မိုးကုတ်ကနေ TNLA ဆုတ်ခွာနေပေမယ့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ဆက်ရှိနေပြီး မြို့ခံအချို့ ကြိုတင်စစ်ရှောင်
မိုးကုတ်မြို့ကနေ TNLA တပ်တွေ မြို့ပြင်ကို စတင် ဆုတ်ခွာမှုတွေရှိနေပေမယ့် ကျန်တဲ့ ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေကတော့ မြို့ထဲမှာ ဆက်ပြီးရှိနေသေးကြောင်း မိုးကုတ်ဒေသခံတွေဆီမှ သိရပါတယ်။
TNLA က မိုးကုတ်မြို့ကို အစိုးရတပ်ဆီ ပြန်ပေးဖို့ သဘောတူညီလိုက်ပေမယ့် လက်ရှိ မိုးကုတ်မြို့မှာ ရှိနေတဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကတော့ မြို့ကနေဆုတ်ခွာခြင်းမရှိဘဲ စစ်တပ်ကိုပြန်လည် ခုခံတိုက်ခိုက်သွားမယ့် အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။
" TNLA ကနောက်လ ၂၉ ရက်နေ့ အပြီး ထွက်ရမယ်လို့တော့ပြောနေ တယ်။အခု မြေပြင်အခြေအနေက ရှုပ်ယှက်တော့ ခပ်နေတယ်။ဘယ်လိုဖြစ်နေ လဲဆိုတော့ မြို့ပြင်ထွက်သူတွေက ထွက်ကုန်ကြပြီ။ ဒီမှာ ဘယ်လိုမှမထွက်ဘူး ပုံစံမျိုးနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေက ခံချမယ်ဆိုတာမျိုးလုပ် နေတော့ မြေပြင်အနေအထားက နည်းနည်း ရှုပ်ထွေးနေသလိုတော့ဖြစ်နေတာပေါ့။ကျန်တာတော့ သေချာမသိပါဘူး။ မြင်ရတဲ့အခြေအနေကို ပြောပြတာပါ။ " လို့ မြို့ခံတယောက်က လက်ရှိ မိုးကုတ် အခြေအနေကို ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်ဆွေးနွေး ညှိနိူင်းပေးမှုအရ အစိုးရတပ်နဲ့ TNLA တပ်ဖွဲ့တို့ အကြား အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ပြီးနောက် မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကနေ တပ်တွေနောက်ဆုတ်ပေးဖို့ သဘောတူ ညီခဲ့ကြောင်း TNLA က အောက်တိုဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်မှာပဲ ဒေသတွင်းလက်နက်ကိုင်တပ်တွေဘက်ကလည်း မိုးကုတ်ကို အစိုးရတပ်ဆီ ပြန်ပေးမှာမဟုတ်ဘဲ မြို့ကိုလက်မလွှတ်ရရေး ဒေသတွင်းလက်နက်ကိုင်တပ်တွေ ပူးပေါင်းပြီး ခုခံတိုက်ခိုက်သွားမယ့် အကြောင်း သတင်းထုတ်ပြန်လာတာ တွေ့ရပါတယ်။
ဒါကြောင့် မိုးကုတ်မြို့ခံတွေကတော့ တကျော့ပြန်တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ပွဲဒဏ်ကို ဒေသခံတွေ ထပ်မံခံစား ရမယ့်အပေါ် စိုးရိမ်နေကြတဲ့အတွက် မြို့ခံအချို့ကတော့ ကြိုတင်ပြီး စစ်ဘေးရှောင်မှုတွေရှိလာနေတယ်လို့သိရပါတယ်။
" စိတ်ပူတာပေါ့။ ခံချရင် မိုးကုတ်က ကြေသွားနိုင်တယ် ။ ပြန်၀င်လာပြန်ရင်လဲ စစ်မှုထမ်းကိုကြောက်နေကြရတယ် ။ ပြည်သူလူထု တွေကတော့ ဘယ်သူထောက်ခံတယ် မထောက်ခံဘူး မရှိပါဘူး။ အေးအေးဆေးဆေးနဲ့ ငြိမ်းချမ်းမှုကိုဘဲ လိုချင်တာ။ ဘယ်လိုကြည့်ကြည့် ပြည်သူက အခံဘက်က မြေစာပင်ဖြစ်ရတယ် ။ကျွန်တော်လဲ အခု ရှောင်ပြီ။ မိသားစုလည်း စစ်ရှောင်ပါပြီ။ "လို့ မြို့ခံကပြောပါတယ်။
လက်ရှိမှာ အစိုးရ တပ်တွေက မန္တလေး - မိုးကုတ်လမ်းပေါ်ရှိ မတ္တရာမြို့ ၊ သပိတ်ကျင်းမြို့မှ ဖော့တောလမ်းဆုံအထိ ထိန်းချုပ်ထားပြီး မိုးကုတ် နဲ့ မိုးမိတ်ကိုသာ ထပ်မံထိန်းချုပ်နိုင်ပါက ဒေသတွင်း လက်နက်ကိုင်တွေအတွက် ထွက်ပေါက် ပိတ်တဲ့အခြေအနေမျိုး ရင်ဆိုင်ရမှာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။
" အခု တပ်က မတ္တရာဘက်ကနေလည်း စစ်ကြောင်းဆင်းနေပြီ။ သပိတ်ကျင်းကနေ ဖော့တော့ထိလည်း နေရာယူထားတယ်။ PDF တွေက အဲဒီကြားထဲက နေရာလောက်ပဲ စိုးမိုးမှုရှိနေတာတွေ့ရတယ်။အဲဒီတော့ မိုးကုတ်ကိုသာ တပ်ကပြန်ရသွားရင် PDF တွေ ကြားညပ်သွားပြီ ။မိုးကုတ်ကို ပြန်ပေးလိုက်ရရင် တပ်က မိုးကုတ်ကနေပါ ဆင်းလာပြီး PDF တွေကို ညှပ်တိုက်မယ့် သဘော ရှိလာနိုင်တယ်။ထွက်ပေါက်ပိတ် ပြီ။ ကြားထဲက ပြည်သူတွေလည်း စစ်ပွဲကြား ပိတ်မိပြီး ဒုက္ခပိုရောက်ဖို့များတယ်။ဒီတော့ PDF တွေဘက်က မိုးကုတ်ကို ကာကွယ်ဖို့ အင်အား ဖြန့်ကျက်အလုံလောက်ရှိဖို့လိုတယ်။ ကျွန်တော့အမြင်တော့ ခုခံဖို့က သိပ်တော့မလွယ်ဘူး။ EAO တွေကလည်း ရှောင်သွားပြီဆိုတော့လေ ။ " လို့ စစ်ရေးသတင်းလေ့လာ သုံးသပ်သူတယောက်က ပြောပါတယ် ။
မိုးကုတ်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေပူးပေါင်းပြီး ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး သိမ်းပိုက်ပြီး တနှစ်ကျော်အကြာမှာ TNLA က မြို့ကနေ တပ်ပြန်ဆုတ် နေတာဖြစ်ပါတယ်။
မိုးကုတ်မြို့ကို TNLA ထိန်းချုပ်ထားတဲ့ တနှစ်ကျော် ကာလအတွင်းမှာ လေကြောင်းကနေ ဗုံးကြံ တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် လူသေဆုံးမှု အများအပြားရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူ နဲ့ နေအိမ် အဆောက်အဦ ၊ ဘာသာရေး အဆောက်အအုံ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။