USDP ပါတီဝင်များ၏ သားသမီးများကို တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပါတီဝင်များ၏ သားသမီးများအတွက် တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၂,၇၈၀ ဦးကို ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၈၇ ဦးကိုလည်း ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်အမှာစကားပြောကြားခဲ့ရာ လူငယ်များအနေဖြင့် ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ခေတ်မီနည်းပညာများ တိုးတက်ပြောင်းလဲလာမှုနှင့်အညီ နည်းပညာခေတ်ကို အမီလိုက်နိုင်ရန်နှင့် လူသားအကျိုးပြု အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရန် ကြိုးစားကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ကြိုးပမ်းပြီး အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံတော်၏ ကျေးဇူးကို သိတတ်ကာ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်သူများ ဖြစ်လာစေရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၅၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၈၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၃၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၇၀ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၈၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁,၉၄၂ ဦးတို့ကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းအဆင့် ၈၁ ဦး၊ အလယ်တန်းအဆင့် ၅၈ ဦး၊ အထက်တန်းအဆင့် ၂၇ ဦးနှင့် တက္ကသိုလ်အဆင့် ၂၁ ဦးတို့ကို ပညာသင်ထောက်ပံ့ကြေးများနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

image