ဂီတာဖေးရှုံးပွဲတွင် ကစားသမား ၃ ဦး ပွဲပယ်ခံရတဲ့ ပြဿနာကြုံလာရတဲ့ ရီးရဲလ်မက်ဒရစ်
=====================
ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါဖလား မျှော်လင့်ချက်မှာ ဂီတာဖေးအား ရှုံးနိမ့်သွားပြီးနောက် ခက်ခဲလာခဲ့ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တနင်္လာနေ့ညတုန်းက ဂီတာဖေးအား ရှုံးနိမ့်ပြီးနောက် ရာသီသိမ်းရန် ၁၂ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၄ မှတ်ကွာဟလာခဲ့ပါတယ်။
ဒါ့အပြင် ယင်းပွဲတွင် ဖရန်ကိုမာစတန်တူအိုနို အနီကတ်ပြသခြင်းခံခဲ့ရတဲ့အပြင် ဒိန်းဟူဆင်၊ အယ်ဗာရိုကာရီရက်စ်တို့မှာလည်း အဝါကတ်ပြသခြင်းခံလာရမှုနှင့်အတူ ဆဲလ်တာဗီဂိုအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့်ပွဲအား ပွဲပယ်ခံလာရပါတယ်။
မာစတန်တူအိုနိုမှာ ပွဲပြီးခါနီးတွင် ဒိုင်လူကြီးအား ကြမ်းတမ်းတဲ့ အသုံးအနှုန်းဖြင့် စောဒကတက်မှုကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် ဒိုင်လူကြီးရဲ့ ပွဲပြီးမှတ်တမ်းတွင် မာစတန်တူအိုနိုမှာ အထုတ်ခံရပြီး အဝတ်အစားလဲခန်းသို့ သွားရာ လမ်းတွင် စတုတ္ထဒိုင်လူကြီးကိုလည်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းဖြင့် ပြောဆိုခဲ့မှုကြောင်း ထည့်သွင်းရေးသားလာမှုနှင့်အတူ ပွဲပယ်ပြစ်ဒဏ် တိုးမြှင့်ချမှတ်ခြင်းခံလာရဖို့ ရှိနေပါတယ်။
ယင်းပွဲတွင် ဒိန်းဟူဆင်နှင့် ကာရီရက်စ်တို့မှာလည်း ယခုရာသီ ၅ ကြိမ်မြောက် အဝါကတ်ပြသခြင်းခံလာရမှုနှင့်အတူ ၁ ပွဲပယ်ပြစ်ဒဏ် အလိုအလျှောက် ကျခံလာရပါမယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာဟာ ယခုအပတ် ဆဲလ်တာဗီဂိုနှင့် ကစားရမယ့် ပွဲစဉ်အား ကစားသမား ၃ ဦး ပွဲပယ်ခံလာရမှုနှင့်အတူ ကစားသမားရွေးချယ်ရေးအတွက် ခေါင်းခဲစရာ ကြုံလာရပြီ ဖြစ်ပါတယ်။