ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆,၁၀၅ လုံးအထိ သတ်မှတ်ထိန်းသိမ်းထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) အဆောက်အအုံနှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်း အခမ်းအနားကို ဇူလိုင် ၂၈ ရက်က ကျင်းပခဲ့ရာ အဆိုပါ အဆောက်အအုံ နှစ်ခုအပါအဝင် ရန်ကုန်တိုင်းအတွင်း ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ပြီးသည့် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆ ခု ရှိလာပြီဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံတော်အနေဖြင့် ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာ တန်ဖိုးမြင့်မားသည့် သက်တမ်း နှစ် (၁၀၀) နှင့်အထက် ရှိသော အဆောက်အအုံများကို ဥပဒေအရ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်အထိ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းအဆောက်အအုံပေါင်း ၅,၇၀၈ လုံး ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှစ၍ ယနေ့အထိ ဥပဒေအရ နှစ် (၁၀၀) နှင့်အထက် သက်တမ်းရှိပြီး နိုင်ငံတော်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်သည့် အဆောက်အအုံများကို ဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၃၉၇ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့်အတွက် လက်ရှိတွင် တစ်နိုင်ငံလုံး၌ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆,၁၀၅ လုံးအထိ သတ်မှတ်ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

image

သယ်ယူပို့ဆောင်ရေး နည်းလမ်းစုံ ပေါင်းစပ်ခြင်း ကျွမ်းကျင်မှု အသိအမှတ်ပြု သင်တန်း

ကုန်စည်ပို့ဆောင်ရေး (Logistics) နှင့် ကုန်သွယ်မှု ကဏ္ဍတို့တွင် ကုန်း၊ ရေ၊ လေ၊ ရထားလမ်း စသည့် သယ်ယူပို့ဆောင်ရေး နည်းလမ်းများကိုပေါင်းစပ်အသုံးပြုခြင်းကို နားလည်စေမည့်သင်တန်းတစ်ခု ဖွင့်လှစ်မည်ဟုသိရသည်။
ASEAN ဒေသတွင်း ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လော့ဂျစ်စတစ် (Trade, Transport & Logistics) ကဏ္ဍဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ MMMDA နှင့် Aim Forward Training Center တို့ ပူးပေါင်း၍ အဆိုပါသင်တန်းဖွင့်လှစ်မည် ဖြစ်သည်။
အဆိုပါ သင်တန်းကို ASEAN အဆင့် အသိအမှတ်ပြု ASEAN Logistics Institute (ALI) ၏ သင်ရိုးညွှန်းတမ်းများကို အခြေခံထားပြီး ယခုလကုန် ဇူလိုင် ၃၁ ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
သင်တန်းတွင် လေ့လာသင်ယူရမည်များမှာ
Multimodal Transport ၏ အခြေခံသဘောတရား (Concept) များ သယ်ယူပို့ဆောင်ရေး အမျိုးအစားများ (Transport Modes) ကို ထိရောက်စွာ ပေါင်းစပ်အသုံးပြုပုံ Logistics နှင့် Supply Chain လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှုများ လက်တွေ့လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်မည့် အခြေခံကျသော အသိပညာနှင့် နည်းဗျူဟာများ စသည်တို့ပါဝင်မည်။
သင်တန်းမှ သဘောတရားများကို စနစ်တကျ နားလည်သဘောပေါက်ခြင်း၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်များကို ချိတ်ဆက်နိုင်ခြင်း၊ မိမိ၏ အသက်မွေးဝမ်းကျောင်း အနာဂတ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းတို့ကို ရရှိစေနိုင်သည်။
သင်တန်း အသေးစိတ်အချက်အလက်များအား မသူဇာ 0943053601 / ကိုသစ်နိုင်ထွဏ်း 09883312131 ထံသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

image

ဝါဆိုလပြည့်နှင့် ဝါဝင်နေ့တွင် အရက်ရောင်းချမှု ထိုင်းအစိုးရ ယာယီပိတ်ပင်

ထိုင်းနိုင်ငံတွင် ဝါဆိုလပြည့် (အာသလ္လာနေ့) နှင့် ဝါဝင်နေ့အထိမ်းအမှတ် ဘာသာရေးရုံးပိတ်ရက်များအတွင်း အရက်ရောင်းချမှုကို ယာယီပိတ်ပင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများသို့ အသိပေးထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ အရက်ရောင်းချမှု တားမြစ်ချက်သည် ဇူလိုင် ၂၉ ရက် နံနက် ၁၂ နာရီ ၁ မိနစ်မှ စတင်ကာ ဇူလိုင် ၃၀ ရက် ညသန်းခေါင်ယံအထိ အကျုံးဝင်မည်ဖြစ်သည်။
အဆိုပါကာလအတွင်း ဥပဒေအရ ကင်းလွတ်ခွင့်မရရှိသည့် အရက်အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့် သာမန်စားသောက်ဆိုင်များအနေဖြင့် အရက်ရောင်းချမှုကို ရပ်နားထားရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရ၏ လက်ရှိစည်းမျဉ်းများအရ ဗုဒ္ဓဘာသာဝင်များ၏ အဓိက ဘာသာရေးရုံးပိတ်ရက်များတွင် အရက်ရောင်းချမှုကို တားမြစ်ထားပြီး ဥပဒေအရ သတ်မှတ်ထားသည့် ကင်းလွတ်ခွင့်ရ လုပ်ငန်းများသာ ဆောင်ရွက်ခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၉ ရက်တွင် ကျရောက်သည့် ဝါဆိုလပြည့် (အာသလ္လာနေ့/ဓမ္မစကြာအခါတော်နေ့) သည် ထိုင်းနိုင်ငံ၌ အစိုးရဌာနများ၊ ဘဏ်များနှင့် ပုဂ္ဂလိကကဏ္ဍအချို့၏ ရုံးပိတ်ရက်ဖြစ်ပြီး၊ ဇူလိုင် ၃၀ ရက် ကျရောက်သည့် ဝါဝင်နေ့တွင်မူ အစိုးရရုံးများ ပိတ်ထားသော်လည်း ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများမှာ အလုပ်ရှင်၏ သတ်မှတ်ချက်အပေါ် မူတည်၍ ပုံမှန်လည်ပတ်နိုင်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် အမိန့်ကို အကောင်အထည်ဖော်ရန်အတွက် တစ်နိုင်ငံလုံးတွင် စစ်ဆေးရေးအဖွဲ့များ တာဝန်ချထားပြီး ကင်းလွတ်ခွင့်သတ်မှတ်ချက်များနှင့် မကိုက်ညီဘဲ အရက်ရောင်းချသူများကို တွေ့ရှိပါက ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရနိုင်ကြောင်း အသိပေးထားသည်။

image

လာမည့်သီတင်းပတ်တွင် ထိုင်းဝန်ကြီးချုပ် အင်ဒိုနီးရှား သွားမည်

အရှေ့တောင်အရှနှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာစေရန် ရည်ရွယ်ကာ ဆွေးနွေးရန်အတွက် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် သြဂုတ်လ ၃ ရက် နေ့နှင့် ၄ ရက်နေ့တို့တွင် အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်သည်။
ထိုခရီးစဉ်မတိုင်မီ တနင်္လာနေ့တွင် အစိုးရအဖွဲ့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်အတွက် မူဘောင်တစ်ခုအဖြစ်ဆောင်ရွက်မည့် ၂၀၂၆-၃၀ အတွက် ငါးနှစ်တာ ထိုင်း-အင်ဒိုနီးရှား မဟာဗျူဟာမြောက် မိတ်ဖက်အစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့သည်။
အစီအစဉ်သည် အဓိကနယ်ပယ်သုံးခုဖြစ်သည့် လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထားပြီး လာမည့်ငါးနှစ်တွင် ဆက်ဆံရေးကို ယခုထက်နက်ရှိုင်းစေကာ ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။
မစ္စတာ အနူတင်၏ ခရီးစဉ်တွင် နှစ်ဖက်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည့် အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးမှုများ ပါဝင်မည်ဟု မျှော်လင့်ရသည်။
အဓိကမူဝါဒဦးစားပေးအကြောင်းအရာများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများအပါအဝင် ခေါင်းဆောင်အဆင့် ဆွေးနွေးပွဲများတွင် ထိုင်းဘက်က တိုးတက်ရန် မျှော်လင့်ထားသည့် ကိစ္စရပ်များကို ပြင်ဆင်ထားရန်အတွက် သက်ဆိုင်ရာဌာနများကို တာဝန်ပေးအပ်ထားကြောင်း အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာဒီဒါ ပါ့စ်ဗီဗာတာနာက ပြောကြားခဲ့သည်။

image

မြို့လှမြို့က အသက်(၁၁၈)နှစ်ရှိ အဘွားဒေါ်ဖာတမာ ကျန်းမာရေးကောင်းမွန် ပဲခူးတိုင်းဝန်ကြီးချုပ်တွေ့ဆုံခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ အမှတ်(၅) ရပ်ကွက်နေ အသက်(၁၁၈)နှစ်ရှိပြီဖြစ်သော အဘွားဒေါ်ဖာတမာသည် ကျန်းမာရေးအထူးကောင်းမွန်လျက်ရှိသည်။
အဆိုပါ အဘွားဒေါ်ဖာတမာကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင် ၂၈ ရက်နံနက်ပိုင်းတွင်သွား ရောက်တွေ့ဆုံ၍ လိုအပ်သည်များကိုဖြည့်ဆည်းပေးခဲ့သည်။

image

အနုပညာ၊ ဗိသုကာ၏ သပ္ပါယ်မှုဖြင့်ပြည့်စုံသောလောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၌လည်း ကုသိုလ်ပြု ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

ယနေ့ကျရောက်သည့် သာသနာ့နေ့ထူးနေ့မြတ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စိန်မြဧရာကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်တော်မူသော "လောကချမ်းသာ အဘယလာဘမုနိ" ကျောက်တော်ကြီးဘုရားသို့ လာရောက်ဖူးမြော်ကြသည့် စေတနာရှင် ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိသည်။
ကျောက်တော်ကြီးဘုရားကြီးသည် တစ်ဆက်တည်းဖြစ်သော စလင်းကျောက်ဖြူတော်ကြီးကို ထုဆစ်ပူဇော်ထားသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် အံ့မခန်း ကျောက်ဆစ်လက်ရာ ရုပ်ပွားတော်မြတ်ကြီး ဖြစ်သည်နှင့်အညီ ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ်တွင် ရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများနှင့် ဂန္ဓကုဋိကျောင်းတော်ကြီးအတွင်း ကြည်ညိုဖွယ်ရာ ပူဇော်ထားကြသည်။
ဘုရားဖူးပြည်သူများသည် နံနက်ပိုင်းမှစ၍ ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မှောက်၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ရွတ်ဖတ် သရဇ္ဇယ်ခြင်းတို့ဖြင့် စိန်မြဧရာကုန်းတော်တစ်ခုလုံး တရားသံများ၊ သာဓုခေါ်သံများဖြင့် ငြိမ်းအေးကြည်နူးဖွယ် သပ္ပါယ်လျက်ရှိကြောင်း သိရသည်။

image

ဒုတိယဝါဆိုလပြည့် ညချမ်း ချိန်ခါဝယ် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ အေးချမ်းမှု

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင် ကြည်နူးသပ္ပါယ်လျက်ရှိသည်။
သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးသည် ၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အကြောင်းပြု၍ ကမ္ဘာပေါ်ရှိ စစ်မီးများ ငြိမ်းအေးပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာအေးမြပါစေခြင်း ငြိမ်းချမ်းရေး မင်္ဂလာနိမိတ်အဖြစ် အေးမြသော ဘွဲ့မည်တော် "ကမ္ဘာအေး" ဟု ကိန်းဝပ်စံပယ် သမုတ်တည်ထားခဲ့သည့် သမိုင်းဝင် စေတီတော်မြတ်ကြီး ဖြစ်သည်။
ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ် တွင်ကမ္ဘာသူ ကမ္ဘာသားအပေါင်းနှင့် စေတနာရှင် ပြည်သူများအားလုံး စစ်မီးနှင့် ဘေးဥပါဒ်အပေါင်းမှ ကင်းဝေးကာ "ကမ္ဘာကြီး ငြိမ်းချမ်းအေးမြပါစေ" ဟူသည့် နိမိတ်မြတ်ကို အဓိဋ္ဌာန်ပြုလျက် ကုသိုလ်ပြုနေနေကြသဖြင့် စေတီတော်အနီးတစ်ဝိုက် ငြိမ်းအေးကြည်နူးဖွယ် သာသနာ့အလင်းရောင် ထိန်ထိန်သာလျက် ရှိကြောင်း သိရသည်။

image

စံပြစျေးဂုံးကျော်တံတားပေါ်၌ YBS ၆ ကားမီးလောင်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစျေးအနီးရှိ ဂုံးကျော်တံတားပေါ်တွင် ယနေ့ ဇူလိုင် ၃၀ ရက်နံနက် ၆ နာ ရီခွဲကျော်ခန့်က ခရီးသည်တင် YBS ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှအခြေပြု၍ မြို့တွင်းသို့ပြေးဆွဲပေးနေသည့် ခရီးသည်တင် YBS ၆ ယာဥ်လိုင်းမှကားသည် သင်္ဃန်းကျွန်းမြိုနယ်၊ စံပြဈေးအနီး ပြည်ထောင်စုဂုံးတံတားပေါ်တွင်မီးလောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

ပဲခူးမြစ်ရေ ၂၄ နာရီအတွင်း ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်(၁)ပေခန့်ဆက်လက်မြင့်တက်နိုင်

ပဲခူးတိုင်း၊ ပဲခူးမြို့၌ ပဲခူးမြစ်ရေသည် လက်ရှိအချိန်၌ မြို့၏စိုးရိမ်ရေမှတ်အထက် (၁)စင်တီမီတာတွင်ရောက်ရှိနေသည်ဟု မိုးဇလ၏ ယနေ့ ဇူလိုင် ၃၀ ရက်နံနက် ၈ နာရီထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပဲခူးမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း၌ မြို့၏စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်ဆက်လက်မြင့်တက်လာနိုင်ပြီး မြို့၏ စိုးရိမ်ရေမှတ်အထက်တွင်တည် ရှိနိုင်သဖြင့် ပဲခူးမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေ နိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးဇလက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

image

အမှတ် (၃၂) အစုန် DEMU ရထားတွဲဆိုင်းကို ခဲဖြင့်ပေ-ါက်သူအား ဖမ်းဆီးရေးဆောင်ရွက်နေ

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ် (၃၂) အစုန် DEMU ရထားသည် ဇူလိုင်လ ၂၉ ရက် ညနေပိုင်းက သုဝဏ္ဏခုံးကျော်တံတားကို ဖြတ်သန်းစဉ် ခဲဖြင့် ပ-စ်ပေ-ါက်ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီကျော်ခန့်တွင် သင်္ဃန်းကျွန်းနှင့် မလွှကုန်းဘူတာအကြား သုဝဏ္ဏခုံးကျော်တံတားကို ဖြတ်သန်းမောင်းနှင်စဉ် ရထား၏ ညာဘက်ခြမ်းကို ခဲဖြင့် ပ-စ်ပေ-ါက်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ခဲဖြင့် ပ-စ်ပေ-ါက်ခံရမှုကြောင့် ရထားတွဲဆိုင်းပါ ပထမဆုံးတွဲအမှတ် DEMUF(C)-4029၏ ညာဘက်ခြမ်း ခရီးသည် အတက်/အဆင်းတံခါး အောက်ဆုံးမှန်ထိမှန်၍ ကြေမွအက်ကွဲပျ-က်စီးခဲ့ပြီး လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်ဒ-ဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် သင်္ဃန်းကျွန်း ရထားရဲစခန်းနှင့် တိုးကြောင်ကလေး ရထားရဲစခန်းတို့မှ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉(ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပ-စ်ပေ-ါက်ခြင်း(သို့မဟုတ်)တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒ-ဏ်အ နေဖြင့် ပုဒ်မ ၈၄ အရ အနည်းဆုံး ထောင်ဒ-ဏ် (၅) နှစ်မှ အများဆုံး ထောင်ဒ-ဏ် အနှစ် (၂၀) အထိ ချမှတ်နိုင်သည့်အပြင် ငွေဒ-ဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

image