လာမယ့်ရာသီအတွက် ပြင်ဆင်နေပြီ ဖြစ်တဲ့ ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်
=================
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရန် အခြေအနေကောင်းလာမှုနှင့်အတူ ရေရှည်စီမံကိန်းရေးဆွဲနေပြီ ဖြစ်ပါတယ်။

မိုက်ကယ်ကာရစ်ဟာ လွန်ခဲ့တဲ့ ရ ပတ်တုန်းက ယူနိုက်တက်ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် ၇ ပွဲကိုင်တွယ်ရာတွင် ၆ ပွဲနိုင်၊ ၁ ပွဲသရေမှတ်တမ်း ရယူထားနိုင်ပါတယ်။

ယူနိုက်တက်ဟာ ကာရစ်လက်ထက် ရလဒ်ကောင်းများ ရယူနိုင်မှုနှင့်အတူ ၂၀၂၃ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာတွင် ရပ်တည်လာနိုင်ခဲ့ပါတယ်။

ယင်းသို့ ရလဒ်ကောင်း ရယူလာနိုင်မှုနှင့်အတူ မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရေး အခြေအနေကောင်းမွန်လာပါတယ်။

ကာရစ်ရဲ့ အေးဂျင့်ဂျိုတွန်ဂူးဟာ တနင်္ဂနွေနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရတဲ့ပွဲစဉ်တွင် အိုးထရက်ဖို့ဒ်ရှိ ဒါရိုက်တာဘောက်စ်မှ လာရောက် ကြည့်ရှုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယနေ့ ဗုဒ္ဓဟူးနေ့တွင် စိန့်ဂျိမ်းပါ့ခ်သို့ သွားရောက်ကာ နယူးကာဆယ်ကို ရင်ဆိုင်ရပါမယ်။ ယူနိုက်တက်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက နယူးကာဆယ်ကို စိန့်ဂျိမ်းပါ့ခ်မှာ အနိုင်မရလာခဲ့တာလည်း ဖြစ်ပါတယ်။

တကယ်လို့များ နိုင်ပွဲ ရရှိလာပါက မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရေး ပိုမို အခြေအနေကောင်းမွန်လာမှာလည်း ဖြစ်ပါတယ်။

ရလဒ်ကောင်း ရယူနိုင်မှုနှင့်အတူ ယူနိုက်တက်နည်းပြအဖြစ် လာမယ့်ရာသီတွင် ဆက်ရှိနေရန် အခြေအနေကောင်းနေပြီလားလို့ မေးမြန်းလာချိန်တွင် ကာရစ်က "ဒါက အပတ်တိုင်း ဖြစ်နေမှာ မဟုတ်ဘူးလား။ ဒီအခြေအနေက လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။ အရိုးသားဆုံး ပြောရရင် ဒါနဲ့ပတ်သက်ပြီး အများကြီး ပြောနိုင်ပါတယ်။ ဒီမှာ ရှိနေရတာ သဘောကျပါတယ်။ အခု လုပ်နေရတာကို သဘောကျတယ်။ ဒါကို အစကတည်းက ပြောထားခဲ့တာပါ။ ကာလတို သို့မဟုတ် ယာယီအဆင်ပြေဖို့အတွက် ဘာဆုံးဖြတ်ချက်မှ မချပါဘူး။ တာဝန်ယူမှုတစ်ခုပါ။ ဒီမှာ ကျွန်တော် ဘယ်လောက်ပဲ ရှိနေပါစေ ဆုံးဖြတ်ချက်တိုင်းက ကလပ်အတွက် ရေရှည်ကောင်းမွန်ရေးအတွက်ပဲ ဆုံးဖြတ်ပါတယ်။ နိုင်ပွဲ ရရှိတာက အကူအညီဖြစ်နေသလို ကောင်လေးတွေကလည်း အကောင်းဆုံး လုပ်နေကြတယ်။ အဆုံးသတ်မှာ ဘာဖြစ်လာမလဲ ကြည့်ရမယ်"လို့ ပြောကြားသွားပါတယ်။

image