ရာသီကုန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိကြောင်း ဂျရူး ပြောကြား

ပြင်သစ်တိုက်စစ်မှူး ဂျရူးက ရာသီကုန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဂျရူးဟာ အသက်(၄၀)ရှိပြီဖြစ်ပြီး လက်ရှိအသင်းကတော့ လိုင်လီ ဖြစ်ပါတယ်။

''ကစားသမားတစ်ယောက်အနေနဲ့ ဒီရာသီက ကျွန်တော့်ရဲ့နောက်ဆုံးရာသီဖြစ်လာဖို့ အရမ်းနီးစပ်နေပြီလို့ ထင်ပါတယ်။ ဒါကြောင့် အခိုက်အတန့်တိုင်းကို ပျော်ရွှင်အောင် ကျွန်တော် ကြိုးစားနေပါတယ်'' လို့ ဂျရူးက ပြောကြားခဲ့ပါတယ်။

ဂျရူးက ချယ်လ်ဆီးနဲ့ အေစီမီလန်အသင်းတွေမှာလည်း ကစားခဲ့သူဖြစ်ပြီး ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလား၊ အေစီမီလန်နဲ့ စီးရီးအေချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူပါ။

ဒါပေမဲ့ အာဆင်နယ်အသင်းမှာ ပြိုင်ပွဲစုံ (၂၅၃)ပွဲနဲ့ ပွဲအများဆုံးကစားခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက်တော့ (၁၃၇)ပွဲကစားပြီး (၅၇)ဂိုး သွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ လိုင်လီအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး သက်တမ်းကုန်ချိန်မှာ ကစားသမားဘဝက အနားယူဖို့ ရည်မှန်းထားခြင်းဖြစ်ကြောင်း သိရပါတယ်။

image

Asian Games MLBB တွင် Gold Medal ကို ရယူနိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်း Team Zanaka

မြန်မာ့လက်ရွေးစင်အသင်း Team Zanaka ဟာ Asian Games MLBB ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားကို အနိုင်ယူပြီး ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ပါတယ်။

Photos: Facebook

image

၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာတက်ဂ်ဘောအားကစားအဖွဲ့ကို ဂုဏ်ပြုပွဲ ပြုလုပ်

အကြိမ် ၂၀ မြောက်အာရှအားကစားပြိုင်ပွဲနဲ့ (၆)ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေး ရခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောကစားသမားများအား ဂုဏ်ပြုပွဲကို စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့၊ Novotel Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

အကြိမ် ၂၀ မြောက်အာရှအားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေး ရရှိိခဲ့တဲ့ မြန်မာတက်ဂ်ဘောကစားသမားများအား ဆုကြေးငွေကျပ် သိန်း ၂၉၀၀ နဲ့ (၆)ကြိမ်မြောက် ဆုတံဆိပ်ရရှိခဲ့တဲ့ မြန်မာတက်ဂ်ဘောကစားသမားများကို ဆုကြေးငွေကျပ် သိန်းသုံးရာတို့ ချီးမြှင့်ခဲ့ပါတယ်။

အကြိမ် ၂၀ မြောက်အာရှအားကစားပြိုင်ပွဲတွင် Women's Single မှာ ရွှေတံဆိပ်ဆုကို ခင်နှင်းဝေ၊ Women's Double မှာ ဆုမွန်အောင်နဲ့ ဖြူဖြူသန်းတို့က ငွေတံဆိပ်ဆု၊ Men's Single မှာ စောဖရိုက်ဒေးက ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

image

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ အောက်တိုဘာ ၁၉ ရက် ကျင်းပမယ်

ယခု ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို လာမယ့်အောက်တိုဘာ ၁၉ ရက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခု ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ပြီးခဲ့တဲ့ဇွန် ၁၅ ရက်မှစ၍ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အသင်း ၁၀ သင်းမှာ ရှမ်းယူနိုက်တက်အသင်း၊ ISPE အသင်း၊ Young Lionesses အသင်း၊ မြ၀တီအသင်း၊ ရန်ကုန်ယူနိုက်တက်အသင်း၊ ရတနာပုံအသင်း၊ ရန်ကုန်စီးတီးအသင်း၊ ဇွဲကပင်ယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်းနဲ့ ဧရာဝတီအသင်းတို့ဖြစ်ကြောင်း သိရပါတယ်။

ယခု ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ပထမအကျော့အပြီးဖြစ်သည့် ပွဲစဉ် ၉ အပြီးတွင် ခေတ္တရပ်နားခဲ့ပြီး ရပ်နားထားစဉ် အချိန်တွင် ISPE အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေလျက်ရှိကြောင်း သိရပါတယ်။

ပထမအကျော့အပြီးတွင် ISPE အသင်းက ၉ ပွဲကစား၊ ၈ ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး လက်ရှိချန်ပီယံဧရာဝတီအသင်းက ရမှတ် ၂၂ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပါတယ်။

အဆင့် ၃ နေရာတွင် ရန်ကုန်ယူနိုက်တက်က ရမှတ် ၁၉ မှတ်၊ အ ဆင့် ၄ နေရာတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၁၇ မှတ်၊ အဆင့် ၅ နေရာတွင် သစ္စာ အားမာန်အသင်းက ရမှတ် ၁၆ မှတ်တို့ဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း သိရပါတယ်။

ပြန်လည်စတင်မယ့် ဒုတိယအကျော့တွင် ရတနာပုံအသင်းက မန္တလေးမြို့ရှိ ဗထူးကွင်းတွင် အိမ်ကွင်းနှစ်ပွဲ၊ ဧရာဝတီအသင်းက ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်းတွင် အိမ်ကွင်း နှစ်ပွဲ၊ ရှမ်းယူနိုက်တက်အသင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းတွင် အိမ် ကွင်းနှစ်ပွဲ လက်ခံကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ၎င်းတို့ရဲ့ YUSC ကွင်းတွင် အိမ်ကွင်းပွဲများ လက်ခံကျင်းပသွားမှာဖြစ်ပြီး အခြားပွဲစဉ်များကိုမူ ပဒုမ္မာကွင်း၊ စတားစီး တီးကွင်းနဲ့ သုဝဏ္ဏကွင်းတို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ရာသီကုန် အဆင့်ရပ်တည်မှုအပေါ်မူတည်၍ အ မှတ်ပေးချန်ပီယံအသင်းကို ကျပ်သိန်း ၁၀၀၀၊ ဒုတိယဆုရအသင်းကို ကျပ်သိန်း ၇၀၀၊ တတိယဆုရအသင်းကို ကျပ် သိန်း ၅၀၀၊ အဆင့် ၄ နေရာရအသင်းကို ကျပ်သိန်း ၃၀၀၊ အဆင့် ၅ နေရာရအသင်းကို ကျပ်သိန်း ၂၀၀၊ အဆင့် ၆ နေရာရအသင်းကို ကျပ် ၁၇၅ သိန်း၊ အဆင့် ၇ နေရာရအသင်းကို ကျပ်သိန်း ၁၅၀၊ အဆင့် ၈ နေရာရအသင်းကို ကျပ် ၁၂၅ သိန်း၊ အဆင့် ၉ နေရာရအသင်းကို ကျပ်သိန်း ၁၀၀၊ အဆင့် ၁၀ နေရာရအသင်း ကို ကျပ် ၇၅ သိန်း အသီးသီး ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

image

အဂွဲရိုးရဲ့ နာမည်ကျော်သွင်းဂိုး အမည်းစက်စွန်းထင်းသွားခဲ့ပြီလို့ အလန်ရှီးယား ပြောကြား

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ အင်္ဂလန်တိုက်စစ်မှူး အလန်ရှီးယားက မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုးရဲ့ နာမည်ကျော်သွင်းဂိုးဟာ လက်ရှိအချိန်မှာ အမည်းစက်စွန်းထင်းသွားပြီလို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးက မန်စီးတီးအသင်းမှာ (၁၀)နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း(၃၉၀)ကစားကာ ဂိုးပေါင်း(၂၆၀) သွင်းယူခဲ့တာပါ။

မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၅)ကြိမ်ရယူနိုင်ခဲ့ပြီး ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့တဲ့ ၂၀၁၁-၁၂ ရာသီမှာ သွင်းယူခဲ့တဲ့ နောက်ဆုံးဂိုးက နာမည်ကျော်ခဲ့တာပါ။

အဲဒီရာသီမှာ နောက်ဆုံးပွဲစဉ်အထိ မန်ယူအသင်းနဲ့ အမှတ်တူနေခဲ့ပြီး နောက်ဆုံးပွဲမှာ မန်ယူက ဆန်းဒါးလန်းကို အနိုင်ရခဲ့ချိန်၊ မန်စီးတီးအသင်းက QPR ကို မိနစ်(၉၀)ပြည့်တဲ့အထိ ရှုံးနိမ့်နေခဲ့ပြီးမှ နာကျင်အချိန်ပိုမှာ ဂျက်ကိုက ချေပဂိုးနဲ့ အဂွဲရိုးက အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ အဂွဲရိုးရဲ့ အနိုင်ဂိုးက ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဂိုးတစ်ဂိုး ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီရာသီက မန်စီးတီးအသင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကာလအတွင်း ပါဝင်နေခဲ့တာကြောင့် အလန်ရှီးယားက အဂွဲရိုးရဲ့သွင်းဂိုး အမည်းစက်စွန်းထင်းသွားပြီလို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

''အဂွဲရိုးဂိုးသွင်းတာကို မာတင်တိုင်လာ ကြေညာခဲ့တဲ့ အဲဒီအခိုက်အတန့်က ကျွန်တော့်အတွက်တော့ ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်အခိုက်အတန့်ပါပဲ။ အခုတော့ အမည်းစက်စွန်းထင်းသွားခဲ့ပါပြီ။ ဒီလို ထိပ်တန်းကစားသမားတွေကိုသာ မခေါ်ယူနိုင်ခဲ့ရင် အဲဒီအဖြစ်အပျက် ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်'' လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။

image

မြန်မာဘီယာနဲ့ ဒဂုံဘီယာတို့ ရရှိထားတဲ့ အရည်အသွေးဆုတွေကို ဘယ်လ်ဂျီယံကုမ္ပဏီက ပြန်ရုပ်သိမ်း

မြန်မာဘီယာနဲ့ ဒဂုံဘီယာတို့ ရရှိထားတဲ့ အရည်အသွေးဆုတွေကို ဘယ်လ်ဂျီယံကုမ္ပဏီ Monde Selection က ပြန်လည် ရုပ်သိမ်းလိုက်ပြီး အဲဒီ အမှတ်တံဆိပ်တွေကိုပါ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားလိုက်ပြီလို့ Justice For Myanmar (JFM) က အသိပေး ထုတ်ပြန်ထားပါတယ်။

ဘယ်လ်ဂျီယံကုမ္ပဏီ Monde Selection ဟာ လူသုံးကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ဆန်းစစ် အကဲဖြတ်တဲ့အဖွဲ့ဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ် Quai d’Orsay မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၆ ခုနှစ် Monde Selection ဆုပေးပွဲအခမ်းအနားမှာ ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက် (Dagon Beverages Company Limited) ကို ဆုအများအပြား ပေးအပ် ချီးမြှင့်ခဲ့တာပါ။

အဲဒီလို ချီးမြှင့်အပြီးမှာပဲ Justice For Myanmar နဲ့ Info Birmanie တို့က အဲဒီ ကုမ္ပဏီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်တွေ ဖော်ပြပြီး ဆုတွေ ပြန်လည်ရုပ်သိမ်းဖို့နဲ့ Monde Selection Quality Award လိုဂိုကို ဆက်လက် အသုံးပြုခွင့်မပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ Monde Selection ဆီ လိပ်မူကာ စာရေးသားပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တောင်းဆိုမှုအပြီးမှာပဲ Monde Selection ဘက်က ဒီကုမ္ပဏီတွေဟာ အစိုးရတပ်နဲ့ ဆက်နွယ်နေတယ် ဆိုတာကို ၎င်းတို့အနေနဲ့ ကြိုတင် သိရှိထားခြင်းမရှိခဲ့ဘူးလို့ အသိပေးပြီး ဆုတွေကို ပြန်လည် ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Info Birmanie ရဲ့ ညှိနှိုင်းရေးမှူးဖြစ်သူ Johanna Chardonnieras က “ဒီဖြစ်ရပ်က ငြိမ်းချမ်းရေးနဲ့ စစ်ဖြစ်နေတဲ့အချိန်တွေမှာ တကယ့်စီးပွားရေးလောကနဲ့ ဘယ်လောက်ထိ ဆက်စပ်နေလဲဆိုတာကို ကုမ္ပဏီတိုင်းအတွက် သတိပေးစရာတခု ဖြစ်သင့်တယ်” လို့ ပြောပါတယ်။

Dagon Lager Beer, Dagon Extra Strong, Dagon Royal Rum, Dagon Malta Fresh နဲ့ Dagon Fresh Lemon Sparkling အစရှိတဲ့ အမှတ်တံဆိပ်တွေကို ထုတ်လုပ်တဲ့ Dagon Beverages ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီလို့ သိရပါတယ်။

ဒါအပြင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ရဲ့ လက်အောက်ခံ Myanmar Brewery ကုမ္ပဏီထုတ် Myanmar Beer, Black Shield နဲ့ Andaman Gold အစရှိတဲ့ ဘီယာတွေဟာလည်း Monde Selection က ပေးအပ်တဲ့ဆုတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ နောက်ဆုံးအကြိမ် ရရှိထားခဲ့တယ်လို့ JFM က ထုတ်ပြန်ထားပြီး MEC နဲ့ MEHL တို့ကို အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာဘီယာနဲ့ ဒဂုံဘီယာတို့ရဲ့ အရည်အသွေးဆုတွေ ရုပ်သိမ်းခံထားရပေမယ့် ပြည်တွင်းဈေးကွက်အတွင်းမှာတော့ အဲဒီဘီယာတွေရဲ့ ရောင်းအားပမာဏ သိသာစွာ ကျဆင်းသွားခြင်း မရှိသေးဘဲ ပုံမှန်အတိုင်း ဆက်လက်ဖြန့်ချိ ရောင်းချနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

image

ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်နိုင်ဖို့ ဆောင်ရွက်မယ်

မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ၊ သာမန်အခင်းအကျင်းနဲ့ ကိုက်ညီမယ့် သက်ဆိုင်သူတွေအားလုံး တဆင့်ပြီးတဆင့် ပါဝင်လာနိုင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ရှေ့ဆက် ဖြစ်ပေါ်လာနိုင်ဖို့ NSPNC နဲ့ သဘောထား စုစည်းချက်တွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ (7 EAO Alliance) တို့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေအတွက် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနရုံးခွဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ အရင်ဆွေးနွေးပွဲတွေရဲ့ ရလဒ်ကို ပြန်လည် သုံးသပ်ကြတာဖြစ်ပြီး အဓိက ခေါင်းစဉ်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို ဖော်ထုတ်ဖို့ဖြစ်ကာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ပြီးခဲ့တဲ့ ပထမအကြိမ် တွေ့ဆုံပွဲကတည်းက အပြန်အလှန် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အရင်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဖြစ်ပေမယ့် ဒီအချိန်မှာ NCA ကို အကောင်အထည်ဖော်ဖို့ ဆိုတာကတော့ လုပ်ငန်းတွေ ရပ်တန့်နေတဲ့ အနေအထားဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“ဒီအချိန်မှာ ကျွန်တော်နိုင်ငံရဲ့ ပကတိအခြေအနေကလည်း အရင်ကနဲ့ ဘာမှမဆိုင်ဘူး။ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်တဲ့စစ်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်တယ်။ ဆက်လက်ပြီးလည်း ဖြစ်ပေါ်ဖို့ အရိပ်အယောင်ရှိတဲ့ အပေါ်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကလည်း မလုပ်နိုင်တာကြာပြီ။ စစ်ပွဲတွေ အကုန်လုံးပြီးမှဆိုလည်း မသေချာမရေရာတဲ့ လုပ်ငန်းတခု ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး တိုက်ပွဲတွေရှိတဲ့ကြားကပဲ ကျွန်တော်တို့က လက်ရှိနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို ဖော်ထုတ်နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

image

မလှိုင်မြို့နယ်မှာ အမွှာညီအစ်ကိုနှစ်ယောက်အပါအဝင် အမျိုးသားသုံးယောက် ရေနစ်သေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာက ကျောက်စီရေကန်မှာ အမွှာညီအစ်ကိုနှစ်ယောက် အပါအဝင် အမျိုးသားသုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ရေကန်အတွင်း ရေဆင်းချိုးရာကနေ ရေနစ်မြုပ်သေဆုံးခဲ့တာဖြစ်ပြီး အမွှာညီအစ်ကိုနှစ်ယောက်က အသက် ၂၆ နှစ် ၊ ကျန်တဲ့အမျိုးသားက ၂၈ နှစ် ဖြစ်ပါတယ်။

" တယောက်ကအရင်ရေနစ်တာ ။အဲဒါကို လိုက်ကယ်ရင်းကနေ နောက်နှစ်ယောက်ထပ်နစ်တာ။ ရေနစ်တယ်ဆိုပြီး ရွာကိုလည်း ဖုန်းဆက်ပြောသေးတယ်။ ပြီးတော့လိုက်ကယ်တာ အကုန်ရေနစ်ဆုံးသွားတယ်။ " လို့ မလှိုင်မြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။

သေဆုံးအမျိုးသားသုံးယောက်လုံးဟာ ညောင်ပင်တဲရွာသားတွေဖြစ်ပြီး လက်ရှိမှာ အလောင်းကို မလှိုင်ဆေးရုံပို့ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၁ရက်ကလည်း ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)မှာ အမျိုးသားနှစ်ယောက်ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၆ ရက်ကလည်း ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ် ၊ ရွှေစက်ရပ်ကွက်၊ ဧရာ၀တီမြစ်အတွင်းမှာ ၁၃ နှစ်အရွယ်မိန်းကလေးနှစ်ယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ပန်းယျကျေးရွာ၊ ပန်းလောင်မြစ်အတွင်းမှာလည်း မနေ့က စက်တင်ဘာ ၆ ရက်မှာ အမျိုးသားတယောက်ရေဆင်းကူးရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်ကလည်း မန္တလေးတိုင်း ၊ကျောက်ဆည်မြို့၊ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲမှာလည်း စက်တင်ဘာ ၄ ရက်နေ့က သပြေချောင်းကျေးရွာအုပ်စု ၊ဂွေးခါးတောင်‌အနီးရှိ သဘာဝရေကန်မှာ ရေဆင်းကူးတဲ့ G12 အောင်မြင်ထားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးနှစ်ယောက် ရေနစ် သေဆုံးခဲ့ပါတယ် ။

ဓာတ်ပုံ - မီးသတ်

image

စွမ်းစွမ်းတမံတာဝန်ထမ်းတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ဦးကိုမုံရွာမှာကျင်းပတဲ့ ရဲတပ်ဖွဲ့နေ့မှာ ဂုဏ်ပြုဆုချီးမြှင့်

မုံရွာမြို့ မြို့တော်ခန်းမမှာ အောက်တိုဘာလ ၁ရက်နံနက်၉နာရီကကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ က ၆၂နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို
ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားမှာ နယ်မြေလုံခြုံရေးစွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရဲအုပ်ကနေ ဒုတိယရဲမှုးအဆင့်တိုးချီးမြှင့်သလို စွမ်းရည်
သတ္တိဂုဏ်ထူးဆောင်တံဆိပ်(ရဲဗလတံဆိပ်)၊ တိုင်းရဲတပ်မှုးရဲ့အမှုထမ်းကောင်းလက်မှတ်၊ ရဲချုပ်ရဲ့ အမှုထမ်းကောင်းလက်မှတ်၊ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်(ရဲကျော်သူတံဆိပ်)တွေကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၆၂နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲချုပ်သဝဏ်လွှာကို စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရဲမှုးကြီးနိုင်လင်းက ဖတ်ကြားအပြီးမှာ ဆုတွေကိုပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဆုပေးအပ်ခံရသူတွေဟာ ၂နှစ်တာအတွင်း ဖြစ်စဥ် ၇ခုကိုစွမ်းစွမ်းတမံဖမ်းဆီးအရေးယူနိုင်ခဲ့သူပါသလို PDF သာလွန်အင်အားနဲ့ ၁၀ရက်ကျော်ကြာတိုက်ခိုက်ခံရစဥ်မှာ ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်ခဲ့သူလည်းပါဝင်ပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်ပြန်ပေးဆွဲတဲ့ PDF ခေါင်းဆောင်ကို လက်နက်တွေနဲ့အတူ ဖမ်းနိုင်ခဲ့သူ၊ နယ်စပ်တမူးဒေသရဲစခန်းကိုပျံသန်းလာတဲ့ ဒရုန်းယာဥ်ကို ဖျက်ဆီးနိုင်သူ၊ မုံရွာမြို့မှာ ပြန်ပေးဆွဲခံရသူ အစ္စလာမ်ဘာသာရေးမော်လဝီဆရာကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး PDFတွေဆီက လက်နက်တွေမိအောင်ဆောင်ရွက်နိုင်သူ၊ ကသာမြို့သိမ်းတိုက်ပွဲအဖြစ်သာလွန်အင်အားနဲ့ ဖော်ဆောင်စဥ်မှာ ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်သူ၊ ကလေးမြို့မှာ ကျပ်သိန်းပေါင်တသိန်းခွဲကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိအောင်ဆောင်ရွက်နိုင်သူ စတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုတွေပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

image

အမြန်လမ်းမှာ လမ်းလျှောက်သူနှစ်ယောက်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်း အရေးယူခံရ

အမြန်လမ်းမှာ လမ်းလျှောက်သူနှစ်ယောက်ကို ကားနဲ့တိုက်ပြီး တာဝန်မဲ့ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်၊ ည ၈ နာရီ ၃၅ မိနစ်ဝန်းကျင်က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုလို့ သိရပြီး ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆၈/၄ နဲ့ ၆၈/၅ ကြား၊ နေပြည်တော်ကနေ ရန်ကုန်ကို ဦးတည်မောင်းနှင်တဲ့ အပြန်လမ်းပိုင်းမှာ Toyota Noah အနက်ရောင်ယာဉ်က လက်ယာဘက်ယာဉ်ကြောနဲ့ ကပ်လျက် မြေသားလမ်းပေါ်မှာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ယောက်ကို နောက်ကနေ အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။

လမ်းလျှောက်နေသူ နှစ်ယောက်လုံး နေရာမှာတင် သေဆုံးခဲ့ပြီး အခင်းဖြစ်ပြီးနောက် ယာဉ်မောင်းအနေနဲ့ ယာဉ်ကို စနစ်တကျ ရပ်တန့်ကာ နီးစပ်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံ အရေးပေါ် ဆက်သွယ်သတင်းပို့ အစစ်ဆေးခံရမှာ ဖြစ်ပေမယ့် အဲဒီလို ပြုလုပ်ခြင်းမရှိဘဲ ယာဉ်ကို အခင်းဖြစ်နေရာမှာ ထားရစ်ကာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

“အမြန်လမ်းဥပဒေနဲ့ ပတ်သက်လို့ မကြာခဏဆိုသလို အသိပေးမှုတွေ လုပ်ဆောင်နေတာလည်း တွေ့ကြမှာပါ။ ဒီလိုဖြစ်စဉ်တွေကြောင့် ယာဉ်မောင်းမှာ တာဝန် မရှိစေရလို့ ဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားပါ။ ဒါပေမယ့် ယာဉ်မောင်းအနေနဲ့ကတော့ ယာဉ်ကို အခင်းဖြစ်နေရာမှာတင် ရပ်တန့်ပြီး သက်ဆိုင်ရာကို အကြောင်းကြားတာကတော့ လုပ်ကို လုပ်ရပါမယ်။ ဒါမှသာ ယာဉ်မောင်းကို ပြစ်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ အကြောင်းမကြားဘူး ဆိုရင်တော့ အမြန်လမ်းဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လို အကာအကွယ်ကိုမှ မရနိုင်တော့ပါဘူး” လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အကြောင်းမကြားဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ယာဉ်မောင်းကို အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ ရှာဖွေခဲ့တာမှာ မနေ့ စက်တင်ဘာ ၃၀ ရက်၊ မနက် ၁၂ နာရီခွဲဝန်းကျင် (ယာဉ်တိုက်မှုဖြစ်ပြီး ၄ နာရီလောက်အကြာ) မှာ မိုင်တိုင်အမှတ် (၆၉/၄) အနီး လမ်းဘေးမှာ ကားတားပြီး လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ ယာဉ်မောင်းကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) (ပေါ့လျော့မှုကြောင့် လူသေစေမှု) နဲ့ ပုဒ်မ ၂၀၂ (ပြစ်မှုဖြစ်ပွားကြောင်း သိလျက် တာဝန်အရ သတင်းပို့ရန် ပျက်ကွက်မှု) တို့နဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၇/၇ - ၁၇၈/၀ ကြားမှာ လမ်းလျှောက်နေသူ အမျိုးသား တယောက်ကို ခရီးသည်တင် ကားတစီးက တိုက်မိမှုဖြစ်ခဲ့ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံ သတင်းပေး၊ အစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အဲဒီဖြစ်စဉ်က ယာဉ်မောင်းကိုလည်း ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇)၊ ပုဒ်မ (၁၃) အရ “တည်ဆဲဥပဒေ တရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း (သို့မဟုတ်) ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု (သို့မဟုတ်) သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ။” လို့ သတ်မှတ်ထားပါတယ်။

လူ၊ စက်ဘီး၊ ထော်လာဂျီ၊ လှည်း အစရှိတာတွေကို တိုက်မိပါက အတိုက်ခံရသူတွေဟာ အမြန်လမ်းမကြီးများဥပဒေကို ဖောက်ဖျက်သူ မှန်/မမှန်၊ ယာဥ်မောင်းအနေနဲ့ ဥပဒေနဲ့အညီ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမယ်လို့ သိရပါတယ်။

ယာဥ်မောင်းတွေအနေနဲ့ ယာဥ်တိုက်မှုကို တိမ်းရှောင် ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေရဲ့ အကာအကွယ်ကို မရရှိတော့ဘဲ တခြားသောလမ်းတွေမှာ ဖြစ်ပွားတဲ့ ယာဥ်တိုက်မှုတွေအတိုင်း ပြစ်မှု၊ ပြစ်ဒဏ်တွေ ကျခံရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကလည်း အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မှ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ် တစီး၊ မိုင်တိုင်မှတ် ၃၂ မိုင် ၅ ဖာလုံနဲ့ ၆ ဖာလုံကြားအရောက်မှာ လမ်းဖြတ်ကူးလာတဲ့ အမျိုးသမီးတယောက်ကို တိုက်မိခဲ့ပြီး လမ်းဖြတ်ကူးသူ နေရာမှာတင် ပွဲချင်းပြီးသေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။

ဒါအပြင် မေလ ၂ ရက်နေ့ကလည်း ရန်ကုန်ကနေ နေပြည်တော် အသွားလမ်းအတိုင်း မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစီးဟာ မိုင်တိုင်အမှတ် ၁၃၆/ ၅ - ၁၃၆/၆ ကြားအရောက်မှာ လမ်းလယ်ကျွန်းကိုဖြတ်ပြီး နောက်ကနေ ရှေ့ကို မောင်းနှင်လာတဲ့ ကျွဲလှည်းကို တိုက်မိခဲ့တာကြောင့် လှည်းမောင်းသူ ဒဏ်ရာရခဲ့ပြီး ကျွဲနှစ်ကောင် သေဆုံးသွားတယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက်နေ့ကလည်း ရန်ကုန်မှ နေပြည်တော်ကို အသွားလမ်း၊ မိုင်တိုင်အမှတ် (၀/၃-၄) ကြားမှာ အမျိုးသား သုံးယောက် စီးနင်းလိုက်ပါလာတဲ့ နံပတ်မပါ မော်တော်ဆိုင်ကယ်တစီး၊ အရှိန်ပြင်းစွာ လမ်းပြောင်းပြန် မောင်းနှင်လာရာကနေ လမ်းရဲ့ ယာဘက်အစွန်ဆုံး ယာဉ်ကြောမှာ ရပ်တန့်ထားတဲ့ ခြောက်ဘီးယာဉ်ရဲ့ ရှေ့ဦးပိုင်းကို ဝင်ရောက် တိုက်မိခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အမြန်လမ်း ထိန်း/ပြင်/ကြီးကြပ်ရေးအဖွဲ့

image