မုဒုံမြို့ ကတုံးပေါ်ကျေးရွာ မီးဘေးသင့်ပြည်သူများကို တစ်အိမ်ထောင်လျှင် ကျပ် (၄) သိန်းနှုန်းထောက်ပံ့လှူဒါန်း

မွန်ပြည်နယ်၊ မုဒုံမြို့၊ ကတုံးပေါ်ကျေးရွာရှိ မီးဘေးသင့် ပြည်သူများကို တစ်အိမ်ထောင်လျှင် ကျပ် (၄) သိန်းနှုန်းဖြင့် ယနေ့ ဇန်နဝါရီ (၁၅)ရက်၌ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများကို လှူဒါန်းနိုင်ရေးအတွက် မော်လမြိုင်မြို့‌ဒေသခံပရ ဟိတအဖွဲ့(၇)ဖွဲ့ ပူးပေါင်း၍ ဇန်နဝါရီ (၁၂)ရက်မှ (၁၃)ရက်အထိ (၂)ရက်ကြာစုပေါင်းအလှူခံခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
"ကျွန်တော်တို့ တစ်အိမ်ထောင်ကို ကျပ် လေးသိန်းနဲ့ အဝတ်အထည်တွေ ကျောင်းသုံးပစ္စည်းတွေနဲ့ အစားအသောက်အချို့လှူဒါန်းပေးခဲ့ပါတယ်"ဟု သွားရောက်လှူဒါန်းရာတွင်ပါဝင်သည့် ဒေသခံပရဟိတအဖွဲ့တာဝန်ခံ ကို‌ဇင်မိုးက ရှင်းပြသည်။
ထို့သို့ လှူဒါန်းရာတွင် မုဒုံကတုံးပေါ်ကျေးရွာ မီးလေ-ာင်မှုဖြ စ်စဉ်အတွင်း မီးသင့်ဆုံးရှုံးခဲ့ရသည့် ကတုံးပေါ်ကျေးရွာ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းအတွက် ပြန်လည်ထူထောင်ရန် မတည်ငွေကျပ် သိန်း(၃၀)ကိုလည်း တဆက်တည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၈)ရက် မွန်းလွဲပိုင်းက ကတုံးပေါ်ကျေး ရွာတွင် စုစုပေါင်း အိမ်ခြေ (၅၇)လုံး မီးဘေးသင့်ခဲ့ရာ ကျေးရွာနေလူဦးရေ (၂၁၃)ဦး အိုးမဲအိမ်မဲ့ဖြစ်ခဲ့ပြီး လက်ရှိတွင် ကျေးရွာဓမ္မာရုံနှင့် စေတနာရှင်လူမှုကယ်ဆယ်ရေးရုံး၌ ကယ်ဆယ်ရေးစခန်းဖွင့်၍ ယာယီခိုလှုံနေကြရကြောင်း သိရသည်။

image

University of IBEC တွင်ကျင်းပမည့် နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများအတွက်ကြိုတင်ပြင်ဆင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ University of IBEC တွင် ဇန်နဝါရီ ၁၇ ရက်နှင့် ဇန်နဝါရီ ၁၈ ရက်တို့၌ ကျင်းပမည့် နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားတို့အတွက် ကြိုတင်ပြင်ဆင်နေသည့်မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။

image

ဗင်နီဇွဲလား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်က သူမ၏ဆုကို ထရမ့်ထံ ပေးအပ်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို(María Corina Machado) က သူမရရှိထားသော နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကို ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် သီးသန့်တွေ့ဆုံပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးအပ်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ထရန့်နှင့် ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံပြီးနောက် "ဒီနေ့ဟာ ကျွန်မတို့ ဗင်နီဇွဲလားပြည်သူတွေအတွက် သမိုင်းဝင်နေ့တစ်နေ့လို့ ထင်ပါတယ်" ဟု သူမက ဆိုသည်။
အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ကာရာကပ်စ်မြို့၌ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သီတင်းပတ်များအတွင်း ထရမ့်သည် ၂၀၂၄ ခုနှစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု ကြေညာထားသော မာချာဒို၏ လှုပ်ရှားမှုကို အသိအမှတ်ပြု ထောက်ခံရန် ငြင်းဆန်ထားသည်။ ထရန့်သည် မာဒူရို၏ ဒုတိယသမ္မတဟောင်းဖြစ်သူ လက်ရှိယာယီအစိုးရခေါင်းဆောင် ဒဲလ်စီ ရိုဒရီဂွက်ဇ်(Delcy Rodríguez) နှင့်သာ ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
အိမ်ဖြူတော်မှ ထွက်ခွာလာပြီးနောက် မာချာဒိုသည် အပြင်ဘက် ဂိတ်ဝတွင် စုဝေးနေသော ထောက်ခံသူများကို စပိန်ဘာသာဖြင့် "ကျွန်မတို့ သမ္မတထရမ့်ကို အားကိုးလို့ရပါတယ်" ဟု ပြောကြားခဲ့ကြောင်း Associated Press သတင်းအရ သိရသည်။
နောက်ပိုင်းတွင် သူမက အင်္ဂလိပ်ဘာသာဖြင့် သတင်းထောက်များကို ပြောကြားရာ၌ "ကျွန်မ အမေရိကန်သမ္မတကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုတံဆိပ် ပေးအပ်ခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ လွတ်မြောက်မှုအပေါ် သူရဲ့ ထူးခြားတဲ့ ကတိကဝတ်ပြုမှုကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်" ဟု ဆိုသည်။
ထရမ့်က ထိုဆုကို လက်ခံခဲ့ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိရန် အမြဲတစေ ဆန္ဒရှိကြောင်း ပြောဆိုလေ့ရှိသော ထရမ့်သည် မနှစ်က မာချာဒိုအား ဆုချီးမြှင့်စဉ်ကလည်းကောင်း၊ မာချာဒိုက ထိုဆုကို လက်ခံရန် ဆုံးဖြတ်ခဲ့စဉ်ကလည်းကောင်း မကျေမနပ် ဖြစ်ခဲ့ဖူးသည်။
မာချာဒိုက သူမ၏ဆုကို ထရမ့်နှင့် မျှဝေမည်ဟု ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သော်လည်း နိုဘယ်လ်ကော်မတီကမူ ထိုဆုသည် လွှဲပြောင်းပေး၍မရကြောင်း ရှင်းလင်းထားသည်။ ကော်မတီက "နိုဘယ်လ်ဆုကို တစ်ကြိမ်ကြေညာပြီးရင် ပြန်လည်ရုပ်သိမ်းတာ၊ ခွဲဝေတာ ဒါမှမဟုတ် တခြားသူထံ လွှဲပြောင်းပေးအပ်တာမျိုး လုပ်လို့မရပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ပြီး ထာဝရ တည်မြဲနေမှာပါ" ဟု ထုတ်ပြန်ခဲ့သည်။
မာချာဒိုက အမေရိကန်တော်လှန်ရေးစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော မားကွီး ဒီ လာဖာယက် (Marquis de Lafayette) က ဂျော့ချ်ဝါရှင်တန်၏ ရုပ်ပုံပါသော ဆုတံဆိပ်ကို ဗင်နီဇွဲလားနိုင်ငံကို တည်ထောင်သူတစ်ဦးဖြစ်သည့် ဆိုင်မွန် ဘိုလီဗာ (Simon Bolivar) ထံ ပေးအပ်ခဲ့ဖူးကြောင်း နှိုင်းယှဉ်ပြောဆိုခဲ့သည်။
"သမိုင်းတစ်လျှောက် နှစ်ပေါင်း ၂၀၀ အကြာမှာ ဘိုလီဗာရဲ့ ပြည်သူတွေဟာ ဝါရှင်တန်ရဲ့ အမွေဆက်ခံသူထံ ဆုတံဆိပ်တစ်ခု ပြန်လည်ပေးအပ်ခြင်း ဖြစ်ပါတယ်။ ဒီကိစ္စမှာတော့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုတံဆိပ်ဖြစ်ပြီး ကျွန်မတို့ရဲ့ လွတ်မြောက်ရေးအတွက် သူရဲ့ ထူးခြားတဲ့ ကတိကဝတ်ကို အသိအမှတ်ပြုတာပါ" ဟု သူမက ဆိုသည်။
မာချာဒိုသည် ဝါရှင်တန်သို့ ရောက်ရှိနေစဉ် လွှတ်တော်အမတ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် (Karoline Leavitt) က မာချာဒိုသည် "ဗင်နီဇွဲလား ပြည်သူများအတွက် ထူးခြားပြီး သတ္တိရှိသော အသံရှင်တစ်ဦး" ဖြစ်ကြောင်းနှင့် ထရန့်အနေဖြင့် ဗင်နီဇွဲလား၏ လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ထရမ့်သည် မာချာဒိုကို "လွတ်လပ်ရေး တိုက်ပွဲဝင်သူ" ဟု ဖော်ပြသော်လည်း သူမတွင် ပြည်တွင်းထောက်ခံမှု လုံလောက်စွာ မရှိဟုဆိုကာ မာဒူရိုကို ဖယ်ရှားပြီးနောက် သူမကို ဗင်နီဇွဲလား၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် ငြင်းဆန်ထားသည်။ ဇန်နဝါရီ ၃ ရက်တွင် မာဒူရိုကို ဖမ်းဆီးပြီးကတည်းက ထရန့်အစိုးရသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအောက်တွင် ရှိနေသည့် ဗင်နီဇွဲလား ရေနံကဏ္ဍကို အမြန်ဆုံး ပြန်လည်ပြုပြင်ရန် ကြိုးပမ်းနေပြီး၊ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးရှိသော ပထမဆုံး ဗင်နီဇွဲလား ရေနံရောင်းချမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

image

နာဂဒေသတည်ငြိမ်အေးချမ်းမှုရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်ရန် တစ်နှစ်ထက်တစ်နှစ်ပိုမိုဆောင်ရွက်ပေးလာနိုင်

နာဂဒေသသည် တည်ငြိမ်အေးချမ်းမှုရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်ထက်တစ်နှစ်ပိုမိုဆောင်ရွက်ပေးလာနိုင်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို၌ ဇန်နဝါရီ ၁၅ ရက်ကကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပြောကြားခဲ့ခြင်းဖြစ် သည်။
နာဂဒေသသည်တည်ငြိမ်အေးချမ်းသည့်ဒေသဖြစ်၍ ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် (၅) ဘီလီယံကို အရင်းအနှီးမတည်ပေးနိုင်ခဲ့ပြီး နာဂဒေသတည်ငြိမ်အေးချမ်းမှုရှိနေခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို တစ်နှစ်ထက်တစ်နှစ်ပိုမိုဆောင်ရွက်ပေးနိုင်သဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးရာ နာဂဒေသနေသူများက ယင်း တည်ငြိမ်အေးချမ်းမှုမပျက်ယွင်းအောင်ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည်ဟု ပြောသည်။
ထို့ပြင် အရှည် (၂,၆၂၈) ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ဆောက်လုပ်ပေးနိုင်ခဲ့သဖြင့် ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်တို့နှင့် နာဂဒေသတို့၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ကုန်စည်းစီးဆင်းမှုများပိုမိုမြန်ဆန်ကာ ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူပြုလာတော့မည်ဟု ပြောသည်။
ထို့အတူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် နာဂဒေသအတွက်ဆောင်ရွက်ပေးလျက်ရှိမှု၊ နာဂဒေသတွင် ရွေးကောက်ပွဲအပိုင်း (၁) အောင်မြင်စွာကျင်းပနိုင်ခဲ့၍ နောင်ဖြစ်ပေါ်လာမည့် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်မှုတို့ကိုလည်း ပြောကြားခဲ့သည်။

image

ထိုင်းတွင် မြန်မာလုပ်သားများ တင်ဆောင်လာသည့် ယာဉ် တိမ်းမှောက်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅ ဦးတင်ဆောင်လာသည့် ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ရာ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်စီရိရာချာမြို့ ပင်ထောင်စက်မှုဇုန်(၃)အနီးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့်ဘတ်စကားတစ်စီးမှာ တောင်ကုန်းဆင်းလမ်းတွင် ရပ်ထားသော နောက်တွဲယာဉ်နှင့် တိုက်မိမည့် အခြေအနေကို ရှောင်လွှဲရာမှ ကားမှာ လမ်းဘေးသို့ ထိုးကျကာတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခက်ခက်ခဲခဲအဆိုပါ ဘတ်စကား လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့သည့်နေရာသို့ ထိုင်းကယ်ဆယ် ရေးအဖွဲ့သွားရောက်ကူညီခဲ့ရာ ဘတ်စကားအတွင်း၌ အမျိုးသမီးတစ်ဦး ပိတ်မိနေ၍ ကယ်ဆယ်ရေးအ ဖွဲ့များကခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရကြောင်းသိရသည်။
ဘတ်စကား မှောက်ရာတွင်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်းများ ကနဦး ဆောင်ရွက်ခဲ့ပြီးနောက်
ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့်အများစုမှာ စက်ရုံများမှ ဝန်ထမ်းများဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

image

အကြောင်းပြချက်မပေးဘဲ လေးနာရီကျော်ကြာ ဝေဟင်ပိုင်နက်ပိတ်ထားမှု အီရန်ပြုလုပ်

အီရန်နိုင်ငံသည် ဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းတွင် မည်သည့်အကြောင်းပြချက်မျှပေးခြင်း မရှိဘဲအီရန်လေပိုင်နက်အတွင်း ခရီးသည်တင် လေယာဉ်များဝင်ရောက်ခွင့်ကိုနာရီအနည်းငယ်ကြာ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
အီရန်တစ်ပြည်လုံး အတိုင်းအတာအရ ဖြစ်ပွားနေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအားအကြမ်းဖက် နှိမ်နင်းနေမှုကြောင့်အီရန်အစိုးရနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုမြင့်တက်နေချိန်တွင် အီရန်နိုင်ငံက၎င်း၏ ဝေဟင်ပိုင်နက်ကို နာရီအနည်းငယ်ကြာ ပိတ်ခဲ့ခြင်းဖြစ်သည်။
အီရန်အစိုးရ၏ ဝေဟင်ပိုင်နက် ဝင်ရောက်ခွင့် ပိတ်ပင်မှုမှာ လေးနာရီကျော် ကြာမြင့်ခဲ့ရာ နိုင်ငံတကာ
ခရီးသည်တင်လေယာဉ်များ အနေဖြင့် အီရန်လေပိုင်နက်ကို ရှောင်ကွင်း၍ လမ်းကြောင်းပြောင်း ပျံသန်းမှုများပြုလုပ်ခဲ့ရသည်။
အီရန်နိုင်ငံသည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အစ္စရေးနိုင်ငံနှင့်၁၂ ရက်ကြာ လေကြောင်းစစ်ပွဲ
ဖြစ်ပွားခဲ့စဉ်ကလည်း လေပိုင်နက်ပိတ်ခဲ့ဖူးသည်။
အီရန်နိုင်ငံသည် ရှေးယခင်ကခရီးသည်တင်လေယာဉ်တစ်စင်းကိုရန်သူပစ်မှတ်အဖြစ် မှားယွင်းတိုက်
ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်။
အမေရိကန်ပြည်ထောင်စုနှင့်စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ်ကာလ ၂၀၂၀ ပြည့်နှစ်အတွင်း အီရန်လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းကို မြေပြင်မှဝေဟင်ပစ် ဒုံးကျည်နှစ်စင်းဖြင့် ပစ်ချခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ၁၇၆ ဦး သေဆုံးခဲ့ရသည်။
လေယာဉ်ပစ်ချမှုကို မူလကငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင်အီရန်အစိုးရက ဝန်ခံစကားပြော
ကြားခဲ့သည်။

image

အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ ထုတ်ပြန်

ယခုလအတွင်း အိမ်အရောက်ပို့စနစ်(Home Delivery) ဖြင့် ရောင်းချမည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ ဆန်ဈေးနှုန်း များ တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့်တင်ပို့ရောင်းချလျက်ရှိရာ ဇန်နဝါရီလအတွင်းဖော်ပြပါ ဆန်အမျိုးအစားများကို ပူးတွဲပါဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်သည်။
ယင်းသို့ ဆန်အမျိုးအစားအလိုက် ရောင်းမည့် ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းကျပ် ၁၈၂၀၀၀ (ဆန်ဟောင်း)၊ ရွှေဘိုပေါ်ဆန်းကျပ် ၁၅၅၀၀၀ (ဆန်သစ်)၊ ဧရာ၀တီပေါ်ဆန်း (ကြားပျံ)ကျပ် ၁၃၀၀၀၀ (ဆန်သစ်)၊ ဧရာ၀တီပေါ်ဆန်း(နယ်စုံ) ကျပ် ၁၁၂၀၀၀ (ဆန်သစ်)၊ ရက် (၉၀)ကျပ် ၇၅၀၀၀၊ ဧည့်မထ (၁၅ မှတ်) ကျပ် ၅၂၀၀၀တို့ဖြစ်ကြောင်း၊ ဆန်အိတ်အနေဖြင့် ၁၀၈ ပေါင်၂၄ပြည်တစ်အိ်ဖြစ်ကြောင်း သိရသည်။
စားသုံးသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆ တို့သို့ ဆက်သွယ်၍ မှာယူလိုသည့် ဆန်အမျိုးအစား၊နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကိုတိကျစွာဖြင့် SMS or Viber Message ပေးပို့ မှာယူရန် ဖြစ်ကြောင်း၊ အဆိုပါ ဖုန်းနံပါတ်များမှ အသင်းချုပ်သို့ ငွေကြိုတင်ပေးသွင်းရမည့် KBZ Pay နံပါတ်ကို စားသုံးသူ၊ ဝယ်ယူသူထံသို့ ချက်ချင်းပြန်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဖုန်းများမှ ပြန်ကြားပြောဆို သည့် KBZ Pay Account နံပါတ်များသို့သာငွေပေးသွင်းရန်ဖြစ်ကြောင်း၊ ငွေပေးသွင်းပြီးစီးမှုကို Viber ဖြင့် အတည်ပြု ပေးပို့ရန်ဖြစ်ကြောင်း သိရသည်။
ငွေပေးသွင်းသည့်နေ့မှစ၍ ရုံးဖွင့်ရက်သုံးရက်အတွင်း လိပ်စာ ဖော်ပြပါအတိုင်း ဆန်များကို delivery အခမဲ့ဖြင့် အရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပို့ဆောင်မည့်နေ့ရက်နှင့် အချိန်အား ကြိုတင်ဆက်သွယ် ပြန်ကြားပေးမည်ဖြစ်ပြီးအထပ်မြင့်သို့ ပို့ရလျှင်ထိုက်သင့်သည့် ဝန်ဆောင်ခထပ်မံ ပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာချက် ထုတ်ပြန်ထားကြောင်းသိရသည်။

image

တိုကျိုရှိ တိုက်ခန်းတစ်ခု၌ တရားရုံးအရာရှိနှစ်ဦး ဓားထိုးခံရ
---------------------

တိုကျိုမြို့၊ ဆူဂီနာမီ ရပ်ကွက်ရှိ တိုက်တစ်ခုရဲ့ဒုတိယထပ်တိုက်ခန်းတစ်ခုမှာ နေထိုင်သူ အမျိုးသားတစ်ယောက် ဟာ ဇန်နဝါရီ ၁၅ ရက် မနက် ၁၀ နာရီလောက်က တရားရုံးအရာရှိနှစ်ယောက်ကို ဓားနဲ့ထိုးခဲ့ကြောင်း Yomiuri သတင်းမှာ ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးရေး သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဓားထိုးခံရသူနှစ်ယောက်အနက် တစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး မေ့မြောနေတယ်လို့ ဖော်ပြထားပါတယ်။ ဓားနဲ့ထိုးတဲ့သူကို အခန်းကနေထွက်ခွာဖို့ အရာရှိ နှစ်ယောက်က အတင်းအကျပ်နှင်ထုတ်ဖို့ လာရောက်စဉ် အခုလို ဓားနဲ့ထိုးခံရတာ ဖြစ်ပါတယ်။ ဓားနဲ့ထိုးတဲ့သူကို လူသတ်ဖို့ကြံစည်မှုနဲ့ အခင်းဖြစ်နေရာမှာပင် အနီးအနားက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။
အဲဒီအမျိုးသားက ပစ္စည်းတစ်ခုကို ဓာတ်ဆီပက်ဖျန်းပြီး မီးရှို့ခဲ့တဲ့အတွက် အခန်းနံရံနဲ့ ကြမ်းပြင်တွေမှာ မီးလောင်သွားခဲ့ပါတယ်။ တိုကျိုမက်ထရိုပိုလီတန်တပ်ဖွဲ့လက်အောက်ရှိ တာကိုင်ဒိုရဲစခန်းက အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

image

ဒုက္ခသည်ကျောင်းသားများအတွက် ကိုရီးယား လမ်းသစ်ဖွင့်ပေး
----------------------

ဒုက္ခသည်ကျောင်းသားတွေအတွက် ပညာရေးလမ်းကြောင်းအသစ်တစ်ရပ်ကို နိုင်ငံတော်က ထောက်ပံ့တဲ့ ပညာသင်ဆုအစီအစဉ်မှာ ပေါင်းစပ်ပြီး ကိုရီးယားနိုင်ငံက လမ်းကြောင်းသစ်တစ်ခုကို ဖွင့်ပေးလိုက်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာအေဂျင်စီနဲ့ ပညာရေးအာဏာပိုင်တွေက ပြောကြောင်း The Korea Times သတင်းမှာ ဖော်ပြပါတယ်။
ကိုရီးယားရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအထူးကိုယ်စားလှယ်(UNHCR)ရုံး၊ ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီး ဌာနနဲ့ တရားရေးဝန်ကြီးဌာနတို့က ကိုရီးယားနိုင်ငံမှာ အထက်တန်းပညာရေးကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင် ရေးအတွက် ဒုက္ခသည်ကျောင်းသားတွေကို ထောက်ပံ့မှု တိုးမြှင့်ပေးရေး သုံးပွင့်ဆိုင်နာလည်မှုစာချွန်လွှာ(MoU) ကို ဇန်နဝါရီ ၁၅ ရက်မှာ ရေးထိုးကြပါတယ်။
သဘောတူညီချက်အရ အစိုးရရဲ့ Global Korea Scholarship ပညာသင်ဆုအစီအစဉ်ထဲမှာ အသစ်တည်ထောင် လိုက်တဲ့ ဒုက္ခသည်လမ်းကြောင်းကတစ်ဆင့် အပြည်ပြည်ဆိုင်ရာကျောင်းသားတွေအတွက် နှစ်စဉ် ဒုက္ခသည် ကျောင်းသား ၅ ယောက်အထိ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

image

ရင်ဆိုင်ရမည့် ဖိအားများအတွက် ပြင်ဆင်ထားဟု မက်ဒီဆင်ကီးစ်ပြော
--------------------------

လာမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ရမယ့်သူတစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့် ဖိအားတွေကို ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန်တင်းနစ်မယ် မက်ဒီဆင်ကီးစ်က ပြောပါတယ်။ အသက် ၃၀ အရွယ် မက်ဒီဆင်ကီးစ်ဟာ နှစ်ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ပထမဆုံး ဂရင်းစလမ်ချန်ပီယံဆုကို ပြီးခဲ့တဲ့နှစ် ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲမှာ ဆာဘာလန်ကာကို အနိုင်ယူပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာ သူမရဲ့ ဦးစားပေးအလုပ်က ဩစတြေးလျအိုးပင်းအတွက် ကွင်းအတွင်းကို ဝင်ရောက်ချိန်မှာ တည် တည်ငြိမ်ငြိမ်ဖြစ်နေစေဖို့ကြိုးစားရမှာဖြစ်တယ်လို့ မက်ဒီဆင်ကီးစ်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ မက်ဒီ ဆင်ကီးစ် ဟာ ဩစတြေးလျအိုးပင်းချန်ပီယံဆုရပြီးနောက်ပိုင်း လက်စွမ်းတည်ငြိမ်မှု ပျောက်ဆုံးခဲ့သလို ပြင်သစ် အိုးပင်းမှာ ကွာတားဖိုင်နယ်၊ ဝင်ဘယ်ဒန်မှာ တတိယအဆင့်အထိသာ ရောက်ခဲ့ပြီး ယူအက်စ်အိုးပင်းမှာ ပထမ အဆင့် ကနေထွက်ခဲ့ရတာဖြစ်ပါတယ်။
အခုနှစ်မှာတော့ မက်ဒီဆင်ကီးစ်က ပြိုင်ပွဲတိုင်းမှာ တည်ငြိမ်တဲ့ လက်စွမ်းကို ပြသနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး ဩစတြေးလျအိုးပင်း ချန်ပီယံဆုကို ဆက်ထိန်းဖို့က ပထမဆုံး လုပ်ရမယ့် အရာဖြစ်တယ်လို့ ပြောထားပါတယ်။ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ ၁၈ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

image