ဘေဆယ်လ် အင်စတီကျုရဲ့ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံး သတ်မှတ်ချက်အပေါ် ဗဟိုဘဏ် ကန့်ကွက်
ဆွစ်ဇာလန်နိုင်ငံ၊ ဘေဆယ်လ်မြို့အခြေစိုက် NGO အဖွဲ့အစည်းတခု ဖြစ်တဲ့ Basel Institute on Governance ရဲ့ ကမ္ဘာ့ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အညွှန်းကိန်းမှာ မြန်မာက အန္တရာယ်ရှိဆုံး ဖြစ်တယ် ဆိုတဲ့ အဆင့်သတ်မှတ်ချက်အပေါ် ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Basel Institute on Governance အဖွဲ့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ Basel AML Index 2025 အရ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၇ နိုင်ငံအနက် ဆုံးရှုံးနိုင်ခြေ မြင့်မားတဲ့ နိုင်ငံစာရင်းမှာ နံပါတ် (၁) နိုင်ငံအဖြစ် မြန်မာနိုင်ငံကို သတ်မှတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဗဟိုဘဏ်ကတော့ အဲဒီ အဆင့်သတ်မှတ်ချက်ဟာ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) လို ခိုင်မာတဲ့ နိုင်ငံတကာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ Methodology တွေ ချမှတ်ပြီး အကဲဖြတ် ဆောင်ရွက်ခဲ့ခြင်းမျိုး မရှိဘူးလို့ ထောက်ပြ ပြောဆိုထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ FATF မှ ထုတ်ပြန်ထားတဲ့ Methodology ပါ စံနှုန်း သတ်မှတ်ချက်တွေကို လိုက်နာပြီး AML/ CFT/ CPF ဆိုင်ရာ လုပ်ငန်းတွေကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။
“Basel AML Index 2025 ရဲ့ ထုတ်ပြန်ချက်ဟာ ကမ္ဘာပေါ်ရှိ နိုင်ငံနဲ့ ဒေသတွေ အားလုံးပေါ် လွှမ်းခြုံတာ မရှိတဲ့အပြင် နိုင်ငံနဲ့ ဒေသတွေ အားလုံး ပါဝင်ခြင်း မရှိတာကိုလည်း တွေ့ရှိရပါတယ်။ ဒါအပြင် FATF, APG တို့လို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကို စံနှုန်းချမှတ် လေ့လာသုံးသပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အကဲဖြတ်ချက်တွေကိုလည်း အခြေခံထားခြင်း မရှိပါဘူး” လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Basel AML Index 2025 အရ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၇ နိုင်ငံအနက် လာအိုကို အမှတ်စဉ် ၇ ၊ ဗီယက်နမ်နိုင်ငံကို အမှတ်စဉ် ၁၉၊ နီပေါနိုင်ငံကို အမှတ်စဉ် ၄၉ မှာ ဖော်ပြထားပေမယ့် ကိုရီးယားနိုင်ငံနဲ့ အီရန်နိုင်ငံတို့ ပါဝင်ခြင်း မရှိတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးအဆင့် သတ်မှတ်ခံရတာနဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာသုံးသပ်သူ တယောက်ကတော့ ဗဟိုဘဏ်အနေနဲ့ Basel AML Index 2025 အညွှန်းကိန်းအဆင့် ဖော်ပြချက်နဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ငြင်းဆို၊ ကန့်ကွက်နေကာမူ မြန်မာနိုင်ငံရဲ့ လက်ရှိ မျက်မြင်ဒိဋ္ဌ အခြေအနေကတော့ ထုတ်ပြန်ချက်ထဲကထက်တောင် ဆိုးရွားနေတယ်လို့ ဆိုပါတယ်။
"ဒါ ငြင်းမရပါဘူး။ ၂၀၂၁ ခုနှစ် နောက်ပိုင်း ကာလတွေမှာ စီးပွားရေး၊ ပညာရေးကအစ အစစအရာရာ ချွတ်ခြုံကျ၊ ပျက်စီးခဲ့တာ အားလုံး အသိပါပဲ။ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေတယ်။ မူးယစ်ဆေးတွေ၊ ကျားဖြန့်တွေ မှိုလိုပေါက်လာတယ်။ အဲဒီ မူးယစ်ဆေးနဲ့ ကျားဖြန့်ကနေရတဲ့ ငွေကြေး စီးဆင်းမှုတွေ မကင်းသရွေ့ မြန်မာရဲ့ ဂုဏ်ရည် အဆင့်အတန်းဟာ အနိမ့်ဆုံး သတ်မှတ်ခံကြရမှာပါပဲ” လို့ သူက ပြောပါတယ်။
Basel AML Index 2025 မှာ ဖော်ပြထားချက်အရ မြန်မာနိုင်ငံဟာ အခုလို ငွေကြေးခဝါချမှုအတွက် အန္တရာယ်အရှိဆုံး နေရာကို ရောက်ရှိနေရခြင်းဟာ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ အုပ်ချုပ်မှု အားနည်းခြင်းနဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် ဖြစ်ပြီး ဒီအကြောင်းအရာတွေက တရားမဝင် ငွေကြေး စီးဆင်းမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်ကတော့ Basel Institute on Governance အနေနဲ့ အခုလို ထုတ်ပြန်တာဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုရရှိစေဖို့ ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ တိုးတက် ပြောင်းလဲလာတဲ့ ဆောင်ရွက်မှုတွေကို မျက်ကွယ်ပြုတာသာဖြစ်ပြီး FATF နဲ့ မြန်မာနိုင်ငံအကြား အနီးကပ် ပူးပေါင်း ဆောင်ရွက်နေမှုတွေကို သေချာစွာ သုံးသပ်ခြင်း မရှိဘဲ ထိခိုက်အောင် ရေးသားထုတ်ပြန်နေတာလို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ အကြံပြုချက်တွေအပေါ် လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နေသလို ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ (ML/TF Risk) တွေကို နားလည်ပြီး ဖော်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်တာ၊ ယုံမှတ်အပ်နှံမှု ဥပဒေကို ပြင်ဆင်တာ၊ သက်သေခံပစ္စည်းတွေ စီမံရေး၊ ထိန်းသိမ်းရေးနဲ့ စီမံခန့်ခွဲရေး ဥပဒေကိုအသစ် ပြင်ဆင်ပြဋ္ဌာန်းတာတွေ အပါအဝင် သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ပြုပြင် ပြောင်းလဲနိုင်မှုတွေကို FATF က အသိအမှတ်ပြုခဲ့တာကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအပေါ် အကြံပြုချက် အရင် ရှစ်ချက်ကနေ လေးချက်သာ ကျန်ရှိခဲ့ပြီး အလေးထား စိစစ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ စာရင်းမှာသာ ဆက်လက် ထားရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဆက်လက် အကောင်အထည်ဖော်ဖို့ ကျန်ရှိနေသေးတဲ့ အချက် လေးချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို Timeline တွေ ချမှတ်ပြီး အထူးအလေးထား ဆောင်ရွက်ဖို့ ပေါင်းစပ်ညှိနှိုင်းကာ အားသွန်ခွန်စိုက် ထိထိရောက်ရောက် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) အနေနဲ့ မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့လို အမည်ပျက်စာရင်း (Black List) မှာ ထည့်သွင်းထားခြင်းမျိုး မဟုတ်ဘဲ အလေးထား စိစစ်မှုတွေ တိုးမြှင့်ဆောင်ရွက်ရန် (EDD) စာရင်းမှာသာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။