စိတ်ရှည်တတ်ခြင်းသည် အခွင့်အလမ်းကို ရစေ၏
တခါက တောအုပ်တစ်ခုတွင် ကြက်တူရွေး ညီနောင်နေထိုင်ကျက်စားကြသတဲ့။ သူတို့သည် အလွန်လှပသော နှုတ်သီးနှင့် အတောင်ပံများကို ပိုင်ဆိုင် ထားကြပြီး တောထဲတွင် ပျော်ရွှင်စွာနေထိုင်ကြ၏။
တစ်နေ့တွင် မုဆိုးတစ်ဦးသည် တောထဲသို့ ရောက်လာ၏။ သူသည် ကြက်တူရွေးညီနောင်ကို မြင်သွား သည့်အခါ ဒီကြက်တူရွေးတွေ တော်တော်လှပပြီး ထူးခြားတာပဲ။ ငါ သူတို့ကို ဖမ်းပြီး ဘုရင်ကြီးဆီမှာ လက်ဆောင်အဖြစ် ဆက်သရမယ်ဟု တွေးလိုက်၏။
ထိုငို့အကြံ ဖြစ်ပေါ်ပြီးနောက်မှာတော့ မုဆိုးဟာ သူတို့ကို ဖမ်းရန် ပိုက်ကို ဖြန့်ထားလိုက်သည်။ မကြာလိုက်ချေ ကြက်တူရွေးညီနောင်ကို ဖမ်းမိလေ၏။ မုဆိုးလည်း ကြက်တူရွေးညီနောင်တို့ကို လှောင်အိမ်တစ်ခုတွင် ထည့်၍ နန်းတော်သို့ ယူဆောင်သွားလေသည်။
" အရှင်မင်းကြီး.... ဒီလှပတဲ့ ကြက်တူရွေးညီနောင်ကိုကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုး သူတို့ကို တောနက်ထဲက ဖမ်းခဲ့တာပါ။ သူတို့ရဲ့အလှကို မြင်မြင်ချင်း မင်းကြီးထံ ဆက်သဖို့ ဆုံးဖြတ်လိုက်တာပါ။ သူတို့တွေက အရှင်မင်းကြီးရဲ့ နန်းတော်အလှကို ဖြည့်ဆည်းပေးမှာပါ" လို့ လျှောက်တင်ငတဲ့။
ဘုရင်ကြီးလည်း အလွန်သဘောကျသွား၏။ မုဆိုးကိုလည်း ငွေဒင်္ဂါးတစ်ထောင် ချီးမြှင့်လိုက်သည်။ကြက်တူရွေးများကို လှောင်အိမ်ထဲတွင်ထားကာ ကောင်းစွာကြည့်ရှု စောင့်ရှောက်ရန်လည်း မင်းမှုထမ်း များကို မိန့်ကြားလိုက်၏။
မင်းမှုထမ်းများလည်း ကြက်တူရွေးများကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်ကြ၏။ကြက်တူရွေး ညီနောင်တို့မှာ နန်းတော်ထဲတွင် အလွန်အရေးကြီးသော ငှက်များပမာ ဆက်ဆံခံရ၏။ သူတို့ကို အသီးများနှင့် အရသာရှိသော အစားအစာများကို ကျွေးမွေးကြသည်။ သူတို့သည်နန်းတော်ထဲတွင် ဆွဲဆောင်မှုရှိ သော နေရာတစ်ခုဖြစ်လာလေသည်။
မင်းသားငယ်လေးများပင် သူတို့နှင့် ကစားရန်လာကြသည်။ ကြက်တူရွေး ညီနောင်တို့လည်း အလွန်ပျော်ရွှင်နေကြ၏။ သူတို့ သည် မည်သည့်အလုပ်မျှ မလုပ်ရပဲ လိုတိုင်း ရနေကြ၏။ တခါတွင် ကြက်တူရွေးအကြီးက သူ့ညီကို...." ငါတို့ဟာ နန်းတော်ထဲမှာ အထူးလေးစားခံရတယ်။ ဒါကြောင့် သိပ်ကျေနပ်တယ်" ဟု ပြောသည်။
ညီဖြစ်သူကလည်း...." မှန်ပါတယ်... ကြီးမြတ်တဲ့ ဆက်ဆံရေးကို တို့တွေရတယ်။ အဲဒါ တို့တွေရဲ့ ကံပဲ" ဟု ပြန်ပြောလေသည်။
ဒီလိုနဲ့ လအတန်ကြာပြီးနောက် တစ်နေ့သောအခါမှာ မုဆိုးသည် မျောက်မည်းတစ်ကောင်ကို ယူဆောင် လာ၏။ နန်းတော်ပုရိဝုဏ်ထဲတွင် မျောက်တစ်ကောင်ထားရန် အစောင့်များကို မိန့်ထားသည့်အတွက် မင်းကြီးအား ဆက်သလိုက်၏။
ဘုရင်ကြီးနှင့် မင်းသားတို့သည် မျောက်၏ ရယ်စရာအမူအရာများကိုတွေ့ရသည့်အတွက် သဘောကျနေကြသည်။ မကြာခင်မှာပင် မျောက်ရှိသောနေရာသည် နန်းတွင်းတွင် ဆွဲဆောင်မှုရှိသည့် နေရာတစ်ခု ဖြစ်သွားသည်။
မျောက်ရောက်လာသည့်အတွက် ကြက်တူရွေး ညီနောင်တို့ကို လျစ်လျူရှုထားကြတော့သည်။ သူတို့သည် တစ်ခါတစ်ရံတွင် အစားအစာပင် ပုံမှန်မစားကြရချေ။ ကြက်တူရွေးနှစ်ကောင်စလုံးသည် ထိုအကြောင်းအရင်းကို သိ၏။ ကြက်တူရွေးအကြီးက ပညာရှိသည်။ ထိုနေ့များသည် တဖန်ပြောင်းလဲသွားမည်ဟု သူမျှော်လင့်သည်။ စိတ်ဓာတ် လည်းမကျချေ။
သူသည် သူ့ညီကို.... "ဒီကမ္ဘာမှာ ဘယ်အရာမှ မမြဲဘူး။ အဆိုးဆုံးနေ့တွေ ပြီးဆုံးတဲ့အချိန်ထိ စိတ်ရှည်ပါ "ဟု ညီဖြစ်တဲ့ ကြက်တူရွေးကို ပြောပြသည်။
တစ်နေ့တွင် မျောက်သည် မင်းသားကို ခြောက်လှန် သဖြင့် မင်းသားလေးသည် ကူညီပါ..ကူညီပါဟု အော်ငိုလေ၏။ ထိုအော်သံကြောင့် နန်းတွင်းအစောင့်များ အားလုံးရောက်လာကြပြီး မင်းသားလေးကိုခေါ်သွားကြသည်။ ဘုရင်ကြီးသည် ထိုအကြောင်းစုံကို သိရသည့်အခါ မျောက်ကို တောထဲသို့ ပြန်ပို့ရန် မိန့်လိုက်သည်။နောက်နေ့မှာတော့ မျောက်ဟာ တောထဲသို့ ပြန်ပို့ခံလိုက်ရပါတယ်။
ကြက်တူရွေးတို့၏ အဆိုးဆုံးနေ့များသည် ယခုတွင် ပြီးဆုံးသွား၏။ နန်းတွင်းသူ၊ နန်းတွင်းသားများသည် သူတို့ကို ကောင်းမွန်စွာ ပြန်ပြီးဆက်ဆံလာကြသည်။ အသီးများကို ပန်းကန်ပြားကောင်းကောင်းဖြင့် ထည့်၍ ကျွေးသည်။ သူတို့သည် နန်းတွင်းထဲတွင် ဆွဲဆောင်မှုရှိသည့်နေရာတစ်ခု အဖြစ် ပြန်ဖြစ်သွား၏။
ပညာရှိသော အစ်ကိုဖြစ်တဲ့ ကြက်တူရွေးက...." လောကတွင် ဘယ်အရာမျှ အမြဲ မတည်မြဲကြောင်း၊ ခေတ္တ မနှစ်မြို့ဖွယ် အပြောင်းအလဲကြောင့် စိတ်ဓာတ် မကျသင့်ကြောင်း" သူ့ညီ ကို ထပ်ရှင်းပြလေ၏။
ကြက်တူရွေးငယ်လည်း လောကတွင် မည်သည့်အရာမျှ မမြဲဆိုသည့်အချက်နှင့် အမြဲစိတ်ရှည်တတ်ရမည်ဟူသော ခံယူချက်ကို ထားရှိတတ်ရမည်ဖြစ်ကြောင်း သိရှိသွားပါတော့တယ်။