တရုတ်ရဲ့ တပြည်ထောင် စနစ်နှစ်မျိုး လက်မခံဘူးလို့ ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ်အနေနဲ့ တရုတ်နိုင်ငံရဲ့ တပြည်ထောင် စနစ်နှစ်မျိုး မူဝါဒကို လက်ခံမည်မဟုတ်ဘဲ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို ထိန်းသိမ်းကာ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ထိုင်ဝမ်သမ္မတ လိုင်းချင်တီက ပြောပါတယ်။

ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ ထိုင်ဝမ်အပေါ် အင်အားသုံးတာကို ပယ်ချမထားကြောင်း တရုတ်နိုင်ငံက ယခုသီတင်းပတ်အတွင်းမှာ ပြောကြားခဲ့ပြီး ပြန်လည်ပေါင်းစည်းမယ်ဆိုရင် ဟောင်ကောင်နဲ့ မကာအိုအတွက် အသုံးပြုတဲ့စနစ်အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေမယ်လို့ အစိုးရအာဘော် သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

ခွဲထွက်ရေးသမား အဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကတော့ အင်အားတခုတည်းကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်တယ်လို့ ထိုင်ဝမ်မြောက်ပိုင်း ဟူကိုးရှိ စစ်အခြေစိုက်စခန်းတခုကို ရောက်ရှိစဉ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

"ကျူးကျော်သူရဲ့ တောင်းဆိုချက်တွေကို လက်ခံပြီး အချုပ်အခြာအာဏာကို စွန့်လွှတ်တာဟာ ငြိမ်းချမ်းရေးကို မရရှိနိုင်ပါ။ ဒါကြောင့် လက်ရှိအခြေအနေကို ဂုဏ်သိက္ခာရှိရှိနဲ့ စိတ်ပိုင်းဖြတ်ထားရမှာဖြစ်ပြီး သိမ်းပိုက်ခြင်း၊ ကျူးကျော်ခြင်းနဲ့ အတင်းအကြပ် ပေါင်းစည်းခြင်းတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်" လို့ သမ္မတ လိုင်ချင်းတီက ပြောပါတယ်။
မိမိတို့အနေနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို ထာ၀ရထောက်ခံမှာဖြစ်တဲ့အတွက် တပြည်ထောင် စနစ်နှစ်မျိုးကို ပယ်ချတယ်လို့ သူကဆိုပါတယ်။ တရုတ်နိုင်ငံရှိ ထိုင်ဝမ်ရေးရာရုံးကမူ ယင်းကိစ္စအပေါ် မှတ်ချက်ပေးတာမျိုး မရှိပါဘူး။

ထိုင်ဝမ်ရှိ အဓိကနိုင်ငံရေးပါတီတွေကလည်း တရုတ်နိုင်ငံရဲ့ တပြည်ထောင် စနစ်နှစ်မျိုး မူဝါဒ အယူအဆကို ထောက်ခံတာမျိုးမရှိပါဘူး။ ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ ဘယ်သူ့ကမှ အချင်းချင်း လက်အောက်ခံမဟုတ်ကြောင်းနဲ့ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာ သို့မဟုတ် သိမ်းပိုက်လို့မရကြောင်းနဲ့ ကျွန်းရဲ့ အနာဂတ်ကို ပြည်သူတွေကသာ ဆုံးဖြတ်နိုင်တယ်လို့ သမ္မတ လိုင်ချင်းတီက ပြောပါတယ်။

image