ယခုရာသီမှစပြီး M League ပြိုင်ပွဲတွင် အိမ်ကွင်းကျင်းပနိုင်တဲ့အသင်းကို ထောက်ပံ့ငွေ ကျပ်သိန်း (၂၀၀၀)၊ ချန်ပီယံဆုရအသင်းကို ယခင်နှစ်ဆုကြေးထက် နှစ်ဆ ကျပ်သိန်း (၂၀၀၀) ပေးအပ်မယ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယခုရာသီမှစပြီး M League ပြိုင်ပွဲတွင် အိမ်ကွင်းကျင်းပနိုင်တဲ့အသင်းကို ထောက်ပံ့ငွေ (Subsidy) ကျပ်သိန်း (၂၀၀၀)၊ ချန်ပီယံဆုရအသင်းကို ယခင်နှစ်ဆုကြေးထက် နှစ်ဆ ကျပ်သိန်း (၂၀၀၀) ပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲအတွက် Logo Lounching၊ Official Partnership Signing Ceremony & Press Conference ကို သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းအခမ်းအနားတွင် M League CEO ဦးကိုကိုသိန်းက "ဒီရာသီ M League ပြိုင်ပွဲဝင်မယ့်အသင်းတိုင်းကို Basic Subsidy အနေနဲ့ ကျပ်သိန်း (၁၂၀၀) စီ ပေးအပ်သွားမှာဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) က သတ်မှတ်ထားတဲ့ ကလပ်လိုင်စင်တွေနဲ့ ပတ်သက်လို့ ပြည့်မီအောင် ဆောင်ရွက်နိုင်ရင် နောက်ထပ် ကျပ်သိန်း (၂၀၀)၊ Youth Development အတွက် ကျပ်သိန်း (၂၀၀)၊ အိမ်ကွင်းကျင်းပနိုင်တဲ့အသင်းတွေအတွက် ကျပ်သိန်း (၄၀၀) ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။
ဒါကြောင့် ဒီရာသီ M League ပြိုင်ပွဲဝင်မယ့် အသင်းတွေထဲက အိမ်ကွင်းကျင်းပနိုင်တဲ့ အသင်း တွေက ကျပ်သိန်း (၂၀၀၀) အထိ ထောက်ပံ့ငွေ ရရှိမှာ ဖြစ်ပါတယ်။
ဆုကြေးတွေအနေနဲ့ ချန်ပီယံဆု ရရှိမယ့်အသင်းကို ကျပ်သိန်း (၂၀၀၀)၊ ဒုတိယရအသင်းကို ကျပ်သိန်း (၁၅၀၀)၊ တတိယရအသင်းကို ကျပ်သိန်း (၁၀၀၀) ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်" ဆိုပြီး ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီမှစပြီး M League ပြိုင်ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (Player of The Match) ကို ကျပ် (၁၀) သိန်း ပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
MFF ဟာ ပြီးခဲ့တဲ့ရာသီက မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲတွင် ချန်ပီယံဆုရအသင်းကို ကျပ်သိန်း (၁၀၀၀)၊ ဒုတိယရအသင်းကို ကျပ်သိန်း (၇၀၀)၊ တတိယရအသင်းကို ကျပ်သိန်း (၅၀၀)၊ စတုတ္ထရအသင်းကို ကျပ်သိန်း (၃၀၀) သာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
ထို့ကြောင့် ယခုရာသီမှစပြီး M League ပြိုင်ပွဲတွင် ချန်ပီယံဆုရမယ့်အသင်းမှာ ယခင်နှစ်ရာသီ ချန်ပီယံဆုကြေးထက် နှစ်ဆအဖြစ် ကျပ်သိန်း (၂၀၀၀) ရရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။