ဆူဒန် အယ်လ်ဖာရှာမြို့ရှိ ဆေးရုံမှာ လူ ၄၆၀ ကျော်ကို ပြည်သူ့စစ်အဖွဲ့ သတ်ဖြတ်
ဆူဒန် အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ဟာ အယ်လ်ဖာရှာမြို့ကိ သိမ်းပိုက်ပြီး ရက်အနည်းငယ်အကြာမှာ ဆေးရုံတရုံရှိ အရပ်သားရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
အယ်လ်ဖာရှာမြို့ရှိ ဆော်ဒီဆေးရုံမှာ လူ ၄၆၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး လူနာ၊ ကလေးငယ်နဲ့ ဆရာဝန်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပြည်သူ့စစ်တွေဟာ ဆေးရုံမှာ တွေ့သမျှလူအားလုံးကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တာလို့ ဆူဝန်ဆရာဝန်ကွန်ရက်ကလည်း ပြောပါတယ်။
ဆရာဝန်လေးယောက်၊ ဆေးဝါးပညာရှင်တယောက်နဲ့ သူနာပြုတယောက်အပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်းခြောက်ယောက်ကို ပြန်ပေးဆွဲခဲ့ပြီး ပြန်လွှတ်ပေးရေးအတွက် ဒေါ်လာ တသိန်းခွဲ ပြန်ပေးငွေတောင်းဆိုခဲ့တယ်လို့ ဆရာဝန်ကွန်ရက်က ပြောပါတယ်။
ဒါဖာဒေသရှိ ဆူဒန်စစ်တပ်ရဲ့ နောက်ဆုံးခြေကုပ်ယူရာ အယ်လ်ဖာရှာမြို့ကို အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေက ၁၈ လကြာဝိုင်းရံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မြို့ခံတွေဟာ အစာရေစာငတ်မွတ်ခေါင်းပါးမှုနဲ့ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်
အောက်တိုဘာ ၂၆ ရက်မှာတော့ ပြည်သူ့စစ်အဖွဲ့က မြို့ကို ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ အယ်လ်ဖာရှာမှာ ဖြစ်ပွားနေတဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ဆက်လက်ချိုးဖောက်နေတာတွေကို ရှုတ်ချတယ်လို့ ဆိုပါတယ်။
လူသုံးသောင်း ခြောက်ထောင်ကျော်သည် မြို့မှ ထွက်ပြေးသွားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီး သက်ကြီးရွယ်အိုများနဲ့ ဒဏ်ရာရသူတွေအပါအဝင် လူထောင်ပေါင်းများစွာဟာ အဲဒီမြို့မှာ ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။