မြန်မာနှင့် ဥရောပအာရှစီးပွားရေးကော်မရှင် (EAEU) တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်၊ တတိယအကြိမ် အစည်းအဝေးကျင်းပရန် ဆွေးနွေး

မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင် (Eurasian Economic Commission - EEC) တို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများအစည်းအဝေးကို ဇွန်လ ၄ ရက်နေ့က နေပြည်တော်၌ အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တို့ တက်ရောက်ခဲ့ကြပြီး၊ ဥရောပအာရှစီးပွားရေးကော်မရှင်ဘက်မှ မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Danilar Imanaliev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံအကြား တတိယအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်အတူ အာဆီယံ (ASEAN) မူဘောင်အတွင်း ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဥရောပအာရှ စီးပွားရေးကော်မရှင် (EEC) ဆိုသည်မှာ ရုရှား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်နှင့် အာမေးနီးယား နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union - EAEU) ၏ အဓိက အုပ်ချုပ်ရေးနှင့် မူဝါဒချမှတ်ရာ အဖွဲ့အစည်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ EAEU အဖွဲ့ဝင်နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (FTA) ထူထောင်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရုရှားအပါအဝင် အရှေ့ဥရောပနှင့် အလယ်အာရှ ဈေးကွက်သစ်ကြီးသို့ မြန်မာ့လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် အထည်အလိပ်များကို တိုက်ရိုက် တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရှိလာနိုင်သည်။

image