ရှမ်းတောင် ဟိုပုံးမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၈၇ ဦး ဖမ်းဆီးရမိ၊ တရုတ်နိုင်ငံသား ၇၅ ဦး ပါဝင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ နားလုံကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူ တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး စုစုပေါင်း ၈၇ ဦးကို အောက်တိုဘာ ၅ ရက်က လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများသည် ဟိုပုံးမြို့နယ်အတွင်း ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုလုပ်ကိုင်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအချက်အလက်များ ရယူဖော်ထုတ်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက် နံနက် ၇ နာရီခန့်တွင် ဟိုပုံးမြို့နယ်၊ မိုင်းပွန်မြို့၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာ နားလုံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများနှင့်အတူ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ လူနေဆောင်နှင့် အလုပ်ရုံတွဲလျက် ယာယီမိုးကာတဲ ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ စားချက်ဆောင် ယာယီမိုးကာတဲ ၁ လုံးနှင့် ဆောက်လုပ်ဆဲ ယာယီမိုးကာတဲ ၁ လုံး၊ Starlink ၄ စုံ၊ All-in-One Computer ၁၇ လုံး၊ Laptop ၂ လုံးနှင့် ဖုန်းမျိုးစုံ ၅၂၄ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကို စနစ်တကျ ဖြိုဖျက်သွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် ပပျောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image