ရခိုင်ပြည်နယ် မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေ၊ ၁၇ ယောက်ဝန်းကျင် ဒဏ်ရာ ရ

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ မနေ့ အောက်တိုဘာ ၃၀ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ၁၇ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်အခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။

AA ထိန်းချုပ်ထားတဲ့ ကျောက်ဖြူ မြို့နယ်၊ ဇင်ချောင်းတိုက်နယ်က ဇင်ချောင်းကုန်ဘွေ ကျေးရွာမှာ မနေ့ ညနေ ၄ နာရီကျော် ဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ငါးယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ် ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ကျောက်ဖြူဖြစ်စဥ်မှာ ငါးယောက်လုံးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ။ ဒဏ်ရာ ရသူတွေထဲမှာ အနီရောင်အဆင့် ဖြစ်တဲ့သူတွေလည်း ပါတယ်။ လက်ရှိမှာတော့ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။ ဒီကျောက်ဖြူ မြို့နယ်မှာက အမှတ် (၃၂) ရဲတပ်ရင်းနားမှာ တိုက်ပွဲ ဖြစ်ပွားနေတာ ရှိတယ်။ ဒါပေမယ့် လေကြောင်း တိုက်ခိုက်မှုဖြစ်တဲ့ ဇင်ချောင်းကုန်ဘွေ ရွာကတော့ အဲဒီနေရာနဲ့ အလှမ်းဝေးပါတယ်” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်သူက ပြောပါတယ်။

လက်ရှိ ကျောက်ဖြူမြို့နယ်မှာ စစ်ရေးဧရိယာ ကျယ်ပြန့်လာတဲ့ အတွက် တနယ်လုံးနီးပါး စစ်ဘေး တိမ်းရှောင်နေရကာ စစ်ရှောင်ဦးရေ တသိန်းနီးပါးအထိ ရောက်လာပြီ ဖြစ်တယ်လို့ ဒေသအတွင်းက လူမှုကူညီရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒါအပြင် မနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်ကလည်း ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဇီးကိုင်းကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ မနေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ်မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် အဲဒီ ရပ်ကွက်တွေမှာ လူနေထိုင်မှု မရှိသေးတာကြောင့် ထိခိုက် ဒဏ်ရာရတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူ‌တွေဘက်ကရော၊ AA ဘက်ကပါ တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်း ကျရောက်မှုတွေ အဆက်မပြတ် ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ပေါက်တောမြို့နယ် တောင်ညိုကျေးရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာမှာ ဒရုန်း ကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခု ရက်ပိုင်းအတွင်းမှာ အစိုးရတပ်ဟာ ရခိုင်ပြည်က လက်လွှတ်ထားရတဲ့ မြို့တွေ၊ ဒေသတွေကို နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ လေကြောင်း၊ ရေကြောင်း အန္တရာယ်တွေကို အထူး သတိထားကြဖို့ AA က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။

image