အရှေ့အလယ်ပိုင်းစစ်ပွဲတွင် အတတ်နိုင်ဆုံး ချုပ်တည်းကြရန် BRICS အဖွဲ့ တိုက်တွန်း

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စနေနေ့က ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် တရုတ်၊ ရုရှား၊ အီရန်နှင့် အိန္ဒိယတို့အပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံများက အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ကာ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်က အရှေ့အလယ်ပိုင်းစစ်ပွဲသည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားအတွက် အထောက်အကူမပြုကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သည့် စစ်ပွဲနှင့်ပတ်သက်၍ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့အကြား သဘောထားကွဲလွဲမှုများရှိခဲ့သဖြင့် မေလက နယူးဒေလီ၌ ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် အိမ်ရှင်အိန္ဒိယ၏ သံတမန်ရေးကြိုးပမ်းမှုများအပြီး ယခုထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
ပူးတွဲကြေညာချက်တွင် အရှေ့အလယ်ပိုင်း သို့မဟုတ် အနောက်အာရှဒေသ၌ တင်းမာမှုများ ဆက်လက်မြင့်တက်နေခြင်းအပေါ် အလွန်စိုးရိမ်ကြောင်း ဖော်ပြထားပြီး သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အတတ်နိုင်ဆုံး ချုပ်တည်းကြရန်နှင့် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။
နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက လက်ရှိအခွင့်ထူးခံ ပိရမစ်ပုံစံ ကမ္ဘာ့ဖွဲ့စည်းပုံကို မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအခြေပြု ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
BRICS နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ဂျီဒီပီ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုထားကြောင်းလည်း မိုဒီက ပြောကြားခဲ့သည်။

image

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်တပ်ဆင်ရေးဆောင်ရွက်နေ၊ ပြီးစီးပါက စီးပွားဖြစ်ထုတ်လုပ်မည်

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက စက်စမ်းသပ်လည်ပတ်ခြင်းနှင့် စီးပွားဖြစ်ကုန်ထုတ်လုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့က တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စက်ရုံတွင် ပညာရပ်ပိုင်းဆိုင်ရာ မတူညီသည့် စက်ရုံခွဲများကို ပေါင်းစပ်လည်ပတ်ရမည်ဖြစ်သဖြင့် စက်ပစ္စည်းများအား ကြိုတင်စစ်ဆေးပြုပြင်သည့်စနစ်များ ထူထောင်ရန်၊ သံစိမ်းထုတ်လုပ်မှုနည်းပညာ ရရှိရေးနှင့် စက်ရုံကို ကိုယ်တိုင်မောင်းနှင်၍ အရည်အသွေးမီထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုတင်လေ့လာပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။
ထို့ပြင် စီမံကိန်းပြီးစီး၍ ကုန်ထုတ်လုပ်မှုစတင်ချိန်တွင် လိုအပ်မည့် လူ့စွမ်းအားအရင်းအမြစ်များ ခန့်ထားရေး၊ ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချရေး၊ အရည်အသွေးမီကုန်ကြမ်းများ ရရှိရေး၊ ဘဏ္ဍာငွေသုံးစွဲမှုနှင့် စက်ရုံဘေးအန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ရေးတို့အတွက်လည်း အသေးစိတ်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

သက်တမ်းကြာ အားကစားကွင်းနှင့် အားကစားရုံများ အဆင့်မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

သက်တမ်းကြာမြင့်နေသည့် အားကစားကွင်းနှင့် အားကစားရုံများကို အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်း အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် အားကစားကွင်းနှင့် အားကစားရုံများကို ကွင်းဆင်းစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အားကစားကွင်းနှင့် အားကစားရုံများ အဆင့်မီအရည်အသွေးကောင်းမွန်မှသာ မျိုးဆက်သစ်အားကစားသမားများကို ရှာဖွေဖော်ထုတ်၍ စနစ်တကျ လေ့ကျင့်ပေးနိုင်မည်ဖြစ်ပြီး မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့ရေး၊ သန့်ရှင်းသာယာရေးနှင့် ပြည်သူများ လာရောက်လေ့ကျင့်အသုံးပြုနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။
ယင်းနောက် ရွှေမန်းတောင်အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး မိုးဒ-ဏ်၊ လေဒ-ဏ်နှင့် သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိကာ ရေရှည်တည်တံ့စေရန် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

image

ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ (၁၄၁) ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပူဇော်ပွဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ (၁၄၁)ကြိမ်မြောက် ဆေးပဌာန်းလှူဒါန်းပူဇော်ပွဲကို စက်တင်ဘာ ၁၁ ရက်မွန်းတည့် ၁၂ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
ဆေးပဌာန်းလှူဒါန်းပူဇော်ပွဲကို မွန်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၁၃)ကျောင်းတွင် သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအတွက်ရည်မှန်းကျင်းပခြင်းဖြစ်ကာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များတက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူခြင်း၊ ပဋ္ဌာန်းဒေသနာတော်များနာယူခြင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အလှူရှင်များက ဆေးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ တရားဒေသနာတော်များနာယူကြည်ညိုခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image

အစာအိမ်သွေးကြောပေါက်ပြီး နတ်စင်တရာဆရာတော်ကြီး ပျံလွန်တော်မူ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ‌၊ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇသည် အစာအိမ်သွေးကြောပေါက်၍ ယနေ့ စက်တင်ဘာ ၁၃ ရက်နံနက် ၁ နာရီ ၅၆ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
နတ်စင်တရာဆရာတော်ကြီးသည် အစာအိမ်သွေးကြောပေါက်ဝေဒနာခံစားရသဖြင့် ဆေးကုသမှုခံယူနေစဥ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ပျံလွန်တော်မူချိန်၌ ဆရာတော်ကြီးသည် သက်တော်(၇၆) နှစ်၊ ဝါတော်(၅၆)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းတိုက်သို့ပြန်လည်ပင့်ဆောင်ထားပြီး အန္တိမစျာပနအခမ်းအနားကျင်းပနိုင်ရန် ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

တွံတေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်လဲကျသွားသည့် တာဝါတိုင်အားအမြန်ဆုံးပြန်လည်ပြင်ဆင်နေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၌ စက်တင်ဘာ ၁၂ ရက်မွန်းတည့် ၁၂ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဂျောင်ဝိုင်းကျေးရွာအနီး လယ်ကွင်းပြင်ရှိ တာဝါတိုင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။
၃၃ ကေဗွီ ကနောင်-ခနောင်တိုဓာတ်အားလိုင်းနှင့် လှိုင်သာယာ-ကွမ်းခြံကုန်း(၂)ထပ် ဓာတ်အားလိုင်းတို့တပ်ဆင်ထားသော တာဝါတိုင်လဲကျခဲ့ခြင်းဖြစ်ရာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကပြန်လည်ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မီးသုံးစွဲသူများအဆင်ပြေစေရေးအတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အရံဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့လယ် ၃ နာရီခန့်တွင် ယာယီလျှပ်စစ်ဓာတ်အားပြန်ပေးနိုင်ခဲ့ကြောင်း သိရသည်။

image

ဆိပ်ကြီးခနောင်တို(တွံတေးတူးမြောင်း) တံတားတည်ဆောက်နေမှု (၄၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၌ အရှည်(၂,၄၂၈)ပေရှိ ဆိပ်ကြီးခနောင်တို(တွံတေးတူးမြောင်း)တံတားကိုတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် တံတားတစ်စင်းလုံး၏ (၄၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့် နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူတို့က ယနေ့ စက်တင်ဘာ ၁၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်ဆက်လက်ဆောင်ရွက်မည့်လျာထားလုပ်ငန်းများနှင့် လက်ရှိ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

image

မဟာမုနိဘုရားကြီးတွင် နတ်ကနားပွဲကျင်းပခြင်းမရှိ ထွက်ပေါ်နေသည့် ရုပ်သံဖိုင်မှာ AI နည်းပညာဖြင့်ပြုလုပ်ထားခြင်းဖြစ်

လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော မဟာမုနိဘုရားကြီးရှေ့တွင် သာသနာတော်နှင့်မအပ်စပ်သည့် ကပြဖျော်ဖြေနေသော ရုပ်သံများနှင့်ပတ်သက်၍ မဟာမုနိဂေါပကအဖွဲ့က ယနေ့ စက်တင်ဘာ ၁၃ ရက်က အထကိပါအတိုင်းအသိပေးခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက TikTok အကောင့်တစ်ခုတွင် မဟာမုနိဘုရားကြီးအားနောက် ခံပြု၍ AI နည်းပညာဖြင့်ပြုလုပ်ကာ သာသနာတော်နှင့်မအပ်စပ်သည်များဖော်ပြထားသည်ဟု မဟာမုနိဂေါပကအဖွဲ့က အသိပေးခဲ့သည်။
မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသော ဘုရားပရိဝုဏ်နှင့် စေတီပုထိုး၊ ကျောင်းဇရပ်များအတွင်း သာသနာတော်နှင့်မအပ်စပ်သည့် နတ်ကနားပွဲများမကျင်းပရန်ကြေညာထားကာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမှခွင့်ပြုခဲ့ခြင်းလည်းမရှိဟု အသိပေးခဲ့သည်။
မဟာမုနိဘုရားကြီးအား နေ့စဉ် ဖူးမြော်ကြည်ညိုနိုင်စေရန် http://www.youtube.com, Mahamuni Pagoda Youtube Channel မှ ၂၄ နာရီထုတ်လွှင့်လျက်ရှိသည်ဟုလည်းအသိပေးကြေညာထား​သည်။

image

နတ်စင်တရာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စက်တင်ဘာ ၂၇ ရက်တွင် စံကျောင်းတော်ချမည်

အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် ယနေ့ စက်တင်ဘာ ၁၃ ရက်နံနက် ၁ နာရီ ၅၆ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ‌၊ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇ၏ ရုပ်ကလာပ်တော်အား လာမည့် စက်တင်ဘာ ၂၇ ရက်နေ့ လယ် ၁ နာရီ၌ စံကျောင်းတော်ချပူဇော်သွားမည်ဖြစ် ကြောင်း စျာပနကျင်းပရေးကော်မတီထံမှ သိရသည်။
ထို့ပြင် အန္တိမအဂ္ဂိဈာပနအခမ်းအနားကိုလည်း လာမည့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ပူဇော်ကျင်းပသွားမည်ဖြစ်ကာ ကျင်းပမည့်ရက်အား ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
နတ်စင်တရာဆရာတော်ကြီးသည် အစာအိမ်သွေး ကြောပေါက်ရောဂါအား ကုသမှုခံယူနေစဥ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီးသည် ပျံလွန်တော်မူချိနထ်၌ သက်တော်(၇၆)နှစ်၊ ဝါတော်(၅၆)ဝါရှိပြီဖြစ်ကာလက်ရှိအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းတိုက်သို့ပြန်လည်ပင့်ဆောင်ထားကြောင်း သိရသည်။

image

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့ ယူကရိန်းကို ထရမ့်က ပြောကြား

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်" လို့ သူက ဆိုပါတယ်။
​တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံကို တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထရမ့်က "မစ္စတာဇီလင်စကီး လုပ်ရမယ့်အလုပ် တစ်ခုရှိတယ်။ အဲဒါက ရုရှားက ဒီဇယ်လောင်စာဆီတွေကို ပစ်မှတ်ထားနေတာကို ရပ်ဖို့ပါပဲ။ သူ့အနေနဲ့ တခြားပစ်မှတ်တွေကို တိုက်ချင်တိုက်ပါ၊ ဒီဇယ်ဆီတွေကိုတော့ မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ သူက ဒီဇယ်ရှားပါးမှုကို ဖြစ်စေလို့ပါပဲ" လို့ ပြောခဲ့ပါတယ်။
​သူက ဆက်ပြီး "ဒါက အရှေ့အလယ်ပိုင်းကြောင့် ဖြစ်တာမဟုတ်ဘူး၊ ရုရှားနဲ့ ယူကရိန်းကြားမှာ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ဖြစ်ရတာပါ" လို့လည်း သူကဆိုပါတယ်။
​အမေရိကန်၊ အီရန်နဲ့ အစ္စရေးတို့ အဓိကပါဝင်နေတဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်နေချိန်မှာပဲ ထရမ့်ရဲ့ အခုလို မှတ်ချက်စကား ထွက်ပေါ်လာတာပါ။ ဒီအကျပ်အတည်းက ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာမှုတွေကို အထူးသဖြင့် ထိခိုက်စေခဲ့ပါတယ်။
​အရှေ့အလယ်ပိုင်းက တိုက်ပွဲတွေကြောင့် ရေရှည် ထောက်ပံ့မှုတွေ ပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် ဒီတစ်ပတ်မှာ ကမ္ဘာ့ရေနံဈေးက တစ်စည်ကို ၁၀၈ ဒေါ်လာအထိ တက်သွားပါတယ်။ အမေရိကန်မှာလည်း ဒီဇယ်ဈေးတွေက စံချိန်တင်မြင့်တက်သွားပြီး ပြီးခဲ့တဲ့သောကြာနေ့က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလံကို ၆ ဒေါ်လာကျော်အထိ ရောက်သွားခဲ့ပါတယ်။
​ရေကြောင်းထောက်လှမ်းရေးကုမ္ပဏီ Kpler ရဲ့ အဆိုအရ ရုရှားဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒီဇယ် ဒုတိယအများဆုံး ကမ္ဘာကိုတင်ပို့တဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
​တစ်ဖက်မှာလည်း ရုရှားရော ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး အရှိန်မြှင့်နေကြပါတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းက ယူကရိန်းအနောက်မြောက်ပိုင်းက ပိုလန်နယ်စပ်အနီး ယဟိုဒင် (Yahodyn) မြို့မှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ရုရှားဒရုန်းတစ်စင်းက ဝင်တိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
​ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခံရတာတွေက အရမ်းကိုများလာတဲ့အတွက် ယူကရိန်းက လုပ်ငန်းစုတစ်ခုဆိုရင် မြို့တော် ကိယက်ဗ်မှာရှိတဲ့ သူတို့ရဲ့ ဓာတ်ဆီဆိုင်တွေမှာ တိုက်ခိုက်ခံရရင် ထိခိုက်မှုသက်သာအောင် သံဇကာတွေတောင် တပ်ဆင်လာကြပါပြီ။
အဲ​ဒီနောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းဘက်က ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။
​တိုက်ခိုက်ခံရပြီးနောက်မှာ နယ်စပ်ဂိတ်ကို ခဏပိတ်ထားခဲ့ရပေမယ့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာတော့ ပုံမှန်အတိုင်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

image