ဒိန်းမတ်နဲ့ပွဲမှာ (၂)ဂိုးသွင်းပြီး နိုင်ငံတကာသွင်းဂိုး (၆၄)ဂိုးအထိရှိလာတဲ့ နော်ဝေကြယ်ပွင့် ဟာလန်း

နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ Scandinavia ဒေသတွင်းပြိုင်ဘက် ဒိန်းမတ်နဲ့ပွဲမှာ (၂)ဂိုးသွင်းနိုင်ခဲ့ပြီး နိုင်ငံတကာသွင်းဂိုး (၆၄)ဂိုးအထိ ရှိလာခဲ့ပါတယ်။

ပရိုကစားသမားဘဝတစ်လျှောက် ဒိန်းမတ်အသင်းနဲ့ (၂)ပွဲရင်ဆိုင်ခဲ့ဖူးတဲ့ ဟာလန်းအနေနဲ့ (၃)ဂိုးအထိသွင်းနိုင်ခဲ့တာပါ။

ဟာလန်းဟာ နော်ဝေအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားပြီး စံချိန်ပေါင်းများစွာရယူခဲ့ဖူးပါတယ်။

ဒါ့အပြင် ဟာလန်းအနေနဲ့ Nations League (၁၇)ပွဲကစားခဲ့ရာမှာလည်း ဂိုး (၂၀)သွင်းယူထားပါတယ်။

ဟာလန်းဟာ အသက် (၁၈)နှစ်အရွယ်ကတည်းက နော်ဝေလက်ရွေးစင်အသင်းအတွက်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၃)ရာသီဆက်ရယူနိုင်ခဲ့တဲ့ ဟာလန်းအနေနဲ့ ဒီရာသီမှာလည်း ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းအစားဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

နော်ဝေအသင်းကတော့ Scandinavia ဒေသတွင်းပြိုင်ဘက် ဒိန်းမတ်ကို နှစ်ပေါင်း (၂၈)နှစ်အတွင်း ပထမဆုံးအနိုင်ရခဲ့တာပါ။

image

UFC ရဲ့ လက်ရှိအကောင်းဆုံးကစားသမားစာရင်း (Pound For Pound - P4P) မှာ ဂျိုရှုအာဗန်အဆင့် (၆) အထိ ရောက်ရှိလာ

UFC ရဲ့ လက်ရှိ အကောင်းဆုံးကစားသမားစာရင်း (Pound For Pound - P4P) မှာ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ အဆင့် (၆) အထိ ရောက်ရှိလာကြောင်း သိရပါတယ်။

ကမ္ဘာ့နံပါတ် (၁) MMA ပရိုမိုးရှင်းတစ်ခုဖြစ်တဲ့ UFC ရဲ့ ဖော်ပြမှုအရ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်က UFC ရဲ့ လက်ရှိ အကောင်းဆုံးကစားသမားစာရင်း (Pound For Pound - P4P) မှာ အဆင့် (၆) အထိရောက်ရှိလာတာပါ။ UFC ရဲ့ ဖော်ပြမှုအရ အဆင့် (၁) နေရာမှာ ရုရှားဖိုက်တာ အစ္စလမ်မာကာရှက်ဖ်၊ အဆင့် (၂) နေရာမှာ သြစတြေးလျဖိုက်တာ အလက်ဇန္ဒားဗိုဒါနော့ဗ်စကီး၊ အဆင့် (၃) နေရာမှာ အမေရိကတ်ဖိုက်တာ ဂျက်စတင်ဂီးတက်ရှ်၊ အဆင့် (၄) နေရာမှာ ရုရှားဖိုက်တာ ပီတာယန်၊ အဆင့် (၅) နေရာမှာ ဂျော်ဂျီယာဖိုက်တာ အီလီယာတိုပူရာ၊ အဆင့် (၆) နေရာမှာ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်တို့ သတ်မှတ်ခံခဲ့ရကြောင်း သိရပါတယ်။

ယခုကဲ့သို့ သတ်မှတ်မှုမှာ UFC ရဲ့ အမျိုးသားဝိတ်တန်းအားလုံးမှ ဖိုက်တာများကို ခြုံငုံပြီး သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC -331 ပြိုင်ပွဲမှာ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲကို စက်တင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲကို Main Event (အဓိကခေါင်ပွဲ) အဖြစ် ထည့်သွင်းကျင်းပခဲ့ပါတယ်။ ဂျိုရှုအာဗန်ဟာ Significant Striking (သိသာထင်ရှားသည့် တိုက်ခိုက်မှုများ)မှာ ပထမအချီမှာသာ ပန်တိုဂျာထက် နိမ့်ခဲ့ပြီး ကျန်အချီ (၄) ချီစလုံး ပန်တိုဂျာကို အသာစီးရယူနိုင်ခဲ့ပါတယ်။ (၅) ချီအပြီး အမှတ်ပေးရာမှာ ဒိုင် (၃) ဦးစလုံးက (၄၉-၄၆၊ ၄၈- ၄၇၊ ၅၀- ၄၅) မှတ်နဲ့ ဂျိုရှုအာဗန်ကို အနိုင်ပေးခဲ့ပါတယ်။

image

နယ်သာလန်နဲ့ပွဲမှာ ဂျာမနီအသင်းရဲ့ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဟာဗက်ဇ် ဒဏ်ရာရ

ဂျာမနီအသင်းရဲ့ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ မနေ့က ကစားတဲ့ နယ်သာလန်နဲ့ ပွဲမှာ ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

ဟာဗက်ဇ်အနေနဲ့ ဘောလုံးလက်ခံရရှိရန် ကြိုးပမ်းနေချိန်မှာ နယ်သာလန်ညာနောက်ခံလူ ဒမ်ဖရီးစ်ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့် ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တာပါ။

ဒါကြောင့် ပွဲချိန်မိနစ် (၃၀)မှာ ဖရန့်ဖတ်တိုက်စစ်ကစားသမား အက်နော်တယ်လစ်ဘ်နဲ့ ဟာဗက်ဇ် လူစားလဲခံခဲ့ရပါတယ်။

ဟာဗက်ဇ်ရဲ့ ဒူးဒဏ်ရာဟာ ပြင်းထန်နိုင်ပြီး ကာလအတော်တန်ကြာ အနားယူရဖွယ်ရှိကြောင်းလည်း ဥရောပမီဒီယာတွေက ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။

ဒီသတင်းဟာ အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး နည်းပြ အာတီတာအတွက် ခေါင်းခဲစရာလည်း ဖြစ်လာပါတယ်။

ဟာဗက်ဇ်ဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေသူဖြစ်ပြီး လာမယ့်ပွဲစဉ်တွေအတွက် ဆွီဒင်တိုက်စစ်မှူး ယော်ကယ်ရက်စ်အနေနဲ့ ပြန်လည်ပွဲထွက်ဖွယ်ရှိနေပါတယ်။

image

၂၀၂၇ မလေးရှားဆီးဂိမ်းအတွက် မြင်းစီးအားကစားသမားများ ကြိုတင်ပြင်ဆင်၊ ယခုဘဏ္ဍာနှစ်အတွင်း ပြိုင်ပွဲနှင့် သင်တန်းများ ဆက်လက်ကျင်းပမည်

၂၀၂၇ ခုနှစ် စက်တင်ဘာတွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြင်းစီးအားကစားပြိုင်ပွဲများနှင့် သင်တန်းများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က အသိပေးထားသည်။

ယင်းပြိုင်ပွဲနှင့် သင်တန်းများမှတစ်ဆင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်မည့် ထူးချွန်မြင်းစီးအားကစားသမားများနှင့် အားကစားမြင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများနှင့် သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ကျင်းပမည့် အစီအစဉ်များအတွက်လည်း အားကစားသမားများ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရန် အသိပေးထားသည်။

အားကစားသမားများအနေဖြင့် ပြိုင်ပွဲအစီအစဉ်များကို ကြိုတင်သိရှိကာ လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ယခုကဲ့သို့ ကြိုတင်ထုတ်ပြန်အသိပေးခြင်းဖြစ်ကြောင်း သိရသည်။

image

တရုတ်ရေတပ်၏ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို့ (၅) ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် မြန်မာနိုင်ငံသို့ (၅) ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ရေယာဉ်အုပ်စုတွင် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Tangshan (ထန်ဆန်း)၊ ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘော Daqing (တာ့ချင့်) နှင့် ဘက်စုံထောက်ပံ့ရေးသင်္ဘော Taihu (ထိုက်ဟူ) တို့ ပါဝင်သည်။

ရေယာဉ်အုပ်စု ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် မြန်မာဘက်မှ စစ်ဘက်နှင့် အစိုးရတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် တရုတ်နွယ်ဖွားအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များအပါအဝင် လူပေါင်း ၃၀၀ ကျော်က ကြိုဆိုခဲ့ကြသည်။

ခရီးစဉ်အတွင်း ရေယာဉ်အုပ်စု၏ တာဝန်ရှိသူများက မြန်မာဘက်မှ စစ်ဘက်နှင့် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်ဖက်အကြား ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများ၊ စစ်ရေယာဉ်များ အပြန်အလှန်လေ့လာမှု၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအပြင် သင်္ဘောကုန်းပတ် ဧည့်ခံပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ (၄၈) ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ စစ်ဆိပ်ကမ်းမှ ထွက်ခွာကာ အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာကမ်းလွန်ရေပြင်တို့တွင် ရေကြောင်းစောင့်ရှောက်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည့် ရေယာဉ်အုပ်စုဖြစ်သည်။

image

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန်ခွင့်ပြုသည့်ကိစ္စရပ်များအား အလေးထားဆောင်ရွက်ရန် မွန် ပြည်နယ်ဝန်ကြီးချုပ် မှာကြား

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန်ခွင့်ပြုသည့်ကိစ္စရပ်များအား အလေးထားဆောင်ရွက်ရန် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည် နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း က ယနေ့ စက်တင် ဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ် အစည်း အဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုသည့်ကိစ္စရပ်များသည် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးက ဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တောင် သူလယ်သမားများ၏ အကျိုးစီးပွားများနှင့်လည်း ဆက်စပ်နေ၍ အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အ တွင်းရေးမှူးက လယ်ယာမြေဥပဒေပုဒ်မ ၃၁ အရ အ ခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုပြီးသည့်ကိစ္စရပ်များအပေါ် စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ လယ်မြေနှင့် လယ်မြေမှတစ်ပါး လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားလာသည့်ကိစ္စရပ်များနှင့် ခွင့်ပြုမိန့်မရမီ ကြိုတင်အသုံး ပြုထားသည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း ရှင်း လင်းတင်ပြခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက လယ် ယာမြေစီမံခန့်ခွဲမှုဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအ လိုက်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။

image

တွန်းဇံမြို့၌ MPT ဖုန်းလိုင်းများအပြည့်အဝအသုံးပြုနိုင်ပြီဖြစ်

ချင်းပြည်နယ်၊ တွန်းဇံမြို့အား တပ်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံများ၏ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုပြန်လည်ကောင်းမွန်ရေးနှင့် သတင်းအချက်အလက်စီးဆင်းမှုမပြတ်တောက်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)ကလည်း ဆက်သွယ်ရေးကွန်ရက်များပြန်လည်ရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

MPT ဖုန်းလိုင်းများပြန်လည်ရရှိရေးအတွက် စက်ပစ္စည်းများတပ်ဆင်တည်ဆောက်ခြင်းကိုဆောင်ရွက်ခဲ့ကြသဖြင့် တွန်းဇံမြို့တွင် စက်တင်ဘာ ၂၃ ရက်မှစ၍ MPT ဖုန်းလိုင်းများ အပြည့်အဝပြန်လည်အသုံးပြုဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

image

ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှု အရေးကြီးဟု MNTJP/MNDAA တာဝန်ရှိသူ ပြော

ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှုသည် အရေးကြီးကြောင်း MNTJP/MNDAA မှ MNTJP ပေါ်လစ်ဗျူရို၊ အထွေထွေအတွင်းရေးမှူး (၂)၊ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်ဝင်းနိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNTJP/MNDAA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဖုန်ဝင်းနိုင်က အားလုံးပါဝင်နိုင်ပြီး လွတ်လပ်ကာ ကြိုတင်ကန့်သတ်ချက်မထားသည့် ပုံစံဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် လမ်းကြောင်းကို ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားသည်။

ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူအားလုံး၏ သဘောထားကြီးမှုသည် အရေးကြီးကြောင်း ၎င်းက ပြောသည်။

လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားထိန်းသိမ်းကာ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် အမြင်ကွဲလွဲမှုများကို ဖြေရှင်းရန်၊ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်မြှင့်တင်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖန်တီးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားတန်းတူညီမျှရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်အပေါ် ခိုင်မာစွာရပ်တည်ပြီး တိုင်းရင်းသားအားလုံး တည်ငြိမ်အေးချမ်းစွာ ပူးပေါင်းနေထိုင်နိုင်သည့် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတည်ထောင်ရေးကို ဆက်လက်ကိုင်စွဲထားကြောင်း ပြောကြားခဲ့သည်။ ယင်းရပ်တည်ချက်ကို NSPNC ဘက်မှ ထုတ်ပြန်သည့် အစည်းအဝေးအကြောင်းအရာတွင်လည်း ဖော်ပြထားသည်။

MNTJP/MNDAA အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးကို လိုလားပြီး နိုင်ငံတော်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို အားပေးထောက်ခံကြောင်း ဦးဖုန်ဝင်းနိုင်က ပြောကြားခဲ့သည်။

image

မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ကိုရီးယားကုမ္ပဏီများရှိဟု ကိုရီးယားသံရုံး ယာယီတာဝန်ခံ ပြော

ကိုရီးယားအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများဖြင့် တိုက်ရိုက်ပေးချေနိုင်ရေး ဆွေးနွေးမည်

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသည့် ကိုရီးယားကုမ္ပဏီများအပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားနေသည့် ကိုရီးယားကုမ္ပဏီများလည်း ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟုလည်း ဆိုသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ အောင်မြင်မှုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အောင်မြင်မှုသည်လည်း ကိုရီးယားသမ္မတနိုင်ငံ၏ အောင်မြင်မှုဖြစ်ကြောင်း Mr. BAE Byeongsoo က ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌကလည်း အနာဂတ်တွင် ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများဖြင့် တိုက်ရိုက်ပေးချေနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်းငွေကြေးများဖြင့် တိုက်ရိုက်ပေးချေနိုင်ပါက နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုချောမွေ့လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဘဏ်ခွဲနှင့် လက်အောက်ခံဘဏ်များ ဖွင့်လှစ်လုပ်ကိုင်နေသည့် ကိုရီးယားဘဏ်များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ပြည်တွင်းစက်သုံးဆီဈေး တစ်ပတ်အတွင်း သိသိသာသာမြင့်တက်၊ 92 ဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ် ၆၄၀ ကျပ် တက်

ရန်ကုန်တွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဒီဇယ် ၄,၇၉၀ ကျပ်အထိ ရောက်ရှိ

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်အတွင်း သိသိသာသာ ပြန်လည်မြင့်တက်လာပြီး ရန်ကုန်မြို့တွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄,၇၉၀ ကျပ်အထိ ရောက်ရှိလာကြောင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာ ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာ ၄,၆၀၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄,၇၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၅,၇၉၅ ကျပ်အထိ ရှိလာသည်။

ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ 95 Ron တစ်လီတာ ၆၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ်အထိ အသီးသီး ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ယခုသတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိုဘာ ၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန်ပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်မှုများရှိပါက ကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image