း မွေးဖွားနှုန်းသည် ယခင်နှစ်ကထက် ၀ ဒဿမ ၀၁ ကျဆင်းကာ ၁ ဒဿမ ၁၄ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး ၁၀ နှစ်ဆက်တိုက်ကျဆင်းမှုဖြစ်သည်။
နိုင်ငံတွင် မွေးဖွားသော ကလေးအရေအတွက်သည် ၁၅,၀၀၀ နီးပါး ကျဆင်းကာ ဦးရေ ၆၇၀,၀၀၀ ကျော်သာရှိတော့ပြီး ၁၈၉၉ ခုနှစ်တွင် မှတ်တမ်းစယူချိန်မှစကာ အနည်းဆုံးအရေအတွက်ဖြစ်ခဲ့သည်။

image

ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရဟု ဆို

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ငဝန်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေသဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများကို ယာယီပိတ်ထားရ‌ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီအထိ ငဝန်မြစ်ရေသည် မြစ်ကျိုးအင်းအတွင်းသို့ ဝင်ရောက်ကာ ယင်းမှတစ်ဆင့် အ မှတ်(၃)၊ (၄)၊ (၅) ရပ်ကွက်များနှင့် ဂျမ်းကုန်း၊ ကျွန်းကုန်း၊ ကွမ်းခြံကုန်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။
လက်ရှိ ရေဘေးသင့်ဒေသများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ ပြောင်းပေးလျက်ရှိပြီး ဇူလိုင် ၃၁ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်သည့် ကွပ်ကဲရေးအဖွဲ့သည် လေးမျက်နှာမြို့သို့ ရောက်ရှိကာ မြို့ပေါ်ရပ်ကွက်များအတွင်း ကင်းလှည့်စောင့်ကြည့်ခြင်းနှင့် ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအသင်း၏ ပွဲကစားချိန်များ ထုတ်ပြန်

၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အချိန်ဇယားကို တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု (F) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာအသင်း၏ အုပ်စုပွဲစဉ်များမှာ စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် (မြန်မာစံတော်ချိန် ညနေ ၅ နာရီ)၊စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် (မြန်မာစံတော်ချိန် ညနေ ၅ နာရီ)နှင့် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် (မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲ) တို့တွင် အသီးသီး ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂ သင်းကို အုပ်စု ၃ စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုတစ်စုစီမှ ပထမနှင့် ဒုတိယနေရာရ အသင်းများအပြင် တတိယနေရာရ အသင်းများအနက် အကောင်းဆုံး ၂ သင်း၊ စုစုပေါင်း ၈ သင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

image

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထား စတင်ပြေးဆွဲ

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်အဖြစ် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန် ရထားများကို ခေတ်မီ DEMU (Diesel Electric Multiple Unit) ရထားတွဲဆိုင်းသစ်များဖြင့် ယနေ့မှစတင်၍ ပြေးဆွဲခဲ့ကြောင်း သိရသည်။
ခေတ်မီ DEMU ရထား စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ်(၁) စင်္ကြံ၌ ကျင်းပခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာ့မီးရထား၏ ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူကိုယ်စားလှယ်တို့က အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် DEMU ရထားတွဲဆိုင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ရထားကို စတင်စေလွှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်ကို နေ့ချင်းပြန် ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီ ၅၉ မိနစ် တွင် ထွက်ခွာကာ ပြည်ဘူတာသို့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ် တွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ်ကို ပြည်ဘူတာမှ နေ့လယ် ၁ နာရီ တွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီ တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားသည် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ်တလင်းနှင့် ပေါင်းတည် ဘူတာတို့တွင် ရပ်တန့်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်း ၂၀,၀၀၀ ကျပ် နှင့် ပထမတန်း ၁၅,၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

image

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း
အစိုးရသစ် ရက် ၁၀၀ တွင် တိုင်းရင်းသားလက်နက်ကိုင် (၁၃) ဖွဲ့ နှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြော

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်မှစ၍ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိရေးသည် မဖြစ်မနေလိုအပ်ကြောင်းလည်း အလေးထားပြောကြားသည်။
အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် လက်နက်ကိုင်လမ်းစဉ်ပေါ် ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးနိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သကဲ့သို့ “ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ထားရှိသည်” ဟူသည့် ခံယူချက်ဖြင့်လည်း ဆက်လက်ဖိတ်ခေါ်ထားကြောင်း သိရသည်။
အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀(င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးသဘောတူချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) တို့ကို NCA အပိုဒ် ၂၀(စ)နှင့်အညီ ဆွေးနွေးအတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်သည် အစိုးရတစ်ရပ်တည်း၏တာဝန်မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ ပူးပေါင်းတာဝန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ကြောင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရေးအတွက် ပြည်သူများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်း တတ်စွမ်းသရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်။

image

အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မည်

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အာဆီယံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာတို့ကို အလေးထားကာ မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်ဆံရေးပုံမှန်ပြန်လည်တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
အာဆီယံ၏ ထုတ်ပြန်ချက်များသည် အစိုးရချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်းနှင့် ASEAN Charter၊ ASEAN Way၊ ASEAN Spirit တို့အပေါ် အခြေခံခြင်းရှိပါက အပြုသဘောဆောင်စွာ စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားသည်။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအချို့၏ သဘောထားများနှင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
သို့ရာတွင် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်တစ်ရပ်ချင်းအလိုက် လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများရရှိ

နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းချိတ်ဆက်မှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးတို့တွင် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် သမ္မတတာဝန်ယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံကာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း အပြီးသတ်ရေး၊ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အကောင်အထည်ဖော်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုတိုးမြှင့်ပေးရေးနှင့် ရူပီး–ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေမည့် လုပ်ရပ်များအား မိမိတို့၏နယ်မြေမှ ဆောင်ရွက်ခွင့်မပြုရေးတို့နှင့်ပတ်သက်၍လည်း နားလည်မှုနှင့် ကတိကဝတ်များ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုများတွင် မြန်မာ–တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် တရုတ်–မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ အရှိန်မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ဆက်လက်ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ ဆက်လက်မြှင့်တင်သွားမည့်သဘောထားကို ဖော်ပြခဲ့သည်။

image

လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းဒေသများ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းအစိုးရအဖွဲ့ သတိပေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်ရေကာတာသည် မြစ်ရေတွန်းအားကြောင့် တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုသို့ တာကျိုးပေါက်မှုကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂.၅ ပေခန့် စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ ရေဘေးအန္တရာယ် ကျရောက်နိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးပေါ် သတိပေး နှိုးဆော်ထားသည်။
တာအတွင်းသို့ စီးဝင်လာသော မြစ်ရေများသည် ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မြစ်ကျိုးအင်းမှတစ်ဆင့် အရှေ့မြောက်ဘက် ချောင်းဇောက်၊ ထိုမှတစ်ဆင့် စာရေးကုန်းချောင်းအတိုင်း ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အနိမ့်ပိုင်းလယ်ကွင်းများနှင့် လေးမျက်နှာမြို့အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ရေဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျ လိုက်နာဆောင်ရွက်ကြရန် တိုင်းအစိုးရအဖွဲ့က တိုက်တွန်းထားသည်။
ရေဝင်ရောက်နိုင်သည့် အနိမ့်ပိုင်း ရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ၊ ကျောင်း၊ ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းကြရန် လိုအပ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို လုံခြုံသောနေရာသို့ ရှေ့ဦးစွာ ပို့ဆောင်ထားကြရန်နှင့် မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်များ (Main Switches) ကို ချက်ချင်း ပိတ်ထားကြရန် သတိပေးထားသည်။
ရွှေ့ပြောင်းရေးနှင့် အရေးပေါ်အခက်အခဲများရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး လက်ရှိတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့နှင့် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ဖော်ဆောင်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်မြှင့်တင်ကာ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသဖြင့် ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကကျကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လယ်မြေ၊ ယာမြေနှင့် တောင်ယာမြေများအပါအဝင် စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိသည့်အနက် စပါးစိုက်ဧက ၁၇ ဒသမ ၇ သန်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၆ သန်း၊ ပဲမျိုးစုံစိုက်ဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ဧက ၃ ဒသမ ၉ သန်းရှိကြောင်း သိရသည်။ စိုက်ပျိုးမြေဧရိယာ ထပ်မံချဲ့ထွင်ခြင်းထက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍကို သမားရိုးကျစိုက်ပျိုးရေးစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်သွားမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်းဖြင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ဆန်စပါးကဏ္ဍ၌ လယ်မြေအားလုံး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရန် ကြိုးပမ်းပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးသာမက ပြည်ပသို့ ဆန်စပါးတင်ပို့မှု ပြန်လည်မြင့်မားလာစေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဟူသည့် မျှော်မှန်းချက်နှင့်အညီ လက်ရှိ စိုက်ပျိုးလျက်ရှိသည့် ပေါ်ဆန်းစပါးဧက ၁ ဒသမ ၃ သန်းကျော်ကို အခြေခံ၍ မျိုးကောင်းမျိုးသန့်၊ အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့ မြင့်မားလာစေရန် မြန်မာ့ပေါ်ဆန်းဖိုရမ်များကို စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်သည်။

image