အင်္ဂလန်နှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နော်ဝေကစားသမားများ နေထိုင်မကောင်းမှုများနှင့် ကြုံနေရ
====================

နော်ဝေအသင်းဟာ အင်္ဂလန်နှင့် ရင်ဆိုင်ကစားရမဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နေထိုင်မကောင်းဖြစ်တဲ့ ကစားသမားများ ရှိနေမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံနေရပါတယ်။
နော်ဝေဟာ ပြီးခဲ့တဲ့အပတ်တုန်းက အာလင်းဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ဘရာဇီးကို အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာနိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ စနေနေ့တွင် ဖလိုရီဒါရှိ မိုင်ယာမီကွင်းတွင် အင်္ဂလန်နှင့် ရင်ဆိုင်ရပါမယ်။
ဒါပေမဲ့ ပွဲကစားရန် ရက်အနည်းငယ်သာလိုတော့တဲ့အချိန်တွင် နော်ဝေအသင်းမှ ကစားသမားအချို့တို့ဟာ နေထိုင်မကောင်းဖြစ်တဲ့ ပြဿနာများ ကြုံနေရပါတယ်။
နော်ဝေသတင်းစာ Dagbladt က နော်ဝေကစားသမားများဟာ ချောင်းဆိုးခြင်း၊ နှာရည်ယိုတို့ ကြုံနေရတာ ဖြစ်ပြီး ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ မရှိကြောင်း ဖော်ပြသွားပါတယ်။
ခရစ္စတယ်ပဲလေ့စ်စတားဂျော်ဂျင်စထရန်းလာဆင်မှာ အီရတ်နှင့် အုပ်စုအဖွင့်ပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ကာ ပွဲတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဆီနီဂေါနှင့် အုပ်စုဒုတိယပွဲတွင် ဂိုးသွင်းခဲ့တဲ့ မားကပ်စ်ဟုမ်းဂရန်ပီဒါဆင်မှာလည်း နေမကောင်းမှုကြောင့် ဘရာဇီးနှင့်ပွဲကို လွဲခဲ့ပါတယ်။
နည်းပြစတယ်ဆိုလ်ဘက်ကင်ကိုယ်တိုင်မှာလည်း သတင်းစာရှင်းလင်းပွဲတွင် စကားပြောစဉ် ဆိုးဆိုးရွားရွား ချောင်းဆိုးနေခဲ့ပြီး နေထိုင်မကောင်း ဖြစ်နေကြောင်း တွေ့ရပါတယ်။
အထူးသဖြင့် နော်ဝေဟာ ဘော်စတွန်၊ နယူးဂျာစီ၊ ဘော်စတွန်၊ ဒဲလ်လက်စ်၊ နယူးဂျာစီစသဖြင့် မြို့များကို သွားရောက်ကာ ခရီးသွားရမှုနှင့်အတူ နေထိုင်မကောင်းမှုများနှင့် ကြုံလာရတာပါ။
ဒါပေမဲ့ နော်ဝေအသင်းဟာ အင်္ဂါနေ့ကတည်းက မိုင်ယာမီသို့ ရောက်နေခဲ့တာဖြစ်လို့ အင်္ဂလန်နှင့်ပွဲအတွက် ပြင်ဆင်ချိန် ၃ ရက်တိုင်တိုင် ရရှိထားပါတယ်။

image

အီဂျစ်အား အနိုင်ရပြီးနောက် မျက်ရည်ကျမှုရဲ့ နောက်ကွယ်မှ အကြောင်းရင်းကို လီယွန်နယ်မက်ဆီ ဖွင့်ဟလာ
=========================

လီယွန်နယ်မက်ဆီဟာ အီဂျစ်အား ၃-၂ ဖြင့် နောက်ကလိုက်ကစားကာ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီးနောက် ကွင်းအတွင်း မျက်ရည်ကျကာ ငိုနေခဲ့ပါတယ်။
အာဂျင်တီးနားဟာ ပွဲပြီးရန် ၁၁ မိနစ်အလိုအထိ အီဂျစ်ကို ၂-၀ ဖြင့် ရှုံးနိမ့်နေခဲ့ပြီးမှ နောက်ကျဂိုးများဖြင့် ၃-၂ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိ မက်ဆီဟာ ခရစ္စတီယန်ရိုမီရိုနှင့်အတူ အာဂျင်တီးနားအတွက် အဖိုးတန်ချေပဂိုးများကို သွင်းယူပြီးနောက် အချိန်ပို ၂ မိနစ်မှာ ဖာနန်ဒက်ဇ်က ခေါင်းတိုက်ကာ အနိုင်ဂိုးသွင်းခဲ့တာပါ။
ဒါပေမဲ့ အာဂျင်တီးနားတို့ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေချိန်တွင် မက်ဆီဟာ ပင်နယ်တီမှ တဆင့် ချေပဂိုးသွင်းနိုင်မဲ့ အခွင့်အရေး ရခဲ့ပေမဲ့လည်း ကန်ချက်ညံ့မှုနှင့် အတူ အီဂျစ်ဂိုးသမားရဲ့ ကာကွယ်ခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ မက်ဆီက "ဒီကနေ့ ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးအပေါ် စိတ်ပျက်ခဲ့ရတယ်။ အထူးသဖြင် ပင်နယ်တီလွဲခဲ့တာကိုပေါ့။ တကယ်လို့ ကျုပ်သာ ဂိုးသွင်းနိုင်ခဲ့ရင် ပွဲကို လုံးဝ အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီ။ ကျွန်တော်တို့ ဂိုးပေးခဲ့ရတယ်ဆိုပေမဲ့ ကစားတာ ကောင်းနေခဲ့တယ်"လို့ ငိုရတဲ့အကြောင်းကို ဖွင့်ဟသွားပါတယ်။
မက်ဆီဟာ အီဂျစ်နှင့်ပွဲတွင် ပင်နယ်တီ မဝင်ခဲ့မှုနှင့်အတူ ကမ္ဘာ့ဖလား တစ်ကြိမ်တည်းတွင် ပင်နယ်တီ ၂ ကြိမ်လွဲတဲ့ ပထမဆုံးကစားသမားအဖြစ် ဘယ်သူမှ မလိုချင်တဲ့ သမိုင်းမှတ်တမ်းဆိုးကို ပိုင်ဆိုင်လာခဲ့ပါတယ်။
မက်ဆီအတွက် ယင်းပင်နယ်တီက ကစားသမားဘဝတစ်လျှောက် ၁၅၀ ကြိမ်မြောက် ပင်နယ်တီဖြစ်သလို ၃၅ ကြိမ်မြောက် လွဲချော်တဲ့ ပင်နယ်တီလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မက်ဆီဟာ ပင်နယ်တီရဲ့ ၇၇ ရာခိုင်နှုန်းအား ဝင်အောင် သွင်းထားနိုင်တုန်း ဖြစ်ပါတယ်။
တဖက်တွင် မက်ဆီဟာ အီဂျစ်နှင့်ပွဲမှ ပင်နယ်တီအပါအဝင် ကမ္ဘာ့ဖလားမှ ပင်နယ်တီ အားလုံးမှ တစ်ဝက်ကို လွဲထားပါတယ်။
သူဟာ ဩစတြီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် အနိုင်ဂိုး ၂ဂိုးလုံးအား သွင်းနိုင်ခဲ့ပေမဲ့ ပင်နယ်တီလွဲခဲ့ပါသေးတယ်။
မက်ဆီဟာ အီဂျစ်နှင့်ပွဲတွင် ဂိုးသွင်းနိုင်ပြီးနောက် ကမ္ဘာ့ဖလားသွင်းဂိုး ၂၁ ဂိုးအထိ ရှိလာသလို ၈ ဂိုးဖြင့် ဂိုးသွင်းဘုရင်ဆုကိုလည်း ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

image

မန်စီးတီးကစားဖော်အာလင်းဟာလန်းနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တိုက်ပွဲဝင်ရန် မစောင့်နိုင်အောင် ဖြစ်နေပြီဖြစ်တဲ့ မာ့ခ်ဂူဟီ
======================

မာ့ခ်ဂူဟီက မန်စီးတီးကစားဖော်အာလင်းဟာလန်းနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တိုက်ပွဲဝင်ရန် မစောင့်နိုင်အောင် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အင်္ဂလန်နှင့် နော်ဝေတို့ဟာ စနေနေ့တို့မှာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ရင်ဆိုင်တွေ့ကြပါမယ်။
အကောင်းဆုံးပုံစံရနေတဲ့ အာလင်းဟာလန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နော်ဝေအတွက် ၇ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတိုင်း ဂိုးသွင်းထားနိုင်ကာ ဘရာဇီးအား အနိုင်ရတဲ့ ၃၂ သင်းရှုံးထွက်ပွဲစဉ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဂူဟီက "သူလည်း ကစားဖို့ စိတ်အားထက်သန်နေမယ်ဆိုတာ သိပါတယ်။ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ မျက်နှာသိတချို့နဲ့ ရင်ဆိုင်ရတာ ကောင်းပါတယ်။ ကျွန်တော်တို့လည်း အနိုင်ရဖို့ အစွမ်းကုန် ကြိုးပမ်းပါမယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်အသင်းဟာ ပြင်သစ်၊ စပိန်၊ အာဂျင်တီးနားတို့နှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးအသင်းများထဲတွင် ပါဝင်နေပါတယ်။
လက်ရှိအချိန်တွင် ဘရာဇီး၊ ပေါ်တူဂီ၊ ဂျာမနီ၊ နယ်သာလန်တို့ ကမ္ဘာ့ဖလားမှ ထွက်ခွာထားရပြီး ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် အာလင်းဟာလန်းဟာ မန်စီးတီးကစားဖော်များဖြစ်ကြတဲ့ ဂျွန်စတုန်း၊ နီကိုအိုရိုင်လီတို့နှင့်လည်း ရင်ဆိုင်တွေ့ရပါမယ်။
သောမတ်စ်တူချယ်ဟာ မာ့ခ်ဂူဟီနှင့် ကွန်ဆာတို့ကို ပွဲထွက်ဗဟိုနောက်ခံလူအတွဲအဖြစ် အသုံးပြုလာမှာ ဖြစ်ပြီး ဂျွန်စတုန်းကို ဟင်ဒါဆင် ဒဏ်ရာရရှိနေမှုနှင့်အတူ လိုအပ်ပါက ကွင်းလယ်အဖျက်နေရာတွင် အသုံးပြုလာနိုင်ပါတယ်။

image

အာဂျင်တီးနားအား ရှုံးနိမ့်ပြီးနောက် မမျှမတ ဆက်ဆံခံရသလို မတရားလုပ်ခံရကြောင်း အီဂျစ်ဝေဖန်လာ
======================

အီဂျစ်ဟာ နိုင်ငံသမိုင်းတွင် အကြီးကျယ်ဆုံးကမ္ဘာ့ဖလားရလဒ် ရယူနိုင်မဲ့ အခွင့်အရေးက ၁၂ မိနစ်အတွင်းမှာပဲ အဆုံးသတ်သွားခဲ့ပါတယ်။
အီဂျစ်ဟာ အတ္တလန္တာကွင်းမှာ လက်ရှိ ချန်ပီယံအာဂျင်တီးနားကို ၂-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အီဂျစ်ဟာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက် ရောက်နိုင်မဲ့အခွင့်အရေး ရရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ပွဲဟာ အကြီးအကျယ် အပြောင်းအလဲ ဖြစ်လာပါတော့တယ်။
ခရစ္စတီယန်ရိုမီရိုက ခေါင်းတိုက်က ချေပဂိုးသွင်းလာသလို မက်ဆီကလည်း ပြန်အံထွက်လာတဲ့ ဘောလုံးကနေ ချေပဂိုးသွင်းလာကာ ၂ ဂိုးစီသရေကျလာပါတယ်။
ယင်းနောက် အချိန်ပို ၂ မိနစ်မှာ ဖာနန်ဒက်ဇ်က ခေါင်းတိုက်ပြီး အာဂျင်တီးနားအတွက် အနိုင်ဂိုးသွင်းလာခဲ့ပါတယ်။
အီဂျစ်အတွက် ဒီပွဲမှာ ကြီးမားတဲ့ ထိုးနှက်ချက်တွေ ကြုံခဲ့ရပါတယ်။ ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ချိန်မှာ မိုစတာဖာဇစ်ကိုက ဒုတိယဂိုးသွင်းခဲ့ပေမဲ့ ပြစ်ဒဏ်ဘော ကျူးလွန်တယ်ဆိုပြီး VAR က ငြင်းပယ်ခဲ့သလို မာဝန်အက်တီယာက လီဆန်ဒရိုမာတီနက်ဇ်ကို မဆိုစလောက်လေး ထိသွားမှုအပေါ် ပင်နယ်တီပေးခဲ့မှုနှင့် ကြုံခဲ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ အာဂျင်တီးနားတို့ အနိုင်ဂိုး မသွင်းမီ အာဂျင်တီးနားပင်နယ်တီဧရိယာအတွင်းမှာ မိုဟာမက်ဆာလက် ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပါသေးတယ်။
ပြင်သစ်ဒိုင်လူကြီးဖရန်ကို့စ်လီတက်စီယာက ပွဲအပြီးခရာမှုတ်လိုက်ချိန်မှာတော့ အီဂျစ်ကစားသမားများဟာ မယုံကြည်နိုင်အောင် ဖြစ်ပြီး ကွင်းအတွင်း ခြေပစ်လက်ပစ် လှဲချခဲ့ကြပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ အီဂျစ်နည်းပြဟိုဆမ်ဟက်စ်ဆန်က ၎င်းတို့အသင်းမှာ မမျှမတ ဆက်ဆံခြင်းခံခဲ့ရသလို မတရားမှုရဲ့ သားကောင်းဖြစ်ခဲ့ရကြောင်း ဝေဖန် ပြောကြားသွားပါတယ်။
ဟက်စ်ဆန်က "ကွင်းတွင်း ကွင်းပြင် မေးခွန်းထုတ်စရာတွေက အများကြီးပါ။ အားလုံးက အပြုသဘောမဆောင်တာတွေ ချည်းပါ။ အဖြစ်အပျက်တွေ ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာ ယုံနိုင်စရာ မရှိဘူး။ သူတို့က ကမ္ဘာ့ချန်ပီယံကို ပြိုင်ပွဲမှာ ဆက်ထိန်းချင်တယ်၊ သူတို့ မက်ဆီကို ပြိုင်ပွဲမှာ ဆက်ထားချင်တယ်"လို့ ပြောကြားသွားပါတယ်။
ယခုပွဲစဉ်တွင် ပင်နယ်တီကာကွယ်မှု၊ ခွင့်မပြုတဲ့ဂိုး၊ အနီကတ်၊ မယုံကြည်နိုင်စရာ Comeback တို့ကို မြင်ခဲ့ရပါတယ်။
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ဆွစ်ဇာလန်နှင့် ရင်ဆိုင်ကစားရပါမယ်။ ဆွစ်ဇာလန်မှာ ၁၆ သင်း ရှုံးထွက်အဆင့်တွင် ကိုလံဘီယာအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လာတာပါ။

image

ပေါ်တူဂီအား အနိုင်ရတဲ့ပွဲစဉ်အဖြစ် အဖြစ်အပျက်တွင် ဘာနာဒိုဆေးလ်ဗားကို ရိုဒရီ တောင်းပန်လာ
====================

ရိုဒရီဟာ ပေါ်တူဂီအား စပိန်တို့ ၁-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှ အဖြစ်အပျက်အတွက် ကစားဖော်ဟောင်ဘာနာဒိုဆေးလ်ဗားကို တောင်းပန်ခဲ့ပါတယ်။
လက်ရှိ ယူရိုချန်ပီယံဟာ မီခေးလ်မီရီနိုရဲ့ နောက်ကျအနိုင်ဂိုးဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပေါ်တူဂီအား ၁-၀ ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားမှ ကန်ထုတ်ခဲ့ပါတယ်။
ပွဲပြီးခါနီးတွင် ပေါ်တူဂီတို့ အခွင့်အရေး ရရှိလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဖြစ်လာတော့မဲ့ ဘာနာဒိုဆေးလ်ဗားဟာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
ပေါ်တူဂီကွင်းလယ်လူဟာ မန်စီးတီးတွင် ၉ နှစ်ကြာ ကစားပြီးနောက် ထွက်ခွာလာခဲ့သူဖြစ်ပြီး အီတီဟတ်တွင် ရိုဒရီနှင့် ၇ နှစ်ကြာ တွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။
ကွင်းလယ်အဖျက်ကစားသမားဟာ ခေါင်းတိုက်ချက်လွဲချော်သွားလို့ စိတ်ပျက်နေတဲ့ ဆေးလ်ဗားအပေါ်တွင် ရပ်ကာ အောင်ပွဲခံခဲပါတယ်။ ထိုအခါ ဘာနာဒိုဆေးလ်ဗားက ဒေါသပေါက်ကွဲပြီး တုံပြန်ရာ ကြိုးပမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း စပိန်ကစားသမားများ ကြားဝင် လူခွဲဖြေဖျန်မှု ပြုလုပ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော သူ့အမှားကို သိတဲ့ အသက် ၃၀ နှစ်ရှိ ရိုဒရီက "နောက်ကျခေါင်းတိုက်ချက် လွဲသွားလို့ အောင်ပွဲခံမှုအတွက် ဘာနာဒိုဆေးလ်ဗားကို တောင်းပန်ပါတယ်။ ဒါက ကျွန်တော့်အမှားပါ"လို့ ပြောကြားသွားပါတယ်။
၎င်းတို့နှစ်ဦးဟာ မန်စီးတီးတွင် ၂၄၈ ပွဲ အတူတကွ ကစားလာခဲ့ပြီး ၂၀၂၃ ခုနှစ်တုန်းက သမိုင်းဝင် ဆုဖလား ၃ လုံး အတူတကွဲ ရယူခဲ့ကြသူများဖြစ်ပါတယ်။
စပိန်ဟာ သောကြာနေ့တွင် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဖြစ် ဘယ်ဂျီယံနှင့် ရင်ဆိုင်ကစားရပါမယ်။

image

အမေရိကန်ကို အနိုင်ယူပြီးနောက် ဒေါ်နယ်ထရမ့်ကို လှောင်ပြောင်ကာ ကခဲ့ကြတဲ့ ဘယ်ဂျီယံစတားများ
======================

ဘယ်ဂျီယံစတားများဟာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်တွင် အမေရိကန်ကို အနိုင်ယူပြီးနောက် ဒေါ်နယ်ထရမ့်အား လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပါတယ်။
ဘယ်ဂျီယံဟာ ဆက်တယ်တွင် အမေရိကန်အား ၄-၁ ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယင်းပွဲမတိုင်မီ ဖီဖာဟာ အမေရိကန်တိုက်စစ်မှူးဘာလိုဂန်အား ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုမှုကြောင့် ၁ ပွဲပယ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် အငြင်းပွားဖွယ် ပြောင်းလဲခဲ့ပါတယ်။
ဘာလိုဂန်ဟာ ဘော့စနီးယားအား အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရကာ ၁ ပွဲပယ်အလိုအလျှောက်ခံရမှာ ဖြစ်ပေမဲ့လည်း ဖီဖာဟာ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုမှုကြောင့် ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။
အထက်ပါ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အတွက် ဖီဖာဟာ ဘယ်ဂျီယံဘောလုံးအဖွဲ့ချုပ်နှင့် ယူအီးအက်ဖ်အေတို့ရဲ့ ဝေဖန်မှုများ ခံခဲ့ရပါတယ်။
ဘယ်ဂျီယံဟာ အမေရိကန်ကို ရှုံးနိမ့်ပါက ယင်းဆုံးဖြတ်ချက်အား အားကစားသမာဓိခုံရုံးတွင် အမှုဖွင့်ရန် စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်ဂျီယံဟာ အမေရိကန်ကို ၄-၁ ဖြင့် ပြတ်သားစွာ အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဘယ်ဂျီယံကစားသမားများဟာ ဒေါ်နယ်ထရမ့်လို လက်ကို အနည်းငယ်လှုပ်ရှားပြီး ကကာ အောင်ပွဲခံခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူ့အသက်အရွယ်ကြောင့် လက်ကို အနည်းငယ်သာ လှုပ်ကာ ကနိုင်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နှင့်အတူ ပူးတွဲအိမ်ရှင်များဖြစ်ကြတဲ့ မက္ကဆီကိုနှင့် ကနေဒါတို့မှာလည်း ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်တွင် အင်္ဂလန်၊ မော်ရိုကိုတို့အား ရှုံးနိမ့်ကာ ထွက်ခွာထားရပါတယ်။

image

ကွင်းလယ်ပြဿနာရှိနေမှုကြောင့် မော်ရိုကိုနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အတွက် ပွဲထွက်ခွင့်ရလာဖို့ ရှိနေတဲ့ ကန်တီ
====================

အန်ဂိုလိုကန်တီဟာ မော်ရိုကိုနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာဖို့ ရှိနေပါတယ်။
အသက် ၃၅ နှစ်ရှိ လက်စတာနှင့် ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဟာ ဒီဒီယာဒက်ချမ့်ရဲ့ ပြင်သစ် ၂၆ ဦးလူစာရင်းတွင် ပါဝင်ပေမဲ့လည်း ကစားခွင့်မရသေးပါဘူး။
ဖေဖော်ဝါရီလတုန်းက ဖီနာဘာချီသို့ ပြောင်းခဲ့တဲ့ ကန်တီဟာ ပြင်သစ်အသင်းတွင် ကွင်းလယ်ပြဿနာကြုံနေရမှုနှင့်အတူ ပွဲထွက်ကစားခွင့်ရလာဖို့ ရှိနေပါတယ်။
ပြင်သစ်ရဲ့ အဓိကွင်းလယ်ကစားသမားချူအာမီနီမှာ ဒဏ်ရာကြောင့် မော်ရိုကိုနှင့်ပွဲစဉ်ကို လွဲချော်လာဖို့ ရှိနေပါတယ်။
ယူနိုက်တက်ပစ်မှတ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပေါင်ကြွက်သားဒဏ်ရာပြဿနာကြုံလာခဲ့တာ ဖြစ်ပြီး ပါရာဂွေးအား အနိုင်ရတဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
တဖက်တွင် ပြင်သစ်ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အား လွဲချော်လာနိုင်ခြေ ရှိနေမှုနှင့်အတူ ကိုနေးအား အနားပေးရဖို့ ရှိနေပါတယ်။
ရိုးမားကွင်းလယ်ကစားသမားဟာ ပါရာဂွေးနှင့်ပွဲတွင် အဝါကတ်ပြသခံခဲ့ရပြီး မော်ရိုကိုနှင့်ပွဲတွင် အဝါကတ်ပြသခြင်းခံရပါက ဆီမီးဖိုင်နယ်အား လွဲချော်လာပါမယ်။
ယင်းသို့ အခြေအနေများကြောင့် ကန်တီမှာ ပြင်သစ်ပွဲထွက်လူစာရင်းတွင် ပါဝင်လာနိုင်မဲ့ အခွင့်အရေးများ ရရှိနေတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိထားတဲ့ စတားဟာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ခရိုအေးရှားကို အနိုင်ရပြီးနောက် ပြင်သစ်နှင့်အတူ ပထမဆုံးကမ္ဘာ့ဖလားကစားခွင့်ရလာတာ ဖြစ်လာပါမယ်။
ကန်တီအတွက် ပြင်သစ်အတွက် နောက်ဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တာ မတ်လတုန်းက ကိုလံဘီယာကို အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကန်တီအနေဖြင့် ပြင်သစ်ပွဲထွက်ကစားခွင့် နေရာအတွက် ပီအက်စ်ဂျီရဲ့ ဝါရန်းဇိုင်ရီအမ်မရီနှင့် ယှဉ်ပြိုင်ရပါဦးမယ်။

image

တောင်အာဖရိကတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပေမဲ့ အသက်ရှင်ခဲ့တဲ့ ဇမ်ဘာဘွေစတား
==================

ဇမ်ဘာဘွေလက်ရွေးစင်ကစားသမားဒီဗိုင်းလန်ဂါဟာ ဂျိုဟန်နက်စ်ဘတ်တွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရပေမဲ့ အသက်ရှင်သန်နေခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ကြေညာလာပါတယ်။
အသက် ၃၁ နှစ်ရှိ ဘောလုံးစတားဟာ တနင်္ဂနွေနေ့တုန်းက ဟီးဘရိုးတွင် ကားမောင်းနေစဉ် အမည်မသိ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရတာပါ။
လန်ဂါဟာ ဇမ်ဘာဘွေလက်ရွေးစင်တစ်ဦး ဖြစ်သလို တောင်အာဖရိကထိပ်သီးကလပ် Mamelodi Sundowns တွင်လည်း ကစားနေသူ ဖြစ်ပြီး ကံကောင်းထောက်မစွာ တစုံတရာ ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။
တောင်အာဖရိကတွင် ဒုစရိုက်မှုများက အဓိကပြဿနာတစ်ရပ် ဖြစ်နေပြီး ကမ္ဘာ့လူသတ်မှုအများဆုံးဖြစ်ရာ နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ်လည်း ရပ်တည်နေပါတယ်။
ရဲတပ်ဖွဲ့က ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပေမဲ့လည်း မည်သည့်သံသယရှိသူကိုမျှ ဖမ်းဆီးနိုင်ခြင်း မှရိသေးကြောင်း ဆိုထားပါတယ်။
လန်ဂါဟာ ညီဖြစ်သူနှင့် ဘုရားကျောင်းသို့ သွားနေစဉ် သူတိုရဲ့ကားကို ပစ်ခတ်တာနှင့် ကြုံခဲ့ရတာပါ။ ရဲတပ်ဖွဲက လန်ဂါမှာ မှားယွင်းပစ်ခတ်ခြင်းခံရတာမျိုးလည်း ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။
လန်ဂါဟာ ဇမ်ဘာဘွေလက်ရွေးစင်အသင်းအတွက် ၂၁ ပွဲကစားထားသူ ဖြစ်ပါတယ်။

image

ပဲရစ်အက်ဖ်စီနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံလာရတဲ့ ချဲလ်ဆီးနည်းပြဟောင်းရိုဆင်နီယာ
===================

လီယမ်ရိုဆင်နီယာဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ချဲလ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ပဲရစ်အက်ဖ်စီနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံလာရပါတယ်။
အသက် ၄၁ နှစ်ရှိ နည်းပြဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် လေးလမျှသာ ကိုင်တွယ်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူဟာ ပဲရစ်အခြေစိုက်ကလပ်အား တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ပါ ၂ နှစ်စာချုပ်ဖြင့် ကိုင်တွယ်လာပါတော့မယ်။
ရိုဆင်နီယာဟာ ချဲလ်ဆီးအား မကိုင်တွယ်မီ စထရာဘော့အား ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ပဲရစ်အက်ဖ်စီကို Arnault မိသားစုက ပိုင်ဆိုင်တာ ဖြစ်ပြီး ရက်ဘူးလ်ကလည်း ရှယ်ယာအချို့ ပိုင်ဆိုင်ပါတယ်။
ရိုဆင်နီယာဟာ ဇန်နဝါရီလတုန်းက လက်ရှိ မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာနေရာမှာ ချဲလ်ဆီးနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ နောက်ဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ဧပြီလမှာတော့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ချဲလ်ဆီးရဲ့ ညီအစ်မကလပ် စထရာဘော့ကို ကိုင်တွယ်စဉ်တုန်းက ၂၀၂၄-၂၅ ရာသီတုန်းက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် အသက်အငယ်ဆုံးအသင်းဖြင့် ကွန်ဖရင့်လိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယင်းမတိုင်မီ ဟားလ်စီးတီးကို ချန်ပီယံရှစ်တွင် ကိုင်တွယ်ခဲ့ရာ ပထမရာသီတွင် အဆင့် ၁၅ နေရာမှာ ရပ်တည်နိုင်ပြီးနောက် ဒုတိယရာသီတွင် အဆင့် ၇ ဖြင့် ပလေးအော့ဖ်ဝင်ခွင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ပလေးအော့ဖ်မှ ထွက်ခွာရချိန်တွင် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

image

စပိန်ကို ကမ္ဘာ့ဖလားတွင် ရှုံးနိမ့်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှ မေးခွန်းတစ်ခုမှ မဖြေဘဲ ဒေါသတကြီးထွက်ခွာသွားခဲ့တဲ့ ရူဘင်ဒီယာ့စ်
=================

မန်စီးတီးစတားရူဘင်ဒီယာ့စ်ဟာ ပေါ်တူဂီတို့ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီးနောက် သတင်းစာရှင်းလင်းပွဲမှ မေးခွန်းတစ်ခုမှ ဖြေကြားမှု မပြုလုပ်ဘဲ ဒေါသတကြီးထွက်ခွာသွားခဲ့ပါတယ်။
ပေါ်တူဂီဟာ ယနေ့နံနက်ပိုင်းတုန်းက စပိန်တို့ အာဆင်နယ်စတားမီခေးလ်မီရီနိုရဲ့ နောက်ကျဂိုးဖြင့် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရပါတယ်။
ပွဲအပြီးတွင် မန်စီးတီးစတားရူဘင်ဒီယာ့စ်ဟာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာခဲ့ပါတယ်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် ပေါ်တူဂီအသင်းရဲ့မီဒီယာအော်ဖစ်ဆာက ပေါ်တူဂီသတင်းထောက်တစ်ဦးအား ပထမ မေးခွန်းမေးဖို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ယင်းအချိန်တွင် အသက် ၃၀ နှစ်ရှိ စပိန်စတားမီရီနီုကလည်း သတင်းစာရှင်းလင်းပွဲတွင် နီးကပ်စွာ ရှိနေခဲ့ပါတယ်။
ဒါကြောင့်လည်း ဒေါသထွက်နေတဲ့ ဒီယာ့စ်ဟာ မေးခွန်းတစ်ခုမျှ ဖြေကြားခြင်း မပြုလုပ်ဘဲ ထွက်ခွာသွားပါတော့တယ်။
စပိန်အသင်းမှ သတင်းစာရှင်းလင်းပွဲသို့ ကစားသမား ၃ ဦး တက်ရောက်ခဲ့ပါတယ်။
တဖက်တွင် ပေါ်တူဂီအသင်းမှ အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုက သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကာ မေးခွန်းများအား ဖြေကြားခဲပါတယ်။
သတင်းစာရှင်းလင်းပွဲတင် ရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားက သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ကြောင်း၊ သို့ရာတွင် ပေါ်တူဂီအသင်းအတွက် ဆက်ကစားသွားနိုင်သေးကြောင်း ပြောကြားသွားပါတယ်။

image