မြန်မာ့ပြည်ပထွက်ခွာသူများ၏ ပညာအရည်အချင်း လေ့လာဆန်းစစ်ချက်- အထက်တန်းနှင့် တက္ကသိုလ်အဆင့် ရွှေ့ပြောင်းလုပ်သား ပိုမိုများပြားလာ
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်းစာရင်းနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းတို့မှ ရရှိသော အချက်အလက်များအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာသွားသူများ၏ ပညာအရည်အချင်း အဆင့်အတန်းသည် ငါးနှစ်တာကာလအတွင်း အသိသာဆုံး ပြောင်းလဲမှုများ ရှိခဲ့ပြီး အထက်တန်းနှင့် တက္ကသိုလ်/ဘွဲ့ရ အဆင့်ရှိသည့် လူငယ်များ ပြည်ပသို့ ထွက်ခွာမှု ပိုမိုမြင့်မားလာကြောင်း တွေ့ရှိရသည်။
ဇယားပါ ကိန်းဂဏန်းများအရ စုစုပေါင်း ပြည်ပထွက်ခွာသူ ဦးရေသည် ၂၀၁၉ ခုနှစ်တွင် ၁,၆၃၀,၆၄၉ ဦး ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁,၁၂၂,၀၄၁ ဦးအဖြစ် ပြသထားသော်လည်း ထွက်ခွာသူများ၏ ပညာအရည်အချင်း အချိုးအစား (Percentage) တွင်မူ သိသာသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည် -
အထက်တန်းအဆင့်ထွက်ခွာမှု မြင့်တက်လာခြင်း
၂၀၁၉ ခုနှစ်တွင် ပြည်ပထွက်ခွာသူများ၏ ၁၅.၀ ရာခိုင်နှုန်းသာ အထက်တန်းအဆင့် ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ၂၂.၀ ရာခိုင်နှုန်းအထိ ၇ ရာခိုင်နှုန်းခန့် သိသာစွာ မြင့်တက်လာသည်။
တက္ကသိုလ်/ကောလိပ်နှင့် ဘွဲ့ရအဆင့် ပိုမိုများပြားလာခြင်း
တက္ကသိုလ်/ကောလိပ် ရောက်ရှိခဲ့သူ အချိုးအစားသည် ၂၀၁၉ ခုနှစ်၌ ၂.၀ ရာခိုင်နှုန်းမှ ၂၀၂၄ခုနှစ်၌ ၄.၀ ရာခိုင်နှုန်းသို့ ၂ ဆ တိုးတက်လာခဲ့သလို၊ ဘွဲ့ရနှင့် ဘွဲ့လွန်ဒီပလိုမာ ရရှိထားသူများ ထွက်ခွာမှုသည်လည်း ၂၀၁၉ ခုနှစ်၌ ၆.၀ ရာခိုင်နှုန်းမှ၂၀၂၄ ခုနှစ်၌ ၆.၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
မူလတန်းနှင့် အလယ်တန်းအဆင့် လျော့ကျသွားခြင်း
မူလတန်းအဆင့်သာ တက်ရောက်ဖူးသူများ ထွက်ခွာမှုသည် ၂၀၁၉ ခုနှစ်၌ ၃၄.၀ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်၌ ၃၂.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ အလယ်တန်းအဆင့်သည် ၃၂.၀ ရာခိုင်နှုန်းမှ ၃၀.၀ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး လျော့နည်းသွားခဲ့သည်။
အတန်းမရှိသူများ လျော့ကျခြင်း
အတန်းပညာ လုံးဝမရှိဘဲ ပြည်ပသို့ ထွက်ခွာသည့် အချိုးအစားမှာ ၂၀၁၉ ခုနှစ်တွင် ၈.၀ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၂၄ခုနှစ်၌ ၄.၉ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။
အနှစ်ချုပ်ရသော်
၁။ Brain Drain (ဦးနှောက်ယိုစီးမှု) နှင့် ကျွမ်းကျင်လုပ်သား (Skilled Labor) ပိုမိုထွက်ခွါသွားခြင်း
ယခင်က ပြည်ပထွက်ခွာသူ အများစုသည် မူလတန်းနှင့် အလယ်တန်းအဆင့် အခြေခံလုပ်သားများ (Unskilled Labor) သာ အများအပြားဖြစ်ခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ်တွင် အထက်တန်း၊ တက္ကသိုလ်နှင့် ဘွဲ့ရအဆင့် ပညာတတ်လူငယ်များ၏ ထွက်ခွာမှု အချိုးအစား သိသာစွာ မြင့်တက်လာခြင်းသည် ပြည်တွင်း လုပ်သားဈေးကွက်အတွက် ကျွမ်းကျင်လုပ်သားနှင့် ဦးနှောက်ယိုစီးမှု (Brain Drain) စိန်ခေါ်မှုကို ပိုမိုကြီးမားလာစေသည်။
၂။ အမျိုးသမီး ပညာတတ်များ ပိုမိုထွက်ခွါသွားခြင်း
ဘွဲ့ရ/ဘွဲ့လွန်ဒီပလိုမာ ရရှိထားသူများတွင် အမျိုးသမီး ထွက်ခွာသူ အချိုးအစားသည် ၂၀၁၉ခုနှစ်၌ ၆.၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၈.၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တက္ကသိုလ်/ကောလိပ်အဆင့်တွင်လည်း ၂၀၁၉ ခုနှစ်၌ ၁.၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် ၅.၀ ရာခိုင်နှုန်းအထိ ရှိလာသဖြင့် ပညာတတ် အမျိုးသမီး လူငယ်များ ပြည်ပ လုပ်သားဈေးကွက်နှင့် ပညာရေးဆီသို့ ပိုမိုဦးတည် ရွှေ့ပြောင်းလာလျက်ရှိနေသည်ကို တွေ့ရသည်။