ဟိုတယ်ခရီးဝန်ကြီးဌာနအမည်ပြောင်းလဲ

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမည်အား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၅/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (က) နှင့် (ခ)တို့အရ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

image

ထိုင်းနိုင်ငံ(တောင်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ပြည်နယ်(၃)ခုတွင်နေထိုင်သော မြန်မာနိုင်ငံသားများ တစ်စုံတစ်ရာဖြစ်ပေါ်ပါကဆက်သွယ်နိုင်

ထိုင်းနိုင်ငံ(တောင်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ပြည်နယ်(၃)ခုတွင်နေထိုင်သော မြန်မာနိုင်ငံသားများ တစ်စုံတစ်ရာဖြစ်ပေါ်ပါကဆက်သွယ်နိုင်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့က ယနေ့ သြဂုတ် ၂၄ ရက်တွင် အသိပေးခဲ့သည်။
ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ ပတ္တနီ၊ ယာလာနှင့် နရာသီဝပ်ပြည်နယ်များတွင် လက်ရှိအချိန်၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ယင်းပြည်နယ်များတွင်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မသက်ဆိုင်သော လူစုလူဝေးများတွင် ပါဝင်ပတ်သက်မှုမရှိရန်၊ လုံခြုံရေးအထူးဂရုပြုနေထိုင်သွားလာရန်၊ အကြောင်းတစ်စုံ တစ်ရာပေါ်ပေါက်ပါက မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးများသို့ ဆက်သွယ်အကြောင်းကြားကြရန် အသိပေးခဲ့သည်။

image

ပါမောက္ခချုပ်ဆရာတော်ကြီးထံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး မိသားစုက ကျမ်းစာအုပ်များလှူဒါန်း

စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကိုအဓိကထားကြိုးစားရန် ပါမောက္ခ ချုပ်ဆရာတော်ကြီးတိုက်တွန်း
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌သီတင်းသုံးနေတော်မူသည့် ပါမောက္ခချုပ်ဆရာတော်ကြီးထံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး မိသားစုက ဗုဒ္ဓကျမ်းစာအုပ်များကို လှူဒါန်းခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီး မိသားစုက ဓမ္မစကြာမဟာဋီကာသစ်ကျမ်းကြီး၊ ဗုဒ္ဓဝါဆိုစဉ်အလင်္ကာများစာအုပ်နှင့် သာသနာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသော ကွန်ပျူတာစာစီမူ အဋ္ဌကထာကျမ်းစာအုပ်များကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို နိုင်ငံတော်သမ္မတနှင့် ဇနီး မိသားစု(ကိုယ်စား) သာ သနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သြဂုတ် ၂၄ ရက်နံနက်ပိုင်းတွင် ပါမောက္ခချုပ်ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ပါမောက္ခချုပ်ဆရာတော်ကြီးက အဋ္ဌကထာ ဋီကာကျမ်းစာအုပ်များကို ပြန်လည်ပုံနှိပ်နိုင်ခြင်းမရှိသည်မှာ နှစ်ပေါင်းအတော်ကြာပြီ၍ ပါဠိတော်များကို အဋ္ဌကဘထာ၊ ဋီကာအဖွင့်များနှင့်ကြည့်၍ အဓိပ္ပာယ်သိရှိရကာ အဋ္ဌကထာဋီကာအဖွင့်ကိုမကြည့်ဘဲ ပါဠိတော်သက် သက်ဘာသာပြန်လျှင် Interpretation Problem ဖြစ်နိုင်သဖြင့် နောင်တွင် AI tool များဖြင့် ဘာသာပြန်ခြင်းလုပ်ငန်းဆောင်ရွက်လျှင် Leak Version (မူကွဲမူပျက်) များထွက်ပေါ်လာနိုင်ပြီးပျက်စီးနိုင်သည်ဟု မိန့်ကြားတော်မူသည်။
ထို့ပြင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစာပေများ မပျောက်ပျက်အောင်ထိန်းသိမ်းခြင်းလုပ်ငန်းသည် သာ သနာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်၍ ယခုကဲ့သို့ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆဋ္ဌမူအတိုင်းပြင်ဆင်ဖြည့်စွက်နုတ်ပယ်ခြင်းမပြုဘဲ နောက်ဆက်တွဲ(Index)ပါ နာနာပါဌ (Different Version)များ၊ အောက်ခြေမှတ်စု(Foot note)များပါမကျန် ကွန်ပျူတာစာစီမူပြန်လည်ပုံနှိပ်ဆောင်ရွက်ခြင်းသည် အလွန်ပြည့်စုံပြီး အင်မတန်ကောင်းမွန်သောအ လုပ်ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
ထို့အတူ စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထားကြိုးစားရန် တိုက် တွန်းခဲ့ပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စာပေများကို ထေရဝါဒအ တိုင်း ထိန်းသိမ်းထားနိုင်သည့် မြန်မာနိုင်ငံကိုသာ အား ကိုးပြုရမည်ဟုလည်း မိန့်ကြားတော်မူခဲ့သည်။

image

MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ကို သီးခြားစီတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross တို့အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံနှင့် တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်တိုးတက်ခိုင်မာစေရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross အား သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနှင့် UNOPS တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှုတို့ကို ရန်ကုန်တိုင်းအတွင်းနေထိုင်သူများ ကြိုတင်သတိပြုကြရန် မိုးဇလသတိပေး

လာမည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်(မြောက်ပိုင်း)တို့ကိုဖြတ်ကျော်မည့် လေဖိအားနည်းရပ်ဝန်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှုတို့ကြောင့် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်၍ ရန်ကုန်တိုင်းအတွင်းနေထိုင်သူများ ကြိုတင်သ တိပြုနေထိုင်ကြရန် မိုးဇလက သြဂုတ် ၂၄ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။
မိုးတိမ်တောင်ဖြစ်ထွန်းမှုသည် ရန်ကုန်တိုင်းအပါအဝင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်လည်းဖြစ်ထွန်းလျက်ရှိသည်ဟု အသိပေးခဲ့သည်။
ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန်လည်း မိုးဇလကသတိပေးခဲ့သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျင် (၃၅)မိုင်အထိတိုက်ခတ်နိုင်သော ပြင်းများတိုက်ခတ်၍ (၁၁)ပေမှ (၁၃)ပေခန့်အထိရှိသော လှိုင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

image

ငါးသိုင်းချောင်းမြို့မှ ရေဘေးသင့်သူများ သောက်သုံး ရေအခက်အခဲမရှိစေရန်စီစဥ်ထောက်ပံ့ပေးလျက်ရှိ

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင်ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေရသူများ သောက်သုံးရေအခက်အခဲမရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များကစီစဥ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ငါးသိုင်းချောင်းမြို့ တာတစ်လျှောက် ကားလမ်းမကြီးဘေးရှိ ယာယီတဲအိမ်များတွင်နေထိုင်သူများအတွက် (၁,၁၀၀)ဂါလံဆံ့ ယာယီရေလှောင်ကန်(၆)လုံးဖြင့် ရေဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံကျောင်းဘုန်းတော်ကြီးကျောင်း၌လည်း The Split Of Brotherhood Mission (TSBM)အသင်းမှလှူဒါန်းထားသည့် ၁ နာရီလျှင် လီတာ(၅၀၀)နှင့် လီတာ (၇၅၀)ထွက်ရှိသော ရေသန့်စင်စက်(၂)လုံးမှထွက်ရှိသည့် ရေသန့်များကို (၂၀)လီတာဆံ့ဘူးများတွင်ဖြည့်သွင်းပြီး လှေများ၊ ဂွန်ဒေါင်းယာဉ်များဖြင့် မြို့တွင်းကယ်ဆယ်ရေးစခန်းများနှင့် လမ်းအသီးသီးရှိ ရေဘေးသင့်သူများထံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ အလှူရှင်များလှူဒါန်းထားသည့် ရေသန့်ကတ်များကိုလည်း ရေဘေးသင့်သူများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

image

တောင်ပြုံးပွဲတော်ကာလ ခရီးသည် များပြားသဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲ

တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့် ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား နှစ်စင်းထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန် ရထားခရီးစဉ် ခြောက်ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊ မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်းခြောက်တွဲ၊ ဘရိတ်တွဲနှစ်တွဲ စုစုပေါင်းရှစ်တွဲဖြင့် တွဲဆိုင်းဖွဲ့ဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးနေခြင်းလည်း ဖြစ်သည်။
နေ့အလိုက်ရထားစီးခရီးသည် စီးနင်းမှုအနေဖြင့် စတင်ပြေးဆွဲသည့် ဩဂုတ် ၁၉ ရက်က ခရီးသည် ၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ခရီးသည် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ခရီးသည် ၂၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ခရီးသည် ၂၄၁၂ ဦး နှင့် ဩဂုတ် ၂၃ ရက်တွင် ခရီးသည် ၆၉၃၅ ဦးအထိ လိုက်ပါစီးနင်းခဲ့သဖြင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ ယနေ့ထိ ခရီးသည် စုစုပေါင်း ၁၃၃၉၄ ဦး လိုက်ပါစီးနင်းခဲ့ခြင်းလည်း ဖြစ်သည်။
သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် သူရဲဈေးဘူတာမှစတင်၍ မ-၄၁ ရထားသည် နံနက် ၇ နာရီ တွင်လည်းကောင်း၊ မ-၄၃ ရထားသည် နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ မ-၄၅ ရထားသည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်းထွက်ခွာ၍ တောင်ပြုံး-သူရဲဈေးရထားခရီးစဉ်တွင် တောင်ပြုံးဘူတာမှစတင် ၍ မ-၄၂ ရထားသည် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မ-၄၄ ရထားသည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မ-၄၆ ရထားသည် ညနေ ၅ နာရီတွင်လည်းကောင်းထွက်ခွာပြီး လမ်းခရီးတွင် အိုးဘို၊ မြနန္ဒာ၊ ကပိုင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်သည်။ ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာအတွက်မဆို တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြစ်ကြောင်း သိရသည်။
ထိုပြင် သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် ခရီးသည်စီးနင်းမှု ထပ်မံများပြားလာပါကလည်း ရထားထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

The Royal Gallery (၃) နှစ်ပြည့်အထိမ်းအမှတ် “The Royal Collection” ပန်းချီပြပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

The Royal Gallery ၏ (၃) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “The Royal Collection” ပန်းချီပြပွဲကို ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် Governor's Residence ၌ ကျင်းပပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ “The Royal Collection” ပန်းချီပြပွဲကို ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ Governor's Residence၊ 35 Taw Win Road၊ Dagon Township၊ Yangon တွင် ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲတွင် မြန်မာ့အနုပညာလောကမှ ပန်းချီဆရာကြီးများ၏ လက်ရာမြောက်ပြီး အနုပညာတန်ဖိုးရှိသည့် ပန်းချီကားများကို စုစည်းပြသသွားမည်ဖြစ်ပြီး အနုပညာချစ်မြတ်နိုးသူများအပြင် ပန်းချီကားများ ဝယ်ယူစုဆောင်းလိုသူများအတွက်လည်း စိတ်ဝင်စားဖွယ်ရာ ပြပွဲတစ်ရပ်ဖြစ်လာမည်ဟု သိရသည်။
ထို့ကြောင့် မြန်မာ့ပန်းချီအနုပညာလက်ရာများကို တစ်နေရာတည်းတွင် လေ့လာခံစားနိုင်မည့် “The Royal Collection” ပန်းချီပြပွဲသို့ အနုပညာမြတ်နိုးသူများနှင့် ပန်းချီကားဝယ်ယူစုဆောင်းလိုသူများ လာရောက်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

image

ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်က ငါးမွေးမြူရေးကန် ၃၅ ဒသမ ၈၆ ဧကကျော် ထိခိုက်ပျက်စီး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ရေကြီးမှုကြောင့် ငါးမွေးမြူရေးကန် ၃၅ ဒသမ ၈၆ ဧကကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ဌာနအနေနဲ့ ရေကြီးမှုကြောင့် နစ်နာ ဆုံးရှုံးခဲ့ရတဲ့ ငါးမွေးမြူရေး လုပ်ကိုင်သူတွေကို ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ဌာနပိုင် ငါးသားပေါက်စခန်း လေးခုကနေ ငါးသားပေါက်တွေ ထောက်ပံ့ပေးမယ့်အပြင် ငါးမွေးမြူရေးလုပ်ငန်းလိုင်စင် ဆုံးရှုံးသွားပါကလည်း အသစ်ပြန်လည် ထုတ်ပေးသွားဖို့ လျာထားသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
“ရေကျသွားတဲ့အချိန် လုပ်ရမှာတွေက အများကြီးပဲ။ ကန်ပြန်ဖော်ရမယ်။ ကန်ထဲကျန်ခဲ့တဲ့ ရေဆိုးတွေ စုပ်ထုတ်ရမယ်။ ရွှံနွံတွေ ဖယ်ရမယ်။ ရေတိုက်စားပြီး ပြိုကျပဲ့ကျနဲ့ ပျက်စီးသွားတဲ့ ကန်သင်းစပ်တွေကို မြေပြန်ဖို့၊ သဲအိတ်တွေဖို့ပြီး ပြန်မြှင့်ရမယ်။ ရေဝင်၊ ရေထွက်ပေါက်တွေမှာ ပိုက်ကွန်တွေ တပ်ရမယ်။ ကန်ထဲကျန်‌နေခဲ့နိုင်တဲ့ ငါးရိုင်းတွေကိုလည်း ရှင်းရဦးမယ်။ ရေပြန်မဖြည့်ခင် ကန်အောက်ခြေမြေကြီးကို နေလှန်းပြီး ရောဂါပိုးမွှားတွေကင်းအောင် ထုံးထည့်ပေးရမယ်။ ပြန်လည် ထူထောင်ရေးအတွက်ဆို အကူအညီတွေ အများကြီးလိုပါတယ်” လို့ ငါးမွေးမြူရေး လုပ်ကိုင်သူတယောက်က ပြောပါတယ်။
လိုအပ်တာတွေကတော့ မြေဖို့ဖို့ မြေကြီးနဲ့ ကန်သင်းကာ ပိုက်ကွန်တွေ၊ ရေစပ်သတ်ဆေး (ဥပမာ - ရိုတီနုန်း) နဲ့ ပိုးသတ်နိုင်ဖို့ စိုက်ပျိုးရေး/မွေးမြူရေးသုံး ထုံး၊ ရေဩဇာထည့်ဖို့ ယူရီးယား၊ နုန်းကြမ်း (ဒါမှမဟုတ်) သဘာဝ တိရစ္ဆာန်အညစ်အကြေး မြေသြဇာတွေ၊ ငါးသားပေါက်အသစ်တွေနဲ့ ဖြည့်စွက်ငါးစာတွေလို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ငါးမွေးမြူရေးကန်ပေါင်း ဧက နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး မြန်မာတနိုင်ငံလုံး ငါးမွေး မြူရေးဧရိယာရဲ့ သုံးပုံတပုံခန့် ရှိကာ ငါးမြစ်ချင်းကို အဓိကမွေးမြူကြပြီး ထွက်ရှိတဲ့ ငါးတွေကို ရန်ကုန်ကို အဓိက တင်ပို့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်မှာ ရေကြီးမှုကြောင့် ရပ်ကွက်ကြီး ငါးရပ်ကွက်နဲ့ ကျေးရွာ ၁၃၈ ရွာ၊ အိမ်ထောင်စု ၉၀၀၀ ကျော်၊ လူဦးရေ လေးသောင်းနီးပါး ရေဘေးသင့်နေကာ ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်ထားရတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

image

အမြန်လမ်းမှာ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က လိုက်ထရပ်ကို ဝင်တိုက်လို့ တယောက် သေ၊ နှစ်ယောက် ဒဏ်ရာရ

ရန်ကုန် - မန္တလေးအမြန်လမ်းမှာ ဒီကနေ့ ဩဂုတ် ၂၄ ရက်၊ မနက်အစောပိုင်းက ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က ရှေ့ကမောင်းနေတဲ့ လိုက်ထရပ်ယာဉ် နောက်ပိုင်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မိုင်တိုင် ၂၁၄/၂ နဲ့ ၂၁၄/၃ ကြားမှာ ဒီကနေ့ မနက် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က ဖြစ်ခဲ့တာလို့သိရပြီး အမျိုးသား တယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ကာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သေဆုံး၊ ဒဏ်ရာရတာက လိုက်ထရပ်ယာဉ်ပေါ်က လူတွေပါ။ အဲဒီကားပေါ်မှာ အမျိုးသား ယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း လေးယောက် လိုက်ပါလာတယ်။ ရွှေစင်စင်္ကြာယာဉ်ပေါ်မှာတော့ ယာဉ်မောင်းအပါအဝင် ခရီးသည်တွေရော စုစုပေါင်း ၂၅ ယောက် လိုက်ပါလာတယ်။ မန္တလေးဘက်ကနေ နေပြည်တော်ကိုသွားတဲ့လမ်းမှာဖြစ်တာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်နေတာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကလည်း နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ Elite ခရီးသည်တင်ယာဉ်တစီး၊ ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် လမ်းလယ်ကျွန်းကို ဝင်တိုက်ကာ တံတားအောက်ထိုးကျ တိမ်းမှောက်ခဲ့ပါသေးတယ်။
အဲဒီဖြစ်စဉ်ဟာ မိုင်တိုင် ၅၈/၁ နဲ့ ၅၈/၂ ကြားမှာ ဖြစ်ခဲ့တာလို့ သိရပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ယောက်လုံး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “ယာဉ်မောင်းတွေ မပေါ့ဆဖို့၊ သတိဝီရိယထားပြီး မောင်းဖို့ပြောချင်ပါတယ်။ အခုနောက်ပိုင်းမှာ ယာဉ်မောင်း အိပ်ငိုက်ပြီးတော့ အရှိန်လွန် တိမ်းမှောက်တာတွေ များလာတယ်။ ပြီးတော့ ဒီ Express ကြီးတွေရဲ့ ယာဉ်မောင်းက တယောက်မက‌ဘူး၊ နှစ်ယောက်လောက် ထားရတာလေ။ တတ်နိုင်ရင်တော့ ကိုယ်ပင်ပန်းနေတဲ့အချိန်မှာ အပိုယာဉ်မောင်းနဲ့ ချက်ချင်းလူပြောင်းပြီး မောင်းတာ အကောင်းဆုံးပဲ။ Express မဟုတ်ဘဲ ကျန်တဲ့ကားတွေဆိုလို့ရှိရင်လည်း ယာဉ်မောင်းအိပ်ငိုက်လာရင် လမ်းဘေးမှာ၊ ဆိုင်တွေမှာ၊ ကားဝင်းတွေမှာ ခဏနားပြီးတော့မှပဲ ပြန်မောင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။
ခရီးဝေးသွားလာမယ့် ယာဉ်မောင်းတွေအနေနဲ့ နေ့လယ်စာ ထမင်းစားပြီးချိန် အိပ်ငိုက်တတ်တဲ့ အချိန်တွေမှာ ကားမောင်းခြင်းကို ရှောင်ကြဉ်သင့်ပြီး ထမင်းစားပြီးချိန်မှာ ခဏတဖြုတ် တမှေးလောက် အိပ်စက်သင့်တယ်လို့ သိရပါတယ်။

image