ကြက်တူရွေး ကုလသမဂ္ဂ အထွေထွေညီလာခံ ဗီဒီယိုကမ်ပိန်း အစ္စရေးစတင်

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမဆုံးနေ့ စတင်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ အစ္စရေးအပေါ် "စနစ်တကျနဲ့ မှားယွင်းစွာ ဘက်လိုက်မှုတွေ" ကို ဖော်ထုတ်ပြသထားတဲ့ The UN's Lie Industry(ကုလသမဂ္ဂရဲ့ လိမ်လည်မှု လုပ်ငန်းစဉ်) ဆိုတဲ့ ကမ်ပိန်းတစ်ခုကို နိုင်ငံရပ်ခြားရောက် ဂျူးလူမျိုးများရေးရာနဲ့ ဂျူးမုန်းတီးရေး တို-က်ဖျ-က်ရေး ဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးက အမျိုးသား ပြည်သူ့သံတမန်ရေးရာ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း စတင်လိုက်ပါတယ်။

အဲဒီကမ်ပိန်း ဗီဒီယိုထဲမှာ နိုင်ငံအသီးသီးကို ကိုယ်စားပြုတဲ့ ကြက်တူရွေးတွေ ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးထဲမှာ ပြည့်နေတာကို ပုံဖော်ထားပါတယ်။ ပြီးတော့ အဲဒီ ကြက်တူရွေးတွေက 'အစ္စရေးကို အပြစ်တင်ကြ' ဆိုတဲ့ စကားတစ်ခွန်းတည်းကိုပဲ တစ်ကောင်ပြီးတစ်ကောင် ထပ်ခါတလဲလဲ ရွတ်ဆိုနေကြတာပါ။

ဗီဒီယို ဆက်သွားတာနဲ့အမျှ အဲဒီအသံတွေက ပွားလာပြီး ခန်းမကြီး တစ်ခုလုံးမှာ ပဲ့တင်ထပ်လာကာ နောက်ဆုံးမှာတော့ ဒီစွပ်စွဲချက်တစ်ခုတည်းကိုပဲ ပြိုင်တူ သံပြိုင်ဟစ်ကြွေးနေတဲ့ အဖွဲ့ကြီးအဖြစ် ပြောင်းသွားတာကို မြင်ရမှာပါ။

ဗီဒီယိုရဲ့ အဆုံးမှာတော့ "အလိမ်အညာတွေကို ထပ်ခါတလဲလဲ ပြောနေရုံနဲ့ အမှန်တရား ဖြစ်မလာပါဘူး" ဆိုတဲ့ စာသားနဲ့ အဆုံးသတ်ထားပါတယ်။

"ကုလသမဂ္ဂ အထွေထွေညီလာခံ ခန်းမကြီးဟာ အစ္စရေးအပေါ် အသရေဖျက်မှုတွေ ထပ်ခါတလဲလဲ ပဲ့တင်ထပ်ရာ နေရာတစ်ခုအဖြစ် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ရပါတယ်။ ဒီအလိမ်အညာ စကားတွေဟာ တစ်ယောက်ပါးစပ်ကနေ တစ်ယောက်၊ အစီရင်ခံစာ တစ်ခုကနေ တစ်ခု၊ မိန့်ခွန်းတစ်ခုကနေ တစ်ခုကို ကူးစက်သွားပြီး နောက်ဆုံးမှာ လူတိုင်းလက်ခံထားတဲ့ အမှန်တရားတစ်ခုလို ဖြစ်လာအောင် ကြိုးစားလာကြတယ်" လို့ နိုင်ငံရပ်ခြားရောက် ဂျူးလူမျိုးများရေးရာနဲ့ ဂျူးမုန်းတီးရေး တို-က်ဖျ-က်ရေး ဝန်ကြီး Amichai Chikli က ပြောပါတယ်။

"ဒီဗီဒီယိုအသစ်က အဲဒီလို ထပ်ခါတလဲလဲ ပြောဆိုတတ်တဲ့ အလေ့အထကို ထိထိမိမိ မီးမောင်းထိုးပြထားတာပါ။ အလိမ်အညာတစ်ခုကို အကြိမ် ၁၀၀၀ ပြန်ပြောနေပါစေ အမှန်ဖြစ်မလာပါဘူး။ အစ္စရေးကို ဆန့်ကျင်ပြီး သံပြိုင်အော်နေကြတဲ့ နောက်ကွယ်က အချက်အလက်တွေကို ကျွန်တော်တို့ ဆက်ပြီး ဖော်ထုတ်သွားမှာပါ" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ အဲဒီကမ်ပိန်းနဲ့ ဆက်စပ်ပြီး "ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေမှာ ပါဝင်နေတဲ့ အလိမ်အညာတွေနဲ့ ဘက်လိုက်မှုတွေ" ကို ဖော်ထုတ်ထားတဲ့ ဝဘ်ဆိုက်တစ်ခုကိုလည်း လွှင့်တင်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီဝဘ်ဆိုက်ကို အမျိုးသား လုံခြုံရေးကောင်စီ (NSC) နဲ့ ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွေနောက်ပိုင်း အစ္စရေးနဲ့ပတ်သက်တဲ့ ဘက်လိုက်ထားတဲ့ အချက်အလက်တွေကို ဘယ်လို စုဆောင်းခဲ့တယ်၊ အဖွဲ့အစည်းဆိုင်ရာ ထောက်ခံမှုတွေ ဘယ်လို ပေးခဲ့တယ်၊ တစ်ကမ္ဘာလုံးကို ဘယ်လို ဖြန့်ဝေခဲ့တယ် ဆိုတာတွေကို မှတ်တမ်းတင်ထားတဲ့ "ပြည့်စုံတဲ့ သုတေသန အရင်းအမြစ်တွေ" ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီဝဘ်ဆိုက်မှာ သတင်းအချက်အလက်တွေကို လှည့်စားတာ၊ အစ္စရေးအပေါ် ရန်လိုမှုအပေါ် အခြေခံထားတဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အလေ့အကျင့်၊ ဂါဇာမှာ ငတ်မွတ်ခေါင်းပါးနေတယ်ဆိုတဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေ၊ UNRWA (ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ) ထဲကို ဟားမတ်စ်တွေ စိမ့်ဝင်နေတာနဲ့ "လူမျိုးတုံး သ-တ်ဖြ-တ်မှု" ဆိုတဲ့ ဇာတ်လမ်းဆင် ဖန်တီးမှုတွေ စတဲ့ အကြောင်းအရာတွေကို အဓိက ဖော်ပြထားပါတယ်။

"ဒီဝဘ်ဆိုက်မှာ အတွင်းပိုင်း နှုတ်ပိတ်ခံရမှုတွေနဲ့ ဖိနှိပ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ထွက်ဆိုချက်တွေလည်း ပါဝင်တယ်" လို့ ထုတ်ပြန်ချက်မှာ ဖြည့်စွက် ပြောထားပါတယ်။

"အစ္စရေးအပေါ် မဟုတ်မမှန် သွေးထွက်သံယို စွပ်စွဲမှု(blood libels) တွေရဲ့ အစိတ်အပိုင်း အများစုဟာ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေဆိုတဲ့ အလုပ်ရုံကနေ ထွက်လာတာပါ" လို့လဲ အမျိုးသား ပြည်သူ့သံတမန်ရေးရာ ညွှန်ကြားမှုဦးစီးဌာန အကြီးအကဲ Tzipi Hotovely က စွပ်စွဲပြောဆိုလိုက်ပါတယ်။

"ဂါဇာမှာ ငတ်မွတ်ခေါင်းပါးနေတယ် ဆိုတဲ့ မဟုတ်မမှန် ကမ်ပိန်းဟာ ဒီလို လိမ်လည်မှု ယန္တရားကြီးရဲ့ ဥပမာတစ်ခုသာ ဖြစ်ပါတယ်" လို့လည်း သူက ပြောပါတယ်။

"ဒီလို ဝါဒဖြန့်မှုတွေကို ရင်ဆိုင်ရာမှာ အစ္စရေးအပေါ် ပစ်မှတ်ထားနေတဲ့ အလိမ်အညာ လုပ်ငန်းစဉ်ကြီးကို ရိုက်ချိုးဖို့အတွက် ကျွန်တော်တို့က အမှန်တရားနဲ့ အချက်အလက်တွေကို ရှေ့တန်းတင်နေတာပါ"

ဒီဗီဒီယိုဟာ ဝဘ်ဆိုက်မှာ ဖော်ထုတ်ပြသထားတဲ့ အဓိက ယန္တရားတွေထဲက တစ်ခုဖြစ်တဲ့ "သူ့ဘာသာသူ ပဲ့တင်ထပ်နေတဲ့ နိုင်ငံတကာ စနစ်ကြီးတစ်ခု" ကို သရုပ်ဖော်ထားတာ ဖြစ်တယ်လို့ အဆိုပါ အဖွဲ့အစည်းက ရှင်းပြပါတယ်။ အစ္စရေးကို ဆန့်ကျင်တဲ့ စွပ်စွဲချက်တွေဟာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ သတင်းမီဒီယာတွေကြားထဲမှာ ဟိုဘက်ဒီဘက် ကူးလူးနေပြီး၊ သတင်းရင်းမြစ်ကို စစ်ဆေး အတည်ပြုတာမျိုး မလုပ်ဘဲနဲ့တောင် ထပ်ခါတလဲလဲ ကိုးကားကြရင်း လက်ခံထားတဲ့ အမှန်တရားတစ်ခုလို ပုံဖော်ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးအပေါ်ထားရှိတဲ့ အမေရိကန်နဲ့ ဥရောပ မြို့တော်တွေရဲ့ မူဝါဒတွေကို အဓိက ပစ်မှတ်ထားတဲ့ ဒီကမ်ပိန်းကို အစိုးရ ကြော်ငြာအေဂျင်စီ (Lapam) ကနေတစ်ဆင့် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

image

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်နိုင်ရေး ဥပဒေပိုင်းဆိုင်ရာများ စိစစ်သုံးသပ်နေဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြော

ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်အနေဖြင့် ဥပဒေပိုင်းဆိုင်ရာများကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe နှင့် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်တိုးမြှင့်ရေးကို လွှတ်တော်ကဏ္ဍမှ စတင်ဆောင်ရွက်နိုင်ကြောင်းနှင့် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ဂျပန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သဖြင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ရှိ ကော်မတီများအပြင် အမျိုးသမီး၊ လူငယ်နှင့် နည်းပညာကဏ္ဍများတွင်လည်း ဂျပန်အောက်လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ရေးအတွက်လည်း ပြည်သူ့လွှတ်တော်အနေဖြင့် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် အဆင့်မြင့်နည်းပညာများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍများတွင်လည်း နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အတူ Mr. Hiromichi Watanabe သည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့သည့် မိတ်ဆွေတစ်ဦးဖြစ်၍ မြန်မာနိုင်ငံ၏ အခြေအနေများကို ပိုမိုသိရှိနားလည်မည်ဟု ယုံကြည်ကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။

ယခု ဂျပန်အောက်လွှတ်တော်အမတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်းလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

image

နိုင်ငံ ၁၉ နိုင်ငံပါဝင်သည့် အာဆီယံဦးဆောင် ဘေးအန္တရာယ်တုံ့ပြန်ရေးလေ့ကျင့်မှု အင်ဒိုနီးရှား၌ ပြုလုပ်

စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်း ၂,၂၀၀ ခန့် ပါဝင်

ကြီးမားသည့် ဘေးအန္တရာယ်များ ဖြစ်ပွားချိန်တွင် ပူးပေါင်းတုံ့ပြန်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်း ၂,၂၀၀ ခန့် ပါဝင်သည့် “Trident Resolve” လေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါလေ့ကျင့်မှုကို စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်တို့ ပါဝင်ကြသည်။

Trident Resolve သည် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အပေါင်းမိတ်ဖက်နိုင်ငံများ (ADMM-Plus) မူဘောင်အောက်တွင် ဆိုက်ဘာလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေး (HADR) နှင့် စစ်ဘက်ဆိုင်ရာဆေးပညာ ကျွမ်းကျင်ပညာရှင်လုပ်ငန်းအဖွဲ့ သုံးဖွဲ့ကို ပထမဆုံးအကြိမ် ပေါင်းစည်းပြုလုပ်သည့် ကွင်းဆင်းလေ့ကျင့်မှုဖြစ်သည်။

ပင်လယ်ပြင်နှင့် လေ့ကျင့်ရေးနေရာ ခုနစ်ခုတွင် ရှာဖွေကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ ရွှေ့ပြောင်းကုသပေးရေး၊ ဓာတု၊ ဇီဝနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးနှင့် အခြေခံအဆောက်အအုံ ပြန်လည်ပြုပြင်ရေးတို့ကို လေ့ကျင့်လျက်ရှိသည်။

ယင်းလေ့ကျင့်မှုမှတစ်ဆင့် ကြီးမားသည့် ဘေးအန္တရာယ်များ ဖြစ်ပွားလာချိန်တွင် နိုင်ငံအသီးသီး၏ စစ်ဘက်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းတုံ့ပြန်ဆောင်ရွက်နိုင်မှုကို စမ်းသပ်လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

image

အွန်လိုင်းငွေလိမ်ဂိုဏ်းတို-က်ဖျ-က်ရေး နိုင်ငံတကာကွန်ဖရင့် ကမ္ဘောဒီးယား၌ ကျင်းပမည်

အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်မည်

ဖနောင်ပင်၊ စက်တင်ဘာ ၂၃

အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နိုင်ငံတကာပူးပေါင်းတို-က်ဖျ-က်ရေးအတွက် အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်များ ပါဝင်မည့် နိုင်ငံတကာကွန်ဖရင့်တစ်ရပ်ကို ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အဆိုပါကွန်ဖရင့်တွင် အမေရိကန် FBI မှ အဆင့်မြင့်အရာရှိတစ်ဦး၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံအသီးသီးမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများ ပါဝင်တက်ရောက်မည်ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် ဦးဆောင်ကျင်းပမည့် ဆွေးနွေးပွဲများတွင် ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိသည့် နယ်စပ်ဖြ-တ်ကျော် အွန်လိုင်းလိမ်လည်မှုများကို တို-က်ဖျ-က်ရာ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆွေးနွေးသွားမည်ဖြစ်သည်။

ကွန်ဖရင့်မတိုင်မီ ကမ္ဘောဒီးယားအာဏာပိုင်များက ယခုသီတင်းပတ်အတွင်း ပိ-တ်သိမ်းခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်းတစ်ခုကို ပြသခဲ့ပြီး ယင်းနေရာတွင် ငွေစက္ကူအတုများနှင့် ရဲစခန်းပုံစံ ဖန်တီးထားသည့် နေရာတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှဒေသတွင် အွန်လိုင်းလိမ်လည်မှုကွန်ရက်များ ပျံ့နှံ့နေပြီး အချို့နေရာများတွင် လူကုန်ကူးခံရသူများကိုပါ လိမ်လည်မှုလုပ်ငန်းများ၌ အတင်းအကျပ် လုပ်ကိုင်စေမှုများရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးထားသည်။ ယင်းကွန်ရက်များသည် အွန်လိုင်းအချစ်ရေးလိမ်လည်မှုနှင့် Cryptocurrency ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်အစီအစဉ်များအပါအဝင် နည်းလမ်းမျိုးစုံဖြင့် လိမ်လည်လေ့ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားအစိုးရသည် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရေး ဆောင်ရွက်နေသော်လည်း လိမ်လည်မှုကွန်ရက်အချို့သည် ပိုမိုသေးငယ်၍ လူသိနည်းသည့်နေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြထားသည်။

image

NADI အစည်းအဝေး ကမ္ဘောဒီးယား၌ ကျင်းပ၊ အာဆီယံ၏ ဗဟိုချက်ကျမှုနှင့် ဒေသတွင်းလုံခြုံရေး အဓိကဆွေးနွေး

အာဆီယံတစ်ဝှမ်းရှိ ကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနအဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ တက်ရောက်

အာဆီယံ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများကွန်ရက် (Network of ASEAN Defense and Security Institutions-NADI) အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။

အစည်းအဝေးသို့ အာဆီယံတစ်ဝှမ်းရှိ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ တက်ရောက်ပြီး လျင်မြန်စွာပြောင်းလဲနေသည့် ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကြားတွင် အာဆီယံ၏ ဗဟိုချက်ကျမှုနှင့် စည်းလုံးညီညွတ်မှု ခိုင်မာစေရေး၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရေးနှင့် စည်းမျဉ်းအခြေပြု ဒေသတွင်းစနစ် မြှင့်တင်ရေးတို့ကို အဓိကဆွေးနွေးကြသည်။

အစည်းအဝေးကို ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တီးဆီဟာ၏ အကြံပြုချက်ဖြင့် အာဆီယံနိုင်ငံများမှ ကာကွယ်ရေးမဟာဗျူဟာ သုတေသီများနှင့် ပညာရှင်များအကြား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန် စီစဉ်ကျင်းပခြင်းဖြစ်သည်။

ဖွင့်ပွဲတွင် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ရတ် ဒါရာရော့သ်က ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှု၊ တစ်ဖက်သတ်ဆောင်ရွက်မှုများ၊ စီးပွားရေးအရ ဖိအားပေးမှုများနှင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရေးဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုရှုပ်ထွေးလာနေကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အာဆီယံ၏ ဗဟိုချက်ကျမှုနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်ကြောင်း ၎င်းက ပြောသည်။

ဆွေးနွေးပွဲများတွင် ဆိုက်ဘာခြိမ်းခြောက်မှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ ရေကြောင်းလုံခြုံရေး၊ သတင်းအမှားပျံ့နှံ့မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေးစိန်ခေါ်မှုများအပေါ်လည်း အဓိကထား ဆွေးနွေးလျက်ရှိသည်။

NADI အနေဖြင့် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် မဟာဗျူဟာမြောက် လေ့လာမှုများနှင့် အမြင်များဖလှယ်ကာ အာဆီယံ၏ လုံခြုံရေးဆိုင်ရာ ယန္တရားများ ပိုမိုအားကောင်းစေမည့် လက်တွေ့ကျသော အကြံပြုချက်များ ဖော်ထုတ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

image

မန္တလေး ချမ်းမြသာစည်မြို့နယ်က လင်မယားနှစ်ယောက်ကို သတ်သွားတဲ့ တရားခံတွေကို ဖမ်းမိပြီ


ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁(A) လမ်း၊ ၆၈(A) ၆၈( လမ်းကြားက နေအိမ်တစ်အိမ်တခုမှ ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက လင်မယားနှစ်ယောက်ကို သတ်ပြီး ထွက်ပြေးနေတဲ့ တရားခံတွေကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှတ် ၁၁ နယ်မြေရဲစခန်းမှူး ဦးကျော်မန်း နဲ့ အဖွဲ့က အခင်းဖြစ်ရပ်နေရာကိုစစ်ဆေးပြီး ပတ်ဝန်း
ကျင်သက်သေတွေနဲ့ သေဆုံးသူ နေအိမ်ကို ဝင်ထွက်သွားလာတတ်သူ ရင်းနှီးကျွမ်းဝင်သူများအားစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ရှိ နေအိမ်/ဈေးဆိုင်များမှ CCTV မှတ်တမ်းများအား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့တာမှာ စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာတဲ့ တရားခံ ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာဖွယ်တွေ့ရှိတဲ့ ကျော်ဇင်(ခ)ကျော်ကြီး၊လမင်းထွန်း(ခ) ကရင်၊ ကိုဖြိုး(ခ)အရှည်ကြီး၊ ဇော်လွင်(ခ)ဦးဇော် တို့(၄)ယောက်ကို ချုပ်မိန့်ရီမန်ယူပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ သီဟအောင်(ခ)ကိုလေး တို့ကို ချုပ်မိန့် ရီမန်ရယူပြီး အထူးအမှုစစ်အဖွဲ့က အသေးစိပ်စစ်ဆေးခဲ့တာမှာ တရားခံတွေက ကျော်ဇင်(ခ)ကျော်ကြီး (၂၃)နှစ်၊ ခိုင်မြဲသာရေသန့် စက်ရုံလုပ်သား၊ ၆၈ ၆၉ လမ်းကြား ၁၁၁(အေ) လမ်း၊ မြို့သစ်(၅)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူနှင့် လမင်းထွန်း (ခ)ကရင် (၂၀)နှစ်၊ (နေရပ်လိပ်စာ အလုပ်ကိုင်တူ)တို့(၂)ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ သေဆုံးသူ ဦးကျော်စိုးနဲ့ ဒေါ်တင်ပြေ့တို့ရဲ့ နေအိမ်ကိုရေသန့်ပို့ရင်း ခင်မင်ရင်းနှီးခဲ့ရာကနေ သေဆုံးသူလင်မယားနှစ်ယောက်မှာ သား တယောက်တည်းရှိတာကိုသိရှိပြီး အိမ်မှာနေထိုင်ခြင်း မရှိကြောင်းနဲ့ သေဆုံး ဒေါ်တင်ပြေရဲ့ ခင်ပွန်းက လေဖြတ်နေတဲ့အတွက် အိပ်ယာမှ ထူပေးဖို့ အကူအညီတောင်းတဲ့ အချိန်တွေမှာ သွားရောက်ကူညီ ပေးလေ့ ရှိကြောင်း၊ သေဆုံးသူ ဒေါ်တင်ပြေ့ မှာ ငွေတိုးပေးနေသဖြင့် အဖိုးတန် ရွှေထည်ပစ္စည်းများ၊ ငွေကြေးများရှိသည်ကို သိရှိ၍ သေဆုံးသူ ဦးကျော်စိုးနှင့် ဒေါ်တင်ပြေ့ တို့အား သတ်ဖြတ်ကာ ရွှေထည်ပစ္စည်း များနှင့် ငွေကြေးများရယူဖို့ တိုင်ပင်ခဲ့ပြီး အရက်/ဘီယာတွေသောက်ခဲ့ကြကာ စက်ရုံမှာရှိတဲ့ ဓါးဦးချွန် ဓါးမြောင်တစ်ချောင်းကိုယူဆောင်ကာ နေအိမ်သို့ ဝင်ရောက်ပြီး ဓါးနဲ့ ဒေါ်တင်ပြည့်ကိုပါးစပ်ပိတ် ချုပ်ထားကာ လမင်းထွန်း(ခ)ကရင် က အသင့်ယူဆောင်လာတဲ့ ဓါးဖြင့် ထိုးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လမင်းထွန်း(ခ)ကရင် က ဒေါ်တင်ပြည့် ရဲ့ နေအိမ်မီးဖိုချောင်အခန်းမှာ ချိတ်ထားတဲ့ ကတ်ကြေး နှစ်ချောင်းကို ထပ်မံယူခဲ့ပြီး ကျော်ဇင်(ခ)ကျော်ကြီး ကို ကတ်ကြေး တချောင်းပေးခဲ့တာကြောင့် ဒေါ်တင်မြေ့ ကို ထပ်မံထိုးသတ်ကာ လမင်းထွန်း(ခ)က ရင် က ဦးကျော်စိုးရဲ့ အခန်းအတွင်း ကို ဝင်ပြီး ဦးကျော်စိုး ကိုကတ်ကြေးနဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ဒေါ်တင်ပြည့် က ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ပေါက်အူထွက်ဒဏ် ရာ(၁)ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ(၄)ချက်နဲ့ သေဆုံးခဲ့ပြီး ဦးကျော်စိုး(၅၉)နှစ်က ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၇)ချက်၊ ဝမ်း ဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲလည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်နှင့်လည်ဂုတ်ထိုးသွင်းဒဏ်ရာ(၂)ချက် နဲ့သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တရားခံတွေဖြစ်တဲ့ ကျော်ဇင်(ခ)ကျော်ကြီး (၂၃)နှစ်နဲ့ လမင်းထွန်း (ခ)ကရင် (၂၀)နှစ်တို့ကို အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၁၄၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

image

FIFA ကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အင်ဖန်တီနို အကြံညဏ်တောင်းခံ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက FIFA ကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အကြံညဏ်တောင်းခံခဲ့ပါတယ်။

FIFA က FIFAကောင်စီအဖွဲ့ဝင်တွေနဲ့ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေထံ စာရေးသားပေးပို့ပြီး တောင်းဆိုခဲ့တာပါ။

ဒီအထဲမှာ ဖြစ်နိုင်ခြေရှိသော တိုးတက်ကောင်းမွန်တဲ့ အချက်တွေကို အကြံပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

FIFA ကောင်စီအစည်းအဝေးကို အောက်တိုဘာလမှာ ကျင်းပမှာဖြစ်ပြီး ယင်းမတိုင်ခင် အင်ဖန်တီနိုက အခုလို စာပို့ခဲ့တာပါ။

ဒါ့အပြင် ၎င်းက FIFAရဲ့ဆုံးဖြတ်ချက်တွေ အားကောင်းဖို့ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ဖို့လည်း အကြံပြုခဲ့ပါတယ်။

UEFAနဲ့ CONCACAF အဖွဲ့အစည်းတွေက FIFA အနေနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကို ဒေါ်လာ ၁၀ သန်းစီပေးဖို့ တောင်းဆိုအပြီးမှာ အင်ဖန်တီနိုက စာပေးပို့ခဲ့တာဖြစ်ပါတယ်။

image

အာတေတာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ နည်းပြ အာတေတာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

စပိန်လူမျိုး နည်းပြအာတေတာရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက နောက်ထပ် ၄ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အာတေတာဟာ အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာကြောင့် သက်တမ်း ၆ နှစ်နဲ့ ၉ လ ရှိနေပြီး လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သက်တမ်းအရှည်ဆုံးအဖြစ် ရပ်တည်နေပါတယ်။

အာဆင်နယ်အသင်းက အာတေတာရဲ့ နည်းပြအဖွဲ့တစ်ခုလုံးကိုလည်း သက်တမ်းတိုးသွားမှာဖြစ်ပြီး လစာလည်း တိုးမြှင့်ပေးသွားမှာပါ။

စာချုပ်သစ်အရ အာတေတာအနေနဲ့ တစ်နှစ် ပေါင် ၁၅ သန်းအထက် ရရှိသွားမှာဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာတေတာက အာဆင်နယ်အသင်းကို နစ်ပေါင်း ၂၀ ကျော် ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

image

ဘရိုက်တန်နည်းပြ ဟာ့ဇ်လာကို မန်ယူဘုတ်အဖွဲ့ စိတ်ဝင်စားနေ

မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဘရိုက်တန်နည်းပြ ဟာ့ဇ်လာကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ယူအသင်းရဲ့ လက်ရှိနည်းပြ ကာရစ်က ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းမရှိတာကြောင့် တကယ်လို့ ကာရစ်ကို ရာထူးက ထုတ်ပယ်ခဲ့ရမယ်ဆိုရင် အစားထိုးခန့်အပ်ဖို့အတွက် ဟာ့ဇ်လာကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက်(၃၃)နှစ်သာရှိသေးတဲ့ ဂျာမန်နည်းပြ ဟာ့ဇ်လာက ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပြီး ဘရိုက်တန်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

ဟာ့ဇ်လာက ဘရိုက်တန်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ၂၀၂၄-၂၅ ရာသီနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အဆင့်(၈)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီ ပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ အမှတ်ပေးဇယားတတိယနေရာ ရောက်ရှိနေပါတယ်။

လိဂ်ဖလားတတိယအဆင့်မှာ မန်ယူကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ လက်ရှိချန်ပီယံ အာဆင်နယ်ကို (၃-၀)ဂိးနဲ့ အနိုင်ယူခဲ့တာကြောင့် ချီးကျူးမှုတွေ ရရှိနေတဲ့နည်းပြလည်း ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ကင်းထောက်ချုပ်ဟောင်းဖြစ်တဲ့ မစ်ခ်ဘရောင်းက ဟာ့ဇ်လာဟာ ကာရစ်နေရာကို အစားထိုးဖို့ သင့်လျော်တဲ့နည်းပြဖြစ်ကြောင်းနဲ့ နည်းပြသစ် လိုအပ်တဲ့ ကလပ်အသင်းတိုင်းအတွက် ဟာ့ဇ်လာက ထည့်သွင်းစဉ်းစားရမယ့်သူဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။

image

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲမှာ အထူးအမှတ်တရဂျာစီကို မက်ဆီ ဝတ်ဆင်ကစားမယ်

အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲမှာ အထူးအမှတ်တရဂျာစီကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။

အာဂျင်တီးနားအသင်းအတွက် (၂၀၇)ပွဲကစား၊ (၁၂၅)ဂိုးသွင်းယူထားပြီး ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ မက်ဆီက လက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း သြဂုတ်လကတည်းက ကြေညာထားပြီးဖြစ်ပေမဲ့ အခုနိုင်ငံတကာရက်သတ္တပတ်မှာ နောက်ဆုံးပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားသွားမှာပါ။

အာဖရိကအသင်းတစ်သင်းဖြစ်တဲ့ ဘီနင်အသင်းနဲ့ အောက်တိုဘာ(၆)ရက် ယှဉ်ပြိုင်မယ့်ပွဲမှာ ပါဝင်ကစားမှာဖြစ်ပြီး အဲဒီပွဲမှာ အထူးအမှတ်တရဂျာစီကို မက်ဆီက ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

အဲဒီဂျာစီမှာ မက်ဆီရဲ့အမည်၊ ကျောနံပါတ်နဲ့ လည်ပင်း၊ လက်မောင်းအနားကွပ်တွေကို ရွှေရောင်ခြယ်သထားကြောင်း သိရပါတယ်။

မက်ဆီက အထူးအမှတ်တရဂျာစီကို မိတ်ဆက်ပြသရာမှာ ''One last match, A jersey for A lifetime နောက်ဆုံးတစ်ပွဲ၊ တစ်သက်တာအတွက် ဂျာစီတစ်ထည်'' ဆိုတဲ့ စာသား ရေးသားခဲ့ကြောင်းလည်း သိရပါတယ်။

အာဂျင်တီးနားအသင်းက အခုနိုင်ငံတကာရက်သတ္တပတ်မှာ ဘိုလစ်ဗီးယား၊ ဘာကီနာဖာဆို၊ ဘီနင်တို့နဲ့ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပေမဲ့ မက်ဆီကတော့ ဘီနင်နဲ့ နောက်ဆုံးပွဲတစ်ပွဲမှာသာ ပါဝင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

image