Campeonato Carioca ဗိုလ်လုပွဲသို့ တက်နိုင်အောင် ၈-၀ ဂိုးဖြင့် စံချိန်တင် နိုင်ပွဲရရှိယူပေးပြီးနောက် ချဲလ်ဆီးစတားဟောင်းလူးဝစ်ကို ဘရာဇီးကလပ် ဖလာမင်ဂို ထုတ်ပယ်
==================
ချဲလ်ဆီးနောက်ခံလူဟောင်းဖီးလစ်ပီလူးဝစ်ဟာ ပြီးခဲ့တဲ့အပတ်အကုန် Campeonato Carioca ဗိုလ်လုပွဲသို့ တက်ရောက်နိုင်အောင် ၈-၀ ဂိုးဖြင့် ကလပ်စံချိန်တင်နိုင်ပွဲ ရရှိပြီး နာရီအနည်းငယ်အကြာတွင် ဖလာမင်ဂိုနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံလာရပါတယ်။
အသက် ၄၀ နှစ်ရှိ လူးဝစ်ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဘရာဇီးနည်းပြတီတီနေရာတွင် အစားထိုး တာဝန်ယူပြီးနောက် ပွဲ ၁၀၀ ကိုင်တွယ်ခဲ့ပြီး ဆုဖလား ၇ လုံး ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့ရာ ၁၄ ပွဲတိုင်း ဖလား ၁ လုံး ရအောင် စွမ်းဆောင်နိုင်တဲ့ မှတ်တမ်း ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဖလာမင်ဂိုဟာ ၂၀၂၆ ခုနှစ်တွင် Supercopa do Brasil နှင့် Recopa Sudamericana ဖလားဗိုလ်လုပွဲတို့တွင် ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ တနင်္လာနေ့ညတုန်းက Madureira ကို ၈-၀ ဂိုးဖြင့် အနိုင်ရမှုအပါအဝင် နှစ်ကျော့ပေါင်းရလဒ် ၁၁-၀ ဖြင့် အနိုင်ရကာ Carioca ဖလား သုံးကြိမ်ဆက် ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။
ဖလာမင်ဂိုဟာ တနင်္ဂနွေနေ့တွင် ဗိုလ်လုပွဲအဖြစ် ဖလူးမီးနက်စ်နှင့် ရင်ဆိုင်ကစားရပါမယ်။
လူးဝစ်ဟာ ၂၀၁၅ ခုနှစ်တုန်းက မော်ရင်ဟိုလက်အောက်တွင် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။
သူဟာ ဖလာမင်ဂိုအား ၂၀၂၅ ခုနှစ်တုန်းက Copa Libertadores ဆွတ်ခူးနိုင်အောင် ဦးဆောင်ကာ ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ဒီဖလားကို ဆွတ်ခူးနိုင်တဲ့ နဝမမြောက်ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
သူဟာ ဖလာမင်ဂိုယူ-၁၇ နှင့် ယူ-၂၀ တို့ကိုလည်း ဆုဖလားများ ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သလို စီနီယာအသင်းနှင့်အတူ Serie A၊ Copa do Brasil၊ Supercopa do Brasil ၊Campeonato Carioca ၊ Fifa Challenger Cup နှင့် Fifa Derby of the Americas တို့ ဆွတ်ခူးခဲ့ပါတယ်။
ဖလာမင်ဂိုဟာ ယခုရာသီ ဘရာဇီးစီးရီးအေ ပထမဆုံး ၃ ပွဲတွင် ၁ ပွဲနိုင်၊ ၁ပွဲ သရေ၊ ၁ ပွဲရှုံးဖြင့် အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။