နူးကမ့်ကွင်းအား ပြန်လည်တည်ဆောက်ရာတွင် တရားမဝင်အလုပ်သမး ၇၉ ဦး အသုံးပြုမှုအတွက် ပေါင် ၁ သန်း ဒဏ်ရိုက်ခံလာရတဲ့ ဘာစီလိုနာ
===================

ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်ကြီးကို ပြန်လည် အသုံးပြုပြီး ရက်အနည်းငယ်အကြာ အင်္ဂါနေ့တုန်းက ချဲလ်ဆီးကို ချန်ပီယံလိဂ်မှာ ခါးသီးတဲ့ ရှုံးပွဲ ကြုံတွေ့ခဲ့ပါတယ်။
လာလီဂါချန်ပီယံဟာ Montjuic ရှိ Olympic Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနေခဲ့တာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလနှောင်းပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် နူးကမ့်ကွင်းအား အိမ်ကွင်းအဖြစ် စတင် အသုံးပြုလာခဲ့တာပါ။
ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်ကြီးတွင် ပထမဆုံးကစားတဲ့ပွဲစဉ်မှာ ဘီလ်ဘာအိုအား ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာဟာ နူးကမ့်ကွင်းအား တည်ဆောက်ရာမှာ တရားမဝင် အလုပ်သမားအသုံးပြုမှုအတွက် ကတ်တလန်အလုပ်သမားဝန်ကြီးဌာနရဲ့ အရေးယူခြင်းခံလာရပါတယ်။
Marca ရဲ့ဖော်ပြလာမှုအရ ဘာစီလိုနာဟာ ကွင်းသစ်တည်ဆောက်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်သမား ၇၉ ဦးအား ငှားရမ်း အသုံးပြုမှုအတွက် ပေါင် ၁ သန်း ဒဏ်ရိုက်ခြင်းခံလာရကြောင်း သိရပါတယ်။
နူးကမ့်ကွင်းကို တည်ဆောက်ခွင့် ရရှိထားတဲ့ ကုမ္ပဏီက စပိန်တွင် အလုပ်လုပ်ခွင့် မရှိတဲ့ တူရကီနိုင်ငံသား လျှပ်စစ်လုပ်သား၊ လုံခြုံရေးနည်းပညာရှင်များကို အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
အလုပ်သမားတစ်ဦးက "သူတို့ ကျွန်တော်တို့ကို လိမ်ညာခဲ့တာ။ ကျွန်တော်တို့ကို ဒီကို ခေါ်လာတာက ကိစ္စအားလုံး လုပ်ပြီးပြီလို့ ပြောတယ်။ အားလုံး ဥပဒေနဲ့အညီလုပ်ထားတယ်လို့ ပြောတယ်။ တကယ်က အဲဒီလို ဟုတ်မနေဘူး။ ဒါကိုသာ ကြိုသိခဲ့ရင် လာမလုပ်ဘူး"လို့ ဆိုသွားပါတယ်။
တရားမဝင်အလုပ်သမားများဟာ တူရကီသို့ ခေတ္တပြန်ရာ ကြိုးပမ်းချိန်တွင်မှ တရားမဝင် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း သိခဲ့ရတာပါ။
အထက်ပါ အဖြစ်အပျက်ကို အလုပ်သမားဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက် တရားမဝင် အလုပ်သမား ၇၉ ဦးအား တူရကီသို့ ပြန်ရန် ညွှန်ကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား ပြန်လည်တည်ဆောက်ရာတွင် ပေါင် ၁.၂၅ ဘီလီယံ အသုံးပြုထားတာပါ။
၎င်းတိုဟာ စနေနေ့တွင် အလာဗက်စ်အား ဧည့်ခံကစားရဦးမှာ ဖြစ်သလို ဒီဇင်ဘာလ ၂ ရက်နေ့တွင် အက်သလက်တီကိုအား ဧည့်ခံကစားရပါဦးမယ်။

image