တောင်ကြီး - ဟိုပုံးလမ်းပေါ် ကျောက်တုံးကြီးလိမ့်ကျပြီး အဆောက်အအုံနဲ့ မော်တော်ယာဥ် ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စုကားလမ်းမပေါ်ကို မနေ့ စက်တင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီခွဲဝန်းကျင်က ကျောက်တုံးကြီး လိမ့်ကျလာတာကြောင့် အဆောက်အအုံနဲ့ မော်တော်ယာဥ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာနရုံးရဲ့ အနောက်ဘက် ရွှေမုဋ္ဌောတောင်ပေါ်ကနေ အလျား ၄၁ ပေ၊ အနံ ပေ ၂၀၊ အမြင့် ၁၂ ပေ အရွယ်အစားရှိတဲ့ ကျောက်တုံးကြီး လိမ့်ကျခဲ့တာလို့ သိရပါတယ်။

“အဲဒီနေရာက တောင်ကြီးကနေ ဟိုပုံးဘက်အထွက် BOC ဓာတ်ဆီဆိုင်ဘေးမှာပါ။ သတ္တုတွင်းဦးစီးဌာနရဲ့ တထပ် အဆောက်အအုံကို အရှိန်နဲ့ ဝင်တိုက်မိတယ်။ ဆီဆိုင်ခြံစည်းရိုးလည်း ပျက်စီးတယ်။ ကားနှစ်စီးလည်း ပိကုန်တယ်။ လူထိခိုက်တာတော့ မရှိဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကျောက်တုံးကြီး လိမ့်ကျမှုနဲ့အတူ မြေသား၊ ရွှံ့နဲ့ ကျောက်ခဲ၊ ကျောက်စရစ်တွေ ပြည်ထောင်စုလမ်းမကြီးပေါ် ကျရောက်ကာ လမ်းပိတ်ဆို့မှု ယာယီ ဖြစ်ပေါ်ခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညတွင်းချင်း စက်ယန္တရားတွေနဲ့ ဖယ်ရှားခဲ့တာကြောင့် ည ၁၂ နာရီဝန်းကျင်မှာ လမ်းပြန်ပွင့်သွားခဲ့တယ်လို့ သိရပါတယ်။

“မိုးရွာတာများပြီး မြေသားတွေအိကျလာလို့ ကျောက်တုံးကြီး ပြုတ်ကျလာတာ။ အသံကြီးကို အရင်ကြားရတာ။ ပြီးမှ ကျောက်တုံးကြီးကျလာတာ။ တောင်ပေါ်မှာ နေတဲ့သူတွေက ဘုရားဖြူဘက်က ထင်းကိုခုတ်တာ။ သစ်ပင်ကြီးတွေကို နေ့တိုင်းခုတ်နေတာ နှစ်နဲ့ချီနေပြီ။ အဲဒါကြောင့် ဒီလို သဘာဝဘေးတွေ ဖြစ်လာတာ။ အဲဒီ သစ်ပင်တွေ မရှိတော့တာတွေကြောင့်ပဲ ရေတွေကြီး၊ ကမ်းတွေပြို၊ မြေတွေပြို ဖြစ်နေတာ” လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ကလည်း ငလျင်လှုပ်ခတ်မှုကြောင့် အဲဒီနေရာအနီးက ကားလေးဝင်းထဲကို ကျောက်တုံးကြီးတတုံး လိမ့်ကျခဲ့ဖူးပြီး အခုလိမ့်ကျလာတဲ့ ကျောက်တုံးကြီးကတော့ အရင်နှစ်ကထက် အရွယ်အစား ပိုမိုကြီးမားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒေသခံတွေဟာ မိုးရာသီကာလအတွင်း အဲဒီ တောင်ခြေတလျှောက် မြေပြိုမှုနဲ့အတူ ကျောက်တုံးတွေ ထပ်မံ လိမ့်ကျလာမယ့် အန္တရာယ်ကို စိုးရိမ်နေကြပြီး သက်ဆိုင်ရာဌာနက စစ်ဆေးမှုတွေ ပြုလုပ်ပေးကြဖို့ လိုလားနေကြပါတယ်။

ဒါအပြင် ဘူမိဗေဒ ပညာရှင်တွေကလည်း အခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရေရှည် အန္တရာယ်ကင်းရှင်းရေးနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဘယ်နေရာတွေမှာ ကျောက်တောင် ပြိုကျနိုင်ခြေ အများဆုံးရှိနေလဲဆိုတာကို သိရှိနိုင်မယ့် ကျောက်တောင် ပြိုကျနိုင်ခြေပြမြေပုံ (Rockfall Hazard Map) တွေကို သက်ဆိုင်ရာဌာနတွေက ကွင်းဆင်းတိုင်းတာပြီး စနစ်တကျ ရေးဆွဲ ပြင်ဆင်ထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

image

ညောင်တုန်းတာ ပြိုကျမှု ပေ တထောင်ကျော်ရှိလာ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း တာပြိုကျမှုဟာ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားရွာမှာ ပေ ၈၀၀ နီးပါး ရှိလာပြီဖြစ်သလို ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းရွာဘက်မှာတော့ ပေ ၃၀၀ နီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဖျားရေကာတာနဲ့ ဂန်ချောင်းရေကာတာဟာ ခန့်မှန်းခြေ ပေ ၄၀၀၀ ဝန်းကျင် ကွာဝေးပြီး ရေကျလာနဲ့အမျှ တာတမံ‌မြေသား ပဲ့ကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“ရေကျလေလေ ကမ်းက နည်းနည်းချင်းစီ အိကျသွားလေပဲ။ တာတွေအောက်မှာက ရေတက်တုန်းက ရေဝဲ လှိုက်စားထားတာတွေ ရှိတယ်လေ။ ရေလည်းကျသွားရော အဲဒါတွေက ကိုယ်ထည်တွေလေးပြီး တဖြည်းဖြည်းနဲ့ နည်းနည်းချင်းစီ အိကျနေတာ။ ဒါပေမယ့် တာအိကျလို့တော့ အထဲကို ရေမဝင်နိုင်ဘူး။ အနောက်မှာ ပန်းတာတွေရှိတယ်။ အောက်မှာခွေပြီး ကာထားတာတွေရှိတယ်။ အခုက ရေကလည်း အထဲမှာ ပြန်ကျနေပြီဆိုတော့ ပြဿနာ သိပ်မရှိဘူးလို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေကိုလိုက်ပြီး အခြေအနေက တမျိုးပြောင်းသွားကောင်း၊ ပြောင်းသွားနိုင်တဲ့အတွက် စောင့်ကြည့်ရမယ့် အနေအထားတော့ ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဂန်ချောင်းကျေးရွာထိပ်က တာတမံဟာ မနေ့ စက်တင်ဘာ ၁၈ ရက်က အက်ကြောင်းတွေ ဖြစ်ပေါ်ပြီး မြေသားတွေ ဆက်တိုက် ပဲ့ကျနေသလို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့၊ မနက်အစောပိုင်းကလည်း ပေ ၂၅၀၊ ၃၀၀ နီးပါး ကိုယ်ထည် အိကျခဲ့ကာ ဖိုက်ဘာလှေ တစီးနဲ့ သစ်သားလှေ တစီး ရေထဲ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။

“စက်တင်ဘာ ၁၇ ရက်နေ့၊ တာအိကျတုန်းက အိမ် ခုနစ်လုံးလောက် ရွှေ့ပေးလိုက်ရတာရှိတယ်။ အဲဒီတာရဲ့ အနောက်မှာ ရေကာတာတခု ရှိပေမယ့် သက်ဆိုင်ရာက ရေကာတာ နောက်တခု ထပ်လုပ်တဲ့အခါကျတော့ ရေကတုတ်ရိုက်တဲ့ လမ်းကြောင်းက မလွတ်တဲ့ အိမ်တွေကတော့ ရွှေ့ပြောင်းပေးရတာပေါ့” လို့ သူက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်ကလည်း ဂန်ချောင်းတာရဲ့ မိုင်တိုင် ၁၂/၂ နဲ့ ၁၂/၃ ကြားမှာ မြေသား ပေ ၁၀၀ ဝန်းကျင် ပြိုကျခဲ့သေးတယ်လို့ သိရပြီး ကမ်းပြိုကျမှုတွေဟာ ညောင်တုန်းကျွန်းတာဟောင်း မိုင်တိုင် ၁၁/၆ ၊ ၁၁/၇ ၊ ၁၂/၂ နဲ့ ၁၂/၃ တို့အကြား ၁ မိုင်ပတ်လည်မှာ ဆက်တိုက် ဖြစ်နေတာလို့ သိရပါတယ်။

လက်ရှိမှာ ညောင်တုန်းမြို့ရှိ ပန်းလှိုင်မြစ်ရေ ထပ်မံ ကျဆင်းနေပေမယ့် မိုးရွာသွန်းမှုများတဲ့အချိန် အထက်ပိုင်းကရေတွေ များလာမယ်ဆိုရင်တော့ တာပြိုကျမှုတွေ ပိုများလာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ကနေ စတင်ပြီး ညောင်တုန်းမြို့နယ်အတွင်း တာတမံအိကျမှုတွေ ဖြစ်ခဲ့တာမှာ ချောင်းဖျားတာက ပထမဆုံး ပြိုကျခဲ့တာဖြစ်ပြီး လက်ရှိမှာ တာပြိုကျမှုဖြစ်စဉ်တွေကြောင့် ချောင်းဖျားကျေးရွာက နေအိမ် ၁၃ လုံးထက်မနည်း ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။

image

ရန်ကုန်မှာ ရွှေနဝလီရောင်းဝယ်ရေးလုပ်တဲ့ဆိုင်ရှင်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သူကို ချက်ချင်းဖမ်းမိ

ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ ၊ မနက် ၁၀ နာရီလောက်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အထက်ပုဇွန်တောင်လမ်း ၊ တိုက်အမှတ် ၇၃ က ရွှေထည်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သွားသူကို ချက်ချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က အသက် ၃၀ အရွယ် ကိုဝင်းပိုင်စိုးဟာ ရွှေဆွဲကြိုးအတုကို ယူလာပြီး ရောင်းချလိုကြောင်းပြောကာ ဆိုင်ရှင် ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေသိန်း ၄၀ ကျော်ပါတဲ့ ငွေထုပ်ကိုလုယူထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ငွေထုပ်ယူထွက်ပြေးစဥ် ရပ်ကွက်နေပြည်သူတွေက ပူးပေါင်းဖမ်းမိခဲ့တာဖြစ်ပြီး ကျူးလွန်သူအမျိုးသားဟာ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းမှာ နေထိုင်သူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

" ရွှေနဝလီဆိုင်မဟုတ်ပါဘူး ။ ရွေတိုရွှေစတွေကို ဝယ်တဲ့ဆိုင်ပါ ။ ဆိုင်က နာမည်လည်း ချိတ်မထားတော့ သေချာမသိဘူး။ အဘိုးတယောက် ခေါင်းထိခိုက်မိတယ် အကြောင်းကြားလို့ ကျ​နော်တို့သွားခဲ့တာပါ ။ ကျန်တဲ့ကိစ္စတွေ တာဝန်ရှိသူက ဆက်လုပ်နေပါတယ်။ " လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ လူမှုကူညီရေး အသင်းဝင်က ပြောပါတယ်။

လက်ရှိမှာ ကျူးလွန်သူအမျိုးသားကို ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာ ရဲစခန်းကို အပ်နှံထားပြီး ရဲစခန်းက စစ်ဆေးမှုပြုလုပ်နေတယ် သိရပါတယ်။

လုယက်မှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဆိုင်ရှင် အသက် ၆၈ နှစ်အရွယ် ဦးမျိုးတင့်ကို လိုအပ်တဲ့ ဆေးဝါးကုသမှုပေးဖို့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ မြို့မဈေးတောင်ဘက်တိုက်တန်းရှိ ရွှေမိုးရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း ၇၀ သားလောက်ပါသွားတဲ့အပြင် ဆိုင်ရှင်အပါအဝင် လူနှစ်ယောက် သေနတ်ပစ်ခတ်ခံခဲ့ရပါတယ်။

ခုနောက်ပိုင်းမှာ ရန်ကုန် နဲ့ မန္တလေးမှာ ရွှေဆိုင်ဓားပြတိုက်ခံရတာတွေ အဖြစ်များလာသလို ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်က မြို့နယ်တချို့မှာလည်း ရွှေဆိုင်ဓားပြတိုက်တာ ၊ ကားလုယက်တာ ၊ ဆိုင်ကယ်လုယက်တာ ၊ ရွှေထည်ပစ္စည်းလုယက်တာတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။

image

အဆောက်အဦ ဆောက်လုပ်ခွင့် လိုင်စင် ၊လက်မှတ်မရှိပဲ လုပ်ကိုင်ပါက ထောင် ၃ နှစ် ၊ ဒဏ်ငွေ သိန်း ၅၀ ချမှတ်ခံရမယ်

အဆောက်အဦဆောက်လုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်၊လက်မှတ် မရှိပဲ ဆောက်လုပ်ပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ၊ ဒဏ်ငွေ သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရမယ်လို့ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅၈ အရ သိပါတယ်။

ပုဒ်မှာ ၅၈ မှာ ပြဌာန်းထားတာက မည်သည့်တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တတိယအဖွဲ့အစည်းမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရဆိုပြီး ရေးထားပါတယ်။

အဲဒီအချက်ကို ဖောက်ဖျက်ကျုးလွန်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

" အခု အင်ဂျင်နီယာတွေလဲ လက်မှတ် အပြေးအလွှားလုပ်နေရတယ် ။ အင်ဂျင်နီယာ မဟုတ်တဲ့လူတွေလဲ ကန်ထရိုက် လိုင်စင်နဲ့ Company ထောင်ဖို့ လုပ်နေရတယ် ဆောက်ပေးမယ့် လူကလဲ လက်မှတ်၊လိုင်စင်မရှိရင် ဆောက်ပေးခွင့်မရှိဘူး။ အိမ်ရှင်ကိုယ်တိုင်ဆောက်ရင်တောင်ဆောက်ပေးမယ့် တာဝန်ခံက လက်မှတ်ရှိရမယ်။ ရပ်ကွက်ထဲ ဆောက်တဲ့လူတွေလဲ လက်မှတ်လိုမယ်။ ကန်ထရိုက်တာလိုင်စင်။ Company လိုင်စင်လိုမယ်။ " လို့ အင်ဂျင်နီယာ တယောက်က ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ အဆောက်အဦ ဆောက်လုပ်မယ့် အင်ဂျင်နီယာတွေအနေနဲ့ အင်ဂျင်နီယာကောင်စီလက်မှတ် နဲ့ စည်ပင်ကထုတ်ပေးတဲ့ အသိအမှတ်ပြုလုပ်ငန်းလိုင်စင် လက်မှတ် ရှိဖို့လိုအပ်တယ်လို့ သိရပါတယ်။

အင်ဂျင်နီယာမဟုတ်တဲ့ အခြား ဆောက်လုပ်ရေးလုပ်ငန်းရှင် ၊ ကန်ထရိုက်တွေကတော့ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ တရားဝင်မှတ်ပုံတင်ထားခြင်း ၊ အိုးအိမ်ဌာနက ထုတ်ပေးထားတဲ့ ကန်ထရိုက်တာလိုင်စင်၊ စည်ပင်ဌာနက ထုတ်ပေးတဲ့ အသိအမှတ်ပြုလုပ်ငန်းလိုင်စင် လက်မှတ် လိုအပ်တယ်လို့ ကနဦးသိရပါတယ်။

ဒါပေမယ့် လက်ရှိမြေပြင်မှာက ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ခွင့်အတွက် လုပ်ငန်းလိုင်စင် ၊ လက်မှတ် လျှောက်ထားရာမှာ အသိအမှတ်​ပြု လက်မှတ်ထုတ်ထုတ်ပေးမှုက ကြာမြင့်မှုရှိနေတာကြောင့် အဆင်မပြေကြဘူးလို့ သိရပါတယ်။

" အခုအနေအထားက အကုန် ဘေးကြပ်နံကြပ်ဖြစ်ကုန်တာပေါ့လက်မှတ်လုပ်ဖို့ ငွေလိုမယ်အချိန်စောင့်ရမယ်။" လို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာအဆောက်အဦ ဆောက်လုပ်ခွင့် လုပ်ငန်းလိုင်စင် ၊ လက်မှတ်ရှိမှ ဆောက်လုပ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်ကြောင့် ကန်ထရိုက်တာတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ဒါအပြင် ပုဒ်မ ၅၉ အရလည်း မည်သူမျှ တည်ဆောက်ရေးလုပ်ငန်းအတွက် ခွင့်ပြုချက်ရရှိရန် တင်ပြရာမှာ မမှန်ကန်တဲ အထောက်အထားတွေနဲ့ တင်ပြလျှောက်ထားပါကလည်း ငွေဒဏ် သိန်း ၁၀၀ ထက်မပိုသောငွေဒဏ် ဖြစ်စေ ၊ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

အလားတူ ပုဒ်မ ၆၀ အရ အဆောက်အအုံတည်ဆောက်ရာမှာလည်း မူလခွင့်ပြုသတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံပါ အထပ်အမြင့် သို့မဟုတ် အထပ်အရေအတွက်ထက်ကျော်လွန်ပြီး တည်ဆောက်ပါက ထောင် ၃ နှစ်ချမှတ်ရမယ့်အပြင် ငွေကျပ်သိန်း ၂၀၀ ထက်မပိုသော ဒဏ်ငွေနဲ့ မူလခွင့်ပြုသတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံထက် ကျော်လွန်တည်ဆောက်ထားတာကို ဖျက်သိမ်းရမယ်လို့ ပြဌာန်းထားပါတယ်။

image

နီပေါနိုင်ငံ လေဆိပ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ခုရက်ပိုင်းအတွင်း နီပေါနိုင်ငံ ကတ္တမန္ဒူမြို့ရှိ Tribhuvan နိုင်ငံတကာလေဆိပ်မှာ မြန်မာနိုင်ငံသားတချို့ကို မူးယစ်ဆေးဝါးသယ်ဆောင်လာမှုနဲ့ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ အခြား နိုင်ငံတွေက တဆင့် နီပေါနိုင်ငံကို အလည်အပတ်ဖြစ်စေ ၊ ပစ္စည်း သယ်ယူပို့ဆောင်တဲ့ လုပ်ငန်း လုပ်ကိုင်ခြင်းဖြစ်စေ ၊ အလုပ်အကိုင်ရှာဖွေခြင်းဖြစ်စေ စတဲ့ အကြောင်း အမျိုးမျိုးနဲ့ လာရောက်ကြမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ မသမာသူတွေက ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်စွာ ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေအထဲ တရားမဝင်ပစ္စည်း(ဥပမာ-ဆေးခြောက်များ)ကို သယ်ဆောင် လာရာကနေ ဖမ်းခံရတာလို့ သံရုံးက ဆိုထားပါတယ်။

ဒါကြောင့် အဓိက နီပေါနိုင်ငံကိုလာရောက်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အလားတူဖြစ်စဉ်တွေ ထပ်မံမပေါ်ပေါက်စေရေး သတိပြုဆင်ခြင်ပြီး ခရီးသွားလာကြဖို့ မြန်မာသံရုံးက သတိပေးထားပါတယ်။

ဒီကိစ္စ္စနဲ့ပတ်သက်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တယောက်က " အများစုက ဖြစ်လိုက်ရင် ထိုင်းကနေ သယ်လာတာများတယ်။ တချို့ကတော့ စီးပွားရေးတခုအနေနဲ့ လုပ်တာရှိသလို တချို့ကျတော့လည်း ပါဆယ်ပစ္စည်း လမ်းကြုံ ယူလာတာကနေ ဖြစ်တယ်လို့သိရတယ်။ ဆေးခြောက်ကို ရောင်းဝယ်လုပ်လို့ မိပြီးဖမ်းခံရသူတွေကတော့ သူနိုင်ငံဥပဒေအတိုင်း ခံယူရတာ ဖြစ်သင့်ပါတယ်။ မသိလိုက်ပဲ ပါဆယ်ယူလာရာကနေ ဖြစ်တာမျိုးဆိုရင် နစ်နာတာပေါ့။ အဲဒီတော့ ပါဆယ်ဘာညာယူမယ်ဆိုရင်လည်း အားမနာပါနဲ့ ။ ဖွင့်ဖောက်ကြည့်ပြီးမှ ယူကြပါ။ ပစ္စည်းသယ်ပို့တဲ့သူတွေလည်း ကိုယ်ပို့မယ့်ပစ္စည်းကို သေချာစစ်ယူဖို့ အရေးကြီးပါတယ်။ " လို့ မှတ်ချက်ပြုပြောပါတယ်။

ဒီစက်တင်ဘာလအတွင်းမှာတင် နီပေါနိုင်ငံ ၊ ကတ္တမန္ဒူမြို့လေဆိပ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ငါးယောက်အပါအဝင် နိုင်ငံခြားသားရှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလို မြန်မာနိုင်ငံသားကို မူးယစ်ဆေးသယ်ဆောင်မှုနဲ့ ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်လာပြီးနောက်မှာ မြန်မာသံရုံးက သတိပေးစာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အလားတူ အိန္ဒိယနိုင်ငံ ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှားနိုင်ငံ စတဲ့ နိုင်ငံတချို့မှာလည်း မြန်မာနိုင်ငံသားတွေဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာဆိုရင် အင်ဒိုနီးရှား နိုင်ငံမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ မြန်မာနိုင်ငံသား ၁၇ ယောက် ၊ အိန္ဒိယ နဲ့ထိုင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်မှာ ၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မှတ်တမ်း​တွေအရသိရပါတယ်။

image

လျှပ်စစ်မီး အတက်အကျ မမှန်လို့ ပြည်သူတွေ အခက်တွေ့နေ

လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီးအားတွေ အတက်အကျ မမှန်တာ မကြာခဏ မီးပျက်တာ​တွေကြောင့် ပြည်သူတွေအနေနဲ့ လူနေမှုဘဝနဲ့ လုပ်ငန်းခွင်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဗို့အား ၂၂၀ အထိ လာရမယ့်အစား တချို့နေရာတွေမှာ ဗို့အား ၁၅၀ ခန့်အထိ ကျဆင်း သလို တချို့ နေရာတွေမှာ ဗို့အား ၂၆၀ ကျော်၊ ၃၆၀၊ ၄၀၀ ကျော်အထိ မီးအား ဆောင့်တက်တာမျိုးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“ဖြစ်ချင်တိုင်းဖြစ်နေတာ။ မှော်ဘီ ရဲဘော်စျေးတော့ မီးအားက ဘာမှလုပ်မရဘူး။ မီးအားမြှင့်စက်ပါ ဆွဲမတင်နိုင်ဘူး” လို့ ပြည်သူတယောက်က ပြောပါတယ်။

ဒါပေမယ့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာတော့ စက်တင်ဘာ ၂၀ ရက်၊ ညပိုင်းက လျှပ်စစ်ဗို့အား ၃၆၀ အထိ တက်သွားတဲ့အတွက် မီးလုံးတွေ အကုန် ကွဲထွက်ခဲ့တယ်လို့ သိရပြီး တောင်ဥက္ကလာပမြို့နယ်မှာလည်း ဗို့အား ၂၆၃ အထိ တက်သွားတဲ့အတွက် အိမ်ရှိ မိန်းခလုပ်ကို ချထားခဲ့ရတယ်လို့ ပြည်သူတယောက်က ပြောပါတယ်။

“မီးအားက နိမ့်လိုက်၊ ကျလိုက်နဲ့ ခုန်နေတာ။ တခါဆို မီးအား ဆောင့်တက်သွားတာ ခဏမဟုတ်ဘူး။ အချိန်ကြာတယ်။ အခြေအနေကို လန့်နေတာနဲ့ မိန်းချလိုက်ရတယ်။ မီးလောင်ရင်တော့ အိမ်ရှင်ပဲ အဖမ်းခံရတာ” လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

မီးအားမမှန်ဘဲ အတက်အကျ ဖြစ်နေတဲ့အတွက် ပြည်သူတွေဟာ ရေခဲသေတ္တာ၊ အဲယားကွန်းနဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်း ပျက်စီးတွေမှုကို ကြုံတွေ့နေရပြီး ပြုပြင်စရိတ်တွေ ပိုမိုကုန်ကျရသလို မီးအားထိန်းညှိပေးတဲ့ မီးအားမြှင့်စက်တွေကိုလည်း မဖြစ်မနေ ငွေကုန်ကြေးကျခံ ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

“လက်ရှိ ခေတ်အခြေအနေအရ EPC မှာလည်း ကျွမ်းကျင်ပညာရှင်တွေ မရှိကြတော့ဘူးထင်တယ်။ အရေးပေါ်ပျက်ရင် ရမ်းသမ်း ချိတ်ဆက်နေကြသလို ဖြစ်နေတယ်။ လျှပ်စစ်မီးလိုင်းကို Phase နဲ့ Neutral သဲသဲကွဲကွဲကွဲ မသိကြဘူး။ ချိတ်ပြီး ပြီးရော လုပ်နေကြတာဆိုတော့ လျှပ်စစ်မီး အသုံးပြုနေကြတဲ့ ပြည်သူတွေက မီးသီးတွေကျွမ်း၊ လျှပ်စစ်ပစ္စည်းမှန်သမျှ ပျက်စီးနဲ့ ဆုံးရှုံးမှုတွေဖြစ်တော့ EPC ကိုလှမ်းခေါ်၊ service တွေတောင်း လုပ်နေကြရတယ်” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။

ဒါအပြင် စက်မှုဇုန်တွေ၊ ကုန်ထုတ်လုပ်မှု အသေးစားလုပ်ငန်းတွေ၊ မိတ္တူဆိုင်၊ ဝပ်ရှော့နဲ့ ဆိုင်ခန်းတွေဟာလည်း မီးအားမမှန်တာ၃ကြောင့် မီးစက်တွေကိုသာ အားကိုးနေရတဲ့အတွက် စက်သုံးဆီအသုံးစရိတ် ပိုမို ကုန်ကျနေရတယ်လို့ သိရပါတယ်။

အခုလို မီးပြတ်တောက်မှုနဲ့ မီးအားမမှန်မှုတွေကြောင့် လုပ်ငန်းခွင်တွေနဲ့ ဆိုင်ခန်းတွေမှာ မီးစက်နှိုးရာကနေ အောက်ဆီဂျင် ပြတ်တောက်ပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညပိုင်းက တနိုင်ငံလုံး System Breakdown ဖြစ်ချိန်၊ စမ်းချောင်းမြို့နယ်က အလှပြင်ဆိုင်တဆိုင်မှာ မီးစက်နှိုးထားရာကနေ အောက်ဆီဂျင်ပြတ်ကာ အမျိုးသမီး ငါးယောက် သတိလစ်မေ့မျောမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မီးအားအတက်အကျ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အဓိက က ဓာတ်အားပေးတဲ့ စက်ရုံတွေအနေနဲ့ ထုတ်လုပ်နိုင်စွမ်း လျော့နည်းနေတာကြောင့်ဖြစ်ပြီး မဟာဓာတ်အားလိုင်း စနစ်အတွင်း ဝန်အား မမျှတမှုကြောင့် မကြာခဏဆိုသလို စနစ်တခုလုံး ပြတ်တောက်မှုနဲ့ ဗို့အား မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာလို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

“တချို့ မြို့နယ်တွေမှာဆို ဓာတ်အား ဖြန့်ဖြူးတဲ့နေရာမှာ နည်းပညာနဲ့ စနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်။ ဒါကြောင့်ပဲ ဓာတ်အား ပျောက်ဆုံးမှုနှုန်းတွေ မြင့်မားနေတာ။ မီးအား ဆောင့်တက်တယ် ဆိုတာတွေက လေတိုက်လို့ ကြိုးပူးတာလည်း ဖြစ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အဖိုးတန် အိမ်သုံးပစ္စည်းတွေ လောင်ကျွမ်း ပျက်စီးမှု မရှိစေဖို့ အရည်အသွေး ကောင်းမွန်တဲ့ ဗို့အားထိန်းစက် (ဒါမှမဟုတ်) Automatic Voltage Regulator (AVR) တွေကို ကြားခံတပ်ဆင် အသုံးပြုသင့်တယ်လို့ သူက ပြောပါတယ်။

မီးပြန်လာခါစအချိန်မှာ ဗို့အား ရုတ်တရက် အဆမတန် တက်လာတတ်တဲ့အတွက် မီးလာပြီး အနည်းဆုံး ၅ မိနစ်ခန့် စောင့်ဆိုင်းပြီးမှသာ အရေးကြီး စက်ပစ္စည်းတွေကို ဖွင့်ရမယ်လို့ ဆိုပါတယ်။

ဒါအပြင် မီးစက်အသုံးပြုပါကလည်း လေဝင်လေထွက်ကို ဂရုစိုက်သင့်ပြီး မီးစက်တွေကို အခန်းတွင်း/အိမ်တွင်း အလုံပိတ်တွေမှာ လုံးဝ (လုံးဝ) မနှိုးသင့်ဘဲ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းနဲ့ အောက်ဆီဂျင် ပြတ်တောက်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်ဖို့ လေဝင်လေထွက် ကောင်းမွန်တဲ့ အမိုးအောက် (ဒါမှမဟုတ်) အပြင်ဘက်မှာသာ မီးစက်ကို ထားရှိရမယ်လို့ သူက ပြောပါတယ်။

image

မုန်တိုင်းအရှိန်ကြောင့် မိုးများနိုင်ပြီး ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုဖို့လို

လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကနေတဆင့် ဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု များပြားလာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ကမ်းလွန်အနီး) မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ အနောက် - အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သလို နောက် ၄၈ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

“လက်ရှိ ပင်လယ်ပြင်မှာတော့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် လှိုင်းကြီးနေတယ်။ သူက မြစ်ဝကျွန်းပေါ်၊ ကမ်းရိုးတန်းဒေသတွေနဲ့ နီးတဲ့အခါကျတော့ အဲဒီဒေသတွေမှာ လှိုင်း‌လေထန်နိုင်တာမျိုး အထူး သတိထားရမယ်။ မိုးလည်း များနိုင်တယ်။ ပင်လယ်ပြင်သွားမယ့် လှေတွေ၊ သင်္ဘောတွေအနေနဲ့ ဖြစ်နိုင်ရင် ဒီရက်ပိုင်း ခဏ နားထားသင့်တယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် မြစ်ငယ်၊ ချောင်းငယ်တွေမှာလည်း မိုးသည်းထန်မှုကြောင့် ရေအနည်းငယ် တိုးလာနိုင်တဲ့အတွက် အဲဒီနေရာတွေရဲ့ အနီးဝန်းကျင်က ဒေသတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ထပ်မံ သတိပြုဖို့လိုတယ်လို့ သူက ပြောပါတယ်။

“များသောအားဖြင့်တော့ ရေကြီးရေလျှံတာက အထက်ပိုင်းတွေမှာ ဖြစ်တာများတယ်။ အဓိက မြစ်ကြီးတွေမှာတော့ အထက်ဘက်မှာ မိုးများမှ အောက်ကိုဆင်းလာမယ့် အနေအထားမျိုးရှိတယ်။ မြစ်ငယ်၊ ချောင်းငယ်လေးတွေမှာပဲ နည်းနည်း သတိပြုရမယ်” လို့ သူက ပြောပါတယ်။

လေဖိအားနည်း ရပ်ဝန်းကနေတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အနောက် - အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း - အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေ) တို့ကို ရောက်ရှိ နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီကနေ့ စက်တင်ဘာ ၂၀ ရက်၊ ညနေပိုင်းကနေ စက်တင်ဘာ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေလည်း ဖြစ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို သတိပြုဖို့လိုတယ်လို့ သိရပါတယ်။

ဒါအပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကြိုတင်သတိပြု ရှောင်ရှားစေလိုတယ်လို့ မိုး/ဇလဌာနက အသိပေးထားပါတယ်။

image

အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ခင်နှင်းဝေက တက်ရှ်ဘောကနေ ရယူပေး

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် (၂၀) မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ခင်နှင်းဝေက တက်ရှ်ဘောအားကစားနည်းကနေ ရယူပေးခဲ့ကြောင်း သိရပါတယ်။

ခင်နှင်းဝေဟာ တက်ရှ်ဘောအားကစားနည်းရဲ့ အမျိုးသမီးတစ်ဦးချင်း (Women Single) ဗိုလ်လုပွဲအဖြစ် ဒီနေ့ အင်ဒိုနီးရှားကစားသမားနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာ (၁၀-၁၂၊ ၁၂-၈၊ ၁၂-၉) ရမှတ်၊ (၂-၁) ပွဲနဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ခင်နှင်းဝေဟာ အုပ်စုအဆင့်မှာ ကာဇက်စတန်၊ အင်ဒိုနီးရှား၊ လက်ဘနွန်ကစားသမားတွေကို နှစ်ပွဲပြတ်စီနဲ့ အနိုင်ရရှိခဲ့သလို ဆီမီးဖိုင်နယ်မှာလည်း လက်ဘနွန်ကစားသမားကို နှစ်ပွဲပြတ်နဲ့ အနိုင်ရယူပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာတက်ရှ်ဘောအားကစားအဖွဲ့ဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲကို အမျိုးအစား (၃) မျိုးနဲ့ ဝင်ရောက်ယှဥ်ပြိုင်နေပြီး အမျိုးသားတစ်ဥိးချင်း (Men Single) မှာ စောဖရိုက်ဒေးက ကြေးတံဆိပ်ဆု ရယူပေးထားပါတယ်။ ဒါကြောင့် မြန်မာတက်ရှ်ဘောအားကစားအဖွဲ့ဟာ အခုဆိုရင် ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁) ခု ရယူပေးထားပြီဖြစ်ပါတယ်။

image

ပန်တိုဂျာကို အနိုင်ရခဲ့တဲ့ ဂျိုရှူအာဗန် စုစုပေါင်း ထိုးကြေး ဒေါ်လာ(၆)သိန်းရရှိ

UFC ဖလိုင်းဝိတ်ပြိုင်ပွဲ ချန်ပီယံလုပွဲမှာ ပန်တိုဂျာကို အနိုင်ရခဲ့တဲ့ ဂျိုရှူအာဗန်အနေနဲ့ စုစုပေါင်းထိုးကြေး ဒေါ်လာ(၆)သိန်းရရှိခဲ့ကြောင်း သိရပါတယ်။

(၂)ကြိမ်ဆက်ချန်ပီယံဆု ကာကွယ်နိုင်ခဲ့တဲ့ဗန်ဟာ ထိုးကြေး ဒေါ်လာ(၅)သိန်းရရှိခဲ့ပြီး Fight of the Night အဖြစ် Bonus ဆုကြေးဒေါ်လာတစ်သိန်း၊ စုစုပေါင်း ဒေါ်လာ(၆)သိန်းရရှိခဲ့ပါတယ်။

ဗန်နဲ့ထိုးခဲ့တဲ့ ပန်တိုဂျာကတော့ ထိုးကြေးသီးသန့် ဒေါ်လာ(၆)သိန်းခွဲရရှိခဲ့တာပါ။

ဗန်အနေနဲ့ ပန်တိုဂျာနဲ့ တွေ့ဆုံတဲ့ (၂)ပွဲစလုံးအနိုင်ရခဲ့ပြီး UFC ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအသက် အငယ်ဆုံးချန်ပီယံ၊ အာရှတိုက်ရဲ့ ပထမဆုံးအမျိုးသားချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

image

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်ရပါက နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိ

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၂၁ ရက်မှာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့ဟာ ယနေ့ မြန်မာစံတော်ချိန် နေ့လည် (၁) နာရီခွဲမှာ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ နာဂိုင်းအားကစားကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာပါ။ လက်ရှိ မြန်မာအမျိုးသမီးအသင်းနဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်း နှစ်သင်းစလုံးအနေနဲ့ အုပ်စုတွင်းမှာ နှစ်ပွဲကစား၊ နှစ်ပွဲရှုံးကိုယ်စီနဲ့ အမှတ်ရရှိခြင်းမရှိသေးပါဘူး။

ယခုပွဲမှာ နှစ်သင်းစလုံးအတွက် အနိုင်ရရန်လိုအပ်နေပြီး အနိုင်ရရှိမှသာ အုပ်စုအဆင့်တက်ရေး မျှော်လင့်နိုင်မှာပါ။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပနေပါတယ်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)မှာ အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C)မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စုတစ်ခုစီက အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းတွေထဲက အကောင်းဆုံးနှစ်သင်း၊ စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာပါ။

image