လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်တွင် VIP နားနေဆောင်၊ ယာဉ်ရပ်နားရန်နေရာနှင့် အခြေခံအဆောက်အအုံများ အပါအဝင် လေဆိပ်အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင်များက အောက်တိုဘာ ၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အလျား ၆၈ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၅ ပေရှိ RC တစ်ထပ် VIP နားနေဆောင် တည်ဆောက်ခြင်းအပြင် ရေစင်၊ ရေစုကန်၊ မိလ္လာကန်၊ ယာဉ်ရပ်နားရန်နေရာ၊ အတွင်းအုတ်ခြံစည်းရိုးနှင့် ကွန်ကရစ်လမ်း တည်ဆောက်ခြင်း၊ မြေယာအလှပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် သီရိမင်္ဂလာဈေးသစ် (တတိယပိုင်း) ရှိ Steel Structure တစ်ထပ်ဈေးရုံ ၁၄ ရုံနှင့် နှစ်ထပ်ဈေးရုံ ၄ ရုံ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးမှု စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မီးဘေးလုံခြုံရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

image

မလေးရှားမှ ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ရန်ကုန်သို့ ရောက်ရှိ

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများမှ စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့သို့ ဘေးကင်းစွာ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံမှ တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကာ အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ အမှတ် (၃) သီလဝါဆိပ်ခံတံတားသို့ ဆိုက်ကပ်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သီလဝါဆိပ်ခံတံတားသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး ၎င်းတို့၏ မိခင်နေရပ်အသီးသီးသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် ဆက်လက်ပို့ဆောင်ရေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

18+ Movie၊ Website နှင့် Game Link များဖြင့် ငွေကြေးလိမ်လည်မှုများရှိလာ၍ သတိထားရန် KBZPay သတိပေး

ငွေကြေးလိမ်လည်သူများသည် နည်းပညာကို အသုံးချကာ လိမ်လည်သည့် နည်းလမ်းအသစ်များကို အသုံးပြုလာပြီး 18+ Movie၊ Website နှင့် Game Link များအပါအဝင် အရင်းအမြစ်မသိရသည့် Link များဖြင့် ဆွဲဆောင်ကာ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းမှုများရှိလာသဖြင့် သုံးစွဲသူများ သတိပြုရှောင်ရှားကြရန် KBZPay က အသိပေးထားသည်။

KBZPay ၏ လေ့လာတွေ့ရှိချက်များအရ မသမာသူများသည် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှုနှင့် အရွယ်ရောက်သူများ၏ အလိုဆန္ဒတို့ကို အသုံးချကာ လိမ်လည်ရန် ကြိုးပမ်းလာကြောင်း သိရသည်။

ယင်းသို့ လိမ်လည်ရာတွင် အမျိုးသားများကို မိန်းကလေးပုံများအသုံးပြု၍ ဟန်ဆောင်ဆက်သွယ်ခြင်း၊ အမျိုးသမီးများကို ယောကျ်ားလေးပုံများအသုံးပြု၍ ဟန်ဆောင်ဆက်သွယ်ခြင်းတို့ ပြုလုပ်ကာ 18+ Movie နှင့် Website များ ကြည့်ရှုရန် ဖိတ်ခေါ်ခြင်း၊ 18+ Character များပါဝင်သည့် Game များ ဆော့ကစားရန် Download Link များ ပေးပို့ခြင်းတို့ဖြင့် ဆွဲဆောင်လိမ်လည်ရန် ကြိုးပမ်းကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် VPN အသုံးပြုမှုများရှိနေခြင်းကို အသုံးချ၍ Proxy Software ပုံစံကဲ့သို့ အတုအပပြုလုပ်ကာ Download ပြုလုပ်ရန်အတွက် အရင်းအမြစ်မသိရသည့် Fake Link များ ပေးပို့ခြင်းဖြင့်လည်း လိမ်လည်ရန် ကြိုးပမ်းလာကြောင်း KBZPay က သတိပေးထားသည်။

အဆိုပါ Link များကို ဝင်ရောက်မိပါက AnyDesk App များကဲ့သို့ မသမာသူများ ပေးပို့ထားသည့် Link အတွင်း ဝင်ရောက်ပြီး ဖုန်း၏ Setting Permission ပေးခြင်း၊ Verification Code ထပ်မံရယူခြင်းတို့ ပြုလုပ်ရန်မလိုဘဲ Link အတွင်း ဝင်ရောက်ပြီးသည်နှင့် ဖုန်းကို အပြည့်အဝ ထိန်းချုပ်ခံရနိုင်ကြောင်း အသိပေးထားသည်။

ယင်းသို့ ထိန်းချုပ်ခံရပါက မိုဘိုင်းဖုန်းတွင် အသုံးပြုသည့် အချက်အလက်များကို မသမာသူများက သိရှိနိုင်ပြီး Mobile Wallet နှင့် Mobile Banking အကောင့်များအတွင်းရှိ ငွေကြေးများကိုလည်း အချိန်မရွေး ရယူသွားနိုင်သည့် အန္တရာယ်ရှိကြောင်း သိရသည်။

ထို့ကြောင့် မရင်းနှီးသည့် Link များကို လုံးဝဝင်ရောက်ခြင်းမပြုရန်၊ လူမှုကွန်ရက်များပေါ်ရှိ လိင်ပိုင်းဆိုင်ရာအသားပေး ဆွဲဆောင်ထားသည့် တရားမဝင် Website၊ Movie Site၊ Game၊ Download Link၊ VPN Link နှင့် App Download Link များကို အလွယ်တကူ ဝင်ရောက်ခြင်းနှင့် Download ပြုလုပ်ခြင်းများ မပြုရန် KBZPay က တိုက်တွန်းထားသည်။

Application များ Download ပြုလုပ်လိုပါကလည်း တရားဝင် App Store များမှသာ ရယူအသုံးပြုရန် KBZPay က အသိပေးထားသည်။

image

မလေးရှားမှ ပြန်လည်ရောက်ရှိလာသည့် ပဲခူးတိုင်းမှ နေရပ်ပြန် ၁၀၂ ဦး မိသားစုများထံ စနစ်တကျ လွှဲပြောင်း

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နေ ရပ်ပြန်ပြည်သူ ၁၀၂ ဦးကို ယနေ့ အောက် တိုဘာ ၄ ရက်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ တာဝန်ရှိသူများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် မိသား စုဝင်များထံ စနစ်တကျ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံက သိရသည်။

မလေးရှားနိုင်ငံတွင် အခက်အခဲမျိုးစုံ ရင် ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံသားများသည် တပ်မတော် စစ်ရေယာဉ်ဖြင့် အမိမြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပဲခူး တိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်ပြည်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန် ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက မော်တော် ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုနေရပ်ပြန်ပြည်သူများအနက် ပဲခူး တိုင်းဒေသကြီးရှိ ခရိုင် ၆ ခုမှ အမျိုးသား ၉၂ ဦးနှင့် အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၀၂ ဦး ပါဝင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ထို့နောက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများမှတစ်ဆင့် နေရပ်ပြန်ပြည်သူများကို မိသားစုဝင်များထံ စနစ် တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ မိသားစုဝင်များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

image

လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့် အောက်တိုဘာ ၅ ရက်မှ စတင် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်

ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်များ မြင့်တက်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုမြင့်မားလာသည့်အတွက် အလှည့်ကျစနစ်ဖြင့် ဝန်အားထိန်းညှိ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် မုတ်သုံလေ ဆုတ်ခွာပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာခြင်း၊ ပြင်းထန်သည့် အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန်သိသာစွာ မြင့်တက်လာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပိုမိုမြင့်မားလျက်ရှိသည်။

ထို့ကြောင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင်တမံများတွင် ရေခန်းခြောက်မှု မရှိစေရန်အတွက် ထိန်းညှိထုတ်လုပ်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ဆိုလာနှင့် ရေအားလျှပ်စစ် စီမံကိန်းအသစ်များ လုပ်ဆောင်ခြင်း၊ ပျက်စီးနေသည့် ဓာတ်အားပေးစနစ်များ ပြန်လည်ပြင်ဆင်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားစနစ် ပြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်နိုင်သဖြင့် ဝန်အားထိန်းညှိခြင်းကို အနည်းဆုံးပမာဏဖြင့် မလွှဲမရှောင်သာ ဆောင်ရွက်ရခြင်းဖြစ်သည်။

အဆိုပါ အလှည့်ကျစနစ်ဖြင့် ဓာတ်အားထိန်းညှိ ဖြန့်ဖြူးသည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

image

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန် မာနိုင်ငံသားများကို နိုင်ငံတော်အစိုးရကပြန်လည်ခေါ်ဆောင်ပေးနေ

ယနေ့တွင်လည်း မလေးရှားနိုင်ငံတွင်အခက်အခဲကြုံ တွေ့နေသည့် မြန်မာနိုင်ငံသား(၁,၄၇၆)ဦးပြန်လည်ရောက်ရှိလာ

နိုင်ငံတော်အစိုးရက ပြည်ပနိုင်ငံများတွင်အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား လူသာချင်းစာနာထောက် ထားမှုအရ ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန် လည်ခေါ်ဆောင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁,၉၀၅)ဦးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တပ်မတော်လေ ယာဉ်၊ စင်းလုံးငှားလေယာဉ်များဖြင့်၊ အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေ လုပ်သား(၂၆)ဦးအား ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် MAI လေကြောင်းလိုင်းဖြင့်ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁,၀၈၆)ဦးကိုလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် တပ်မတော်ရေယာဉ်များ၊ မြန်မာနိုင်ငံသား (၈,၀၄၁)ဦးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ လေယာဉ်များဖြင့်လည်းကောင်း အသီးသီးပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၄ ရက်နံနက်ပိုင်းတွင်လည်း အ မှတ်(၃)ဆိပ်ခံတံတား(သီလဝါ)သို့ မလေးရှားနိုင်ငံမှခေါ်ဆောင်ရန်ကျန်ရှိနေသည့် မြန်မာနိုင်ငံသား(၁,၄၇၆) ဦးက်ုတင်ဆောင်လာသည့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ တိုင်းအစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များကကြိုဆိုခဲ့ကြပြီး အစားအစာများကျွေးမွေး၍ ခေတ္တနားခိုရန် အသင့်စီစဉ်ထားသောစုရပ်နေရာများသို့ ပို့ဆောင်ပေးခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံရေးဆောင်ရွက်ကာ တိုင်း/ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စားလှယ်များထံစနစ်တကျလွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ တာဝန်ရှိသူများကလည်း တိုင်း/ပြည်နယ်များ အလိုက် UID Card များဆောင်ရွက်ပေးလျက်ရှိကာ နေ ရပ်ဝေးကွာသူများအား နေရပ်အသီးသီးသို့ပြန်နိုင်ရန် လိုအပ်သည်များကိုဆက်လက်ကူညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာစဥ် လမ်းခရီး၌ စစ်ရေယာဉ်မှတာဝန်ရှိသူများက မြန်မာနိုင်ငံသားများအား နွေးထွေးစွာကြိုဆိုလက်ခံပြီး စစ်ရေယာဉ်များပေါ်တွင် စနစ်တကျနေရာချထားပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ နေ့စဉ်စားသောက်ဖွယ်ရာများချက်ပြုတ်ကျွေးမွေးခြင်း ၊ စိတ်အပန်းဖြေစေရန် ကြိုက်နှစ်သက်ရာ Game များကစားခြင်းနှင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားများပြသခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးစုပေါင်းလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ လိုအပ်သည့် အဝတ်အထည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းတို့ကိုပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

image

UEFA Nations League (၃)ပွဲဆက်ဂိုးသွင်းခဲ့ပြီး စပိန်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ပြနေတဲ့ ကြယ်ပွင့်တောင်ပံကစားသမား ယမားလ်

စပိန်ကြယ်ပွင့်တောင်ပံတိုက်စစ်ကစားသမား ယမားလ်ဟာ UEFA Nations League ပြိုင်ပွဲအဖြစ် မနေ့ညကကစားခဲ့တဲ့ ချက်နဲ့ပွဲမှာ (၁)ဂိုးသွင်းခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ပြသနေပါတယ်။

ယမားလ်အနေနဲ့ စပိန်အသင်းအတွက် အဖွင့်ဂိုးကို (၆)မိနစ်မှာ သွင်းယူခဲ့ပြီး ဒီရာသီ UEFA Nations League (၃)ပွဲဆက် အဖွင့်ဂိုးတွေကို သွင်းယူခဲ့ပါတယ်။

ဒါ့အပြင် ယမားလ်အနေနဲ့ စပိန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ (၁၁)ပွဲမှာ ဂိုးပါပတ်သက်မှု (၁၉)ကြိမ်အထိရှိခဲ့ပြီး (၁၂)ဂိုးသွင်း (၇)ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ယမားလ်ပါဝင်ကစားတဲ့ အဲဒီ (၁၁)ပွဲစလုံးမှာလည်း စပိန်အသင်းအနေနဲ့ ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ယမားလ်ကို ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ယောက်လို့ ညွှန်းဆိုရမှာဖြစ်ပြီး Ballon d'Or ဆုအတွက်လည်း ရေပန်းစားနေကြောင်း သိရပါတယ်။

Photos: Plaantik

image

၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ရွှေ (၂) ၊ ငွေ (၁)၊ ကြေး (၂) ရရှိ

အကြိမ် (၂၀)မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ဟာ ပြိုင်ပွဲအပြီးမှာ ရွှေတံဆိပ် (၂) ခု၊ ငွေ တံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၂) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

အကြိမ် (၂၀)မြောက် ၂၀၂၆ အာရှ အားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံရှိ အီချီနဲ့ နာဂိုယာမြို့တို့မှာ စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာအား ကစားအဖွဲ့အနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ ဘောလုံး၊ တက်ရှ်ဘော၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘား၊ Esports အားကစားနည်း (၅)မျိုးကနေ အုပ်ချုပ်သူ၊ နည်းပြနဲ့ အားကစားသမားစုစုပေါင်း (၈၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

တက်ရှ်ဘောအားကစားနည်းကို မြန်မာတက်ရှ်ဘော အားကစားအဖွဲ့က အမျိုးအစားသုံးမျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးအစားသုံးမျိုး စလုံးကနေ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာတက်ရှ်ဘော အားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသမီးတစ်ဦးချင်းကနေ ခင်နှင်းဝေ၊ ငွေတံဆိပ်ဆုကို အမျိုးသမီးနှစ်ယောက်တွဲကနေ ဆုမွန်အောင်နဲ့ ဖြူဖြူသန်း၊ ကြေးတံဆိပ်ဆုကို အမျိုးသားတစ်ဦးချင်းကနေ စောဖရိုက်ဒေးက ရယူပေးခဲ့ကြကြောင်း သိရပါတယ်။ Esports အားကစားနည်းကို မြန်မာအားကစားအဖွဲ့က အမျိုးအစားလေးမျိုးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး MLBB အမျိုးအစားကနေ ရွှေတံဆိပ်ဆုရယူပေးခဲ့ပါတယ်။

ပိုက်ကျော်ခြင်း အားကစားနည်းကို မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့က အမျိုးအစားသုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလေးယောက်တွဲ အမျိုးအစားကနေကြေးတံဆိပ်ဆုတစ်ခုရယူပေးနိုင်ခဲ့ပါတယ်။ မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့အနေနဲ့ ၂၀၂၆ အာရှအားကစား ပြိုင်ပွဲကနေ ပိုက်ကျော်ခြင်း အားကစားနည်းကို အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံး ယောက်တွဲနဲ့ အမျိုးသားလေးယောက်တွဲ အမျိုးအစားသုံးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

မြန်မာအားကစားအဖွဲ့အနေနဲ့ ဘောလုံးအားကစားနည်းကနေ အမျိုးသမီးဘောလုံးအသင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အမျိုးသားဘောလုံးအသင်းကတော့ ၂၀၂၆ အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမအောင်မြင်ခဲ့ပါဘူး။

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ကျွမ်းဘားအားကစားနည်းကို မြန်မာအမျိုးသမီး ကျွမ်းဘားမယ် ပန်းအိဖြူတစ်ဦးတည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး အမျိုးသမီးတစ်ဦးချင်း Artistic ပြိုင်ပွဲမှာ အဆင့် (၂၃)သာ ရရှိခဲ့ကြောင်း သိရပါတယ်။

Photos: MOSA

image

ဘာစီလိုနာအတွက် ဒီယွန်း ပြန်ကစားနိုင်တော့မယ်

ကာလရှည်အနားယူနေရတဲ့ ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းအနေနဲ့ မကြာခင်မှာ အသင်းအတွက် ပြန်လည်ကစားနိုင်တော့မယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဒီယွန်းဟာ ဘာစီလိုနာအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး နည်းပြ ဟန်ဆီဖလစ်ရဲ့အသင်းမှာ ပြန်လည်ပါဝင်လာတော့မှာပါ။

ဖရန်ကီဒီယွန်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ (၁၆)သင်းအဆင့်ရှုံးထွက်ပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနဲ့ နယ်သာလန်တို့တွေ့ဆုံတဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ကာလရှည်အနားယူခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက အေဂျက်စ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒီယွန်းဟာ ကတ်တလန်ကလပ်အတွက် (၂၉၇)ပွဲကစားထားသူပါ။

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ နည်းပြ ဟန်ဆီဖလစ်အနေနဲ့ ဒီယွန်းကို အရန်ကစားသမားအဖြစ်သာ အသုံးပြုဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Photos: x

image

ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲမှာ ဟိန်းထွဋ် အနိုင်ရဗိုလ်စွဲ

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပတဲ့ ၂၀၂၆ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကြက်တောင်လက်ရွေးစင်ကစားသမား ဟိန်းထွဋ် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။

ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲကို ယူဂန္ဓာနိုင်ငံ၊ လူဂိုဂိုမြို့ရှိ လူဂိုဂိုအားကစားရုံမှာ အောက်တိုဘာ (၁)ရက်ကနေ (၄) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမား ဟိန်းထွဋ်ဟာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ (၃၂) ဦးအဆင့်ကနေ စတင်ကစားခဲ့ရပြီး ယူဂန္ဓာကစားသမားကို (၂၁- ၁၁၊ ၂၁-၁၀) မှတ်နဲ့ နှစ်ပွဲပြတ်အနိုင်ရခဲ့ပါတယ်။

ဟိန်းထွဋ်ဟာ (၁၆)ဦးအဆင့်မှာ အိန္ဒိယကစားသမားကို (၂၁- ၁၈၊ ၂၁-၁၇) မှတ်၊ ကွာတားအဆင့်မှာ တောင်အာဖရိကကစားသမားကို (၂၁- ၁၂၊ ၂၁- ၆) မှတ်နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ဟိန်းထွဋ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အိန္ဒိယကစားသမားကို (၁၆-၂၁၊ ၂၁- ၁၄၊ ၂၁- ၁၀) မှတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဟိန်းထွဋ်ဟာ ဗိုလ်လုပွဲမှာ အီရန်ကစားသမားနဲ့ တွေ့ဆုံခဲ့ပြီး (၁၉-၂၁၊ ၂၁- ၁၂၊ ၂၁-၁၃) မှတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဟိန်းထွဋ်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၅ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာလည်း ချန်ပီယံဆု ရရှိထားခဲ့ပါတယ်။ ဒါကြောင့် ဟိန်းထွဋ်ဟာ ယူဂန္ဓာအင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲမှာ (၂) နှစ်တက်တိုက် ဗိုလ်စွဲပြီး ချန်ပီယံဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

image