အားကစားကလပ်တစ်ခုကို ပေါင် ၃ ဘီလီယံဖြင့် ဝယ်ယူလာတဲ့ အာဆင်နယ်ပိုင်ရှင်များ

အာဆင်နယ်အသင်းပိုင်ရှင် Kroenke Sports Entertainment ဟာ မေဂျာလိဂ်ဘော့စ်ဘောကလပ် Los Angeles Angels ကို ဝယ်ယူလာပါတယ်။
စတန်ခရွန်ယက်ကီဦးဆောင်နေတဲ့ ယင်းကုမ္ပဏီဟာ အမေရိကန်အနောက်လိဂ်တွင် ရုန်းကန်နေရတဲ့ အားကစားကလပ်အား ပေါင် ၃ ဘီလီယံဖြင့် ဝယ်ယူလာတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်များဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် အသင်းရဲ့ လိုအပ်နေတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ခေါ်ယူခြင်း မပြုလုပ်ဘဲ အားကစားကလပ်တစ်ခုကိုသာ ဝယ်ယူလာတဲ့ အသင်းပိုင်ရှင်အပေါ် အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။
Kroenke Sports Entertainment ဟာ အာဆင်နယ်၊ Angels အပြင် NFL ကလပ် Angeles Rams ၊ NHL ကလပ် Colorado Avalanche နှင့် မေဂျာလိဂ်ကလပ် Colorado Rapid တို့တွင်လည်း ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ထားပါသေးတယ်။

image

မာရာဒိုနာနှင့် မက်ဆီတို့ ဝတ်ဆင်ခဲ့တဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ အား ပါရမီရှင်လူငယ်ထံ လွဲပြောင်းပေးရန် အာဂျင်တီးနားဆုံးဖြတ်လိုက်ပြီ

အာဂျင်တီးနားဟာ လီယွန်နယ်မက်ဆီဝတ်ဆင်ခဲ့တဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ အား လွဲပြောင်းမယ့် ကစားသမားအား ရွေးချယ်ထားပြီး ဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီဟာ အသက် ၃၉ နှစ်အရွယ်တွင် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
မက်ဆီဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း အာဂျင်တီးနားကစားသမားဘဝမှ အနားယူဖူးခဲ့ပါတယ်။
ဂန္ဌဝင်ကစားသမားဟာ ကိုပါအမေရိကဖလားဗိုလ်လုပွဲ ၂ ကြိမ်နှင့် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတို့တွင် ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူပါ။
ဒါပေမယ့် သူဟာ အာဂျင်တီးနားကစားသမားဘဝမှ အနားယူချိန်တွင် ကမ္ဘာ့ဖလား ၁ ကြိမ်၊ ကိုပါအမေရိက ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
သူဟာ အာဂျင်တီးနားအတွက် ၂၀၇ ပွဲကစားကာ ၁၂၅ ဂိုးသွင်းကာ ပွဲအများဆုံကစားထားသူ၊ ဂိုးအများဆုံးသွင်းထားသူအဖြစ်လည်း မှတ်တမ်းရေးထိုးထားပါတယ်။
ယနေ့တွင် ESPN ရဲ့ ဖော်ပြလာမှုအရ အာဂျင်တီးနားနည်းပြလီယွန်နယ်စကာလိုနီဟာ မာရာဒိုနာနှင့် မက်ဆီတို့ ဝတ်ဆင်ခဲ့တဲ့‌ ကျောနံပါတ် ၁၀ အား ဆက်ခံမယ့် ကစားသမားအား ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားရဲ့ကျောနံပါတ် ၁၀ ကို ဆက်ခံမယ့် ကစားသမားက ကိုမိုအလယ်တန်းတိုက်စစ်သမားနီကိုပက်ဇ် ဖြစ်ပါတယ်။
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ နီကိုပက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် ၁၁ ပွဲကစားထားပြီးသူ ဖြစ်ပြီး ဥရောပရဲ့အလားအလာအကောင်းဆုံးလူငယ်တိုက်စစ်သမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ လက်ရှိအချိန်မှာ စီးရီးအေကလပ် ကိုမိုမှာ ဖာဘရီဂက်စ်လက်အောက်မှာ ကစားနေသူလည်း ဖြစ်ပါတယ်။
သူဟာ စပိန်တွင် မွေးဖွားသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက်တစ်ဦး ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ပါဘလိုပက်ဇ်က အာဂျင်တီးနားနှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
သူ့မိခင်က စပိန်ဖြစ်ပေမယ့်လည်း ဖခင်ဖြစ်သူရဲ့ နိုင်ငံ အာဂျင်တီးနားအတွက် ကစားနေတာပါ။
ရီးရဲလ်မက်ဒရစ်ဟာ နီကိုပက်ဇ်ကို ယခုနွေတွင် ပြန်လည် ခေါ်ယူနိုင်မယ့် အချက်ကို ထည့်သွင်းထားခဲ့ပေမယ့်လည်း ကိုမိုနှင့် ပြန်လည်ဆွေးနွေးမှု ပြုလုပ်ကာ စာချုပ်ကို ပြုပြင်ချုပ်ဆိုခဲ့ပါတယ်။
ပြန်လည်ချုပ်ဆိုလာတဲ့ စာချုပ်အရ ရီးရဲလ်မက်ဒရစ်အေနဖြင့် ၂၀၂၇ ခုနှစ်တွင် နီကိုပက်ဇ်ကို ပေါင် ၆၈.၆ သန်းဖြင့် ပြန်လည် ခေါ်ယူနိုင်ပါမယ်။

image

ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းသစ်အရ ချန်ပီယံလိဂ်ပထမဆုံးကစားသူများမှာ ကစားဖော်များနှင့် ကွဲပြားတဲ့ အင်္ကျီ ဝတ်ဆင်ကစားလာရမည်

ချန်ပီယံလိဂ်ပထမဆုံးကစားလာတဲ့ ကစားသမားများမှာ ယခုရာသီတွင် ကစားဖော်များနှင့် ကွဲပြားတဲ့ အင်္ကျီအား ဝတ်ဆင်ကစားလာရပါမယ်။
ဥရောပရဲ့အကြီးကျယ်ဆုံးပြိုင်ပွဲအား ပထမဆုံးကစားလာတဲ့ ကစားသမားများဟာ ယခုရာသီတွင် အင်္ကျီလက်မောင်းတွင် ကွဲပြားတဲ့ အထူးစပါယ်ရှယ်အပြားအား ထည့်သွင်းဝတ်ဆင်လာရပါမယ်။
ယူအီးအက်ဖ်အေဟာ အားကစားအမှတ်တရပစ္စည်းကုမ္ပဏီ Fanatics နှင့် ပူးပေါင်းလိုက်ပြီးနောက် စည်းမျဉ်းသစ်ချမှတ်လာတာလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် ယင်းအပြားများကို Fanatics ကို ပေးရမှာ ဖြစ်ပြီး ယင်းအား ကတ်ကုန်သွယ်ရေးကုမ္ပဏီ Topps ထံ ဖြန့်ဝေပေးပါမယ်။
ချန်ပီယံလိဂ်ပထမဆုံးကစားတဲ့ ကတ်တစ်ခုစီက လက်မှတ်ထိုးထားတဲ့ ကုန်သွယ်မှုကတ်တစ်ခုစီအဖြစ် ပြောင်းလဲသွားမှာလည်း ဖြစ်ပါတယ်။
ယင်းကတ်မျိုးကို နိုနီမာဒူကီ၊ အန်တိုနီဂေါ်ဒွန်တို့ကဲ့သို့ ကမ္ဘာ့ဖလားပထမဆုံးကစားစဉ်တုန်းကလည်း သုံးခဲ့ဖူးပါတယ်။
ယခု ယင်းစနစ်မှာ ချန်ပီယံလိဂ်လိဂ်အဆင့်တွင်လည်း အသုံးပြုလာပါမယ်။
ယူနိုက်တက်ရဲ့ ဘရိုင်ယန်အမ်ဘူမိုနှင့် ကားလို့စ်ဘာလီဘာတို့မှာ ချန်ပီယံလိဂ်ပထမဆုံးကစားလာမှုနှင့်အတူ ယင်းကတ်အား ဝတ်ဆင်အသုံးပြုရပါမယ်။
ယင်းစနစ်ကို ၂၀၂၇-၂၈ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း အသုံးပြုလာဦးမှာ ဖြစ်ပါတယ်။
ယင်းစနစ်မှာ NBA တွင် အသုံးပြုနေတာ ကြာမြင့်ပြီလည်း ဖြစ်ပါတယ်။

image

ဇက်ဇီးအတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို မန်ယူအသင်း ငြင်းပယ်ခဲ့

မန်ယူအသင်းဟာ နယ်သာလန်တိုက်စစ်မှူး ဇက်ဇီးအတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
အဲဗာတန်အသင်းက အပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီးမှာ ဇက်ဇီးကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နည်းပြ ကာရစ်ရဲ့ ဆုံးဖြတ်ချက်နဲ့ မန်ယူအသင်းက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်ယူအသင်းက အစောပိုင်းမှာ ဇက်ဇီးကို အငှားချဖို့ စီစဉ်ခဲ့ပြီး ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားအသင်းတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ ဈေးကွက်ပိတ်ခါနီးမှာတော့ ကစားသမားသစ် ပြန်လည်အစားထိုးခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဲဗာတန်အသင်းက ဇက်ဇီးကို တစ်ရာသီအငှားနဲ့ ခေါ်ယူခြင်းအတွက် လစာအပြည့်အ၀ ပေးချေမယ့်အပြင် ငှားရမ်းခ ပေါင်(၁၀)သန်းပေးချေမယ်လို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဇက်ဇီး(၂၅ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ဘိုလော့ဂ်နာကနေ မန်ယူအသင်းကို ပေါင်(၃၆.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၇၅)ပွဲမှာ (၉)ဂိုး သွင်းယူထားပါတယ်။

image

image

မိမိရဲ့အနာဂတ်ကို တခြားသူတွေကို ဆုံးဖြတ်ခွင့်မပေးတော့ဘူးလို့ ရစ်ချာလီဆန် ပြောကြား

စပါးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်က သူ့ရဲ့အနာဂတ်ကို တခြားသူတွေကို ဆုံးဖြတ်ခွင့်မပေးတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ရစ်ချာလီဆန်က နွေရာသီအပြောင်းအရွှေ့မှာ အဲဗာတန်အသင်းကို ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ စပါးအသင်းမှာပဲ ဆက်ရှိခဲ့ပါတယ်။
ရစ်ချာလီဆန်(၂၉ နှစ်)က သူ့ရဲ့သဘောထားကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် သြဂုတ်(၃၁)မှာကတည်းက လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားခဲ့တာပါ။
''ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အရာအားလုံးကို ကြုံတွေ့ဖြတ်သန်းခဲ့အပြီးမှာ ကျွန်တော့်ရဲ့အနာဂတ်ကို ဘယ်သူ့ကိုမှ ဆုံးဖြတ်ခွင့်မပေးတော့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ ဒီကာလအတွင်း ဆိုးရွားတဲ့ အရာများစွာကို ကျွန်တော် ကြုံတွေ့ခဲ့ရပြီး အများစုက တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပျက်ခဲ့တာပါ။ ကျွန်တော် အပြောင်းအရွှေ့ပြုလုပ်တိုင်း အသင်းအတွက် ကောင်းဖို့ကိုလည်း စဉ်းစားပါတယ်။ အဲဒီလိုမဟုတ်ရင် လက်မခံပါဘူး'' လို့ ရစ်ချာလီဆန်က ပြောကြားခဲ့ပါတယ်။
စပါးအသင်းက ရစ်ချာလီဆန်ကို အသင်းဟောင်း အဲဗာတန်အသင်းဆီ ပေါင်(၃၅)သန်းနဲ့ ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား အန်ဒီယေးကို ပြန်လည်ခေါ်ယူနိုင်ခြင်းမရှိခဲ့တာကြောင့် ရစ်ချာလီဆန်ကို ရောင်းမထုတ်တော့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆီနီဂေါတောင်ပံကစားသမား အန်ဒီယေးကို မန်စီးတီးအသင်းက ပေါင်(၆၅)သန်းနဲ့ ခေါ်ယူသွားခဲ့တာပါ။

image

ပရီးမီးယားလိဂ်ရဲ့ နွေရာသီအသုံးစရိတ် ပေါင်(၃.၄၆)ဘီလီယံနဲ့ စံချိန်သစ်ဖြစ်ခဲ့ပြီး (၂)နှစ်ဆက်တိုက် ပေါင်(၃)ဘီလီယံအထက် ရောက်ရှိခဲ့

ပရီးမီးယားလိဂ်ရဲ့ ၂၀၂၆ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်က ပေါင်(၃.၄၆)ဘီလီယံနဲ့ စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်က ပြီးခဲ့တဲ့ ၂၀၂၅ နွေရာသီမှာ ပေါင်(၃.၁၄)ဘီလီယံသုံးစွဲပြီး စံချိန်တင်ခဲ့သလို၊ ဒီနှစ်မှာ ပေါင်(၃.၄၆)ဘီလီယံနဲ့ စံချိန်သစ်ထပ်တင်ခဲ့တာပါ။
ဒါကြောင့် (၂)နှစ်ဆက်တိုက် အသုံးစရိတ်ပေါင်(၃)ဘီလီယံအထက် ရောက်ရှိခဲ့ပြီး (၂)နှစ်ဆက်တိုက် စံချိန်ချိုးခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ် မန်စီးတီးအသင်းက ပေါင်(၄၅၈)သန်းနဲ့ မှတ်တမ်းဝင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ငွေကြေးအများဆုံးသုံးစွဲတဲ့ နွေရာသီ ဖြစ်ခဲ့သလို၊ ပြီးခဲ့တဲ့နှစ်က ပေါင်(၄၁၅)သန်းသုံးစွဲခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ စံချိန်ကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်။
ကစားသမားတွေထဲမှာတော့ ချယ်လ်ဆီးကနေ မန်စီးတီးကို ပေါင်(၁၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်က ဒီနှစ်နွေရာသီရဲ့ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်စီးတီးအသင်းက ကစားသမားခေါ်ယူမှုအတွက် ပေါင်(၄၅၈)သန်း သုံးစွဲခဲ့ပေမဲ့ ကစားသမားရောင်းချမှုကနေ ပေါင်(၃၀၄)သန်း ပြန်ရခဲ့တာကြောင့် အသားတင်အသုံးစရိတ်ကတော့ ပေါင်(၁၅၄)သန်းသာ ရှိခဲ့ပါတယ်။
ဒီနှစ် နွေရာသီမှာ အသားတင်အသုံးစရိတ်အများဆုံးဖြစ်ခဲ့တာက လီဗာပူးလ်(ပေါင် ၁၇၂ သန်း)ဖြစ်ပြီး ဒုတိယအများဆုံးက စပါး(ပေါင် ၁၆၅ သန်း)ဖြစ်ကြောင်း သိရပါတယ်။
ဒီနှစ် နွေရာသီမှာ အပြောင်းအရွှေ့နောက်ဆုံးနေ့ တစ်ရက်တည်းရဲ့ အသုံးစရိတ်က ပေါင်(၄၇၅)သန်းရှိခဲ့ပြီး အရင်နှစ်ထက် (၈၄)သန်း ပိုမိုများပြားခဲ့ကြောင်းလည်း သိရပါတယ်။

image

ရန်ကုန်စီးတီးအသင်းနဲ့ ရှမ်းယူနိုက်တက်ပွဲမှ ဖြစ်ရပ်များအတွက် MFF ပြစ်ဒဏ်များချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီဟာ သြဂုတ် (၃၀) ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်စီးတီးအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းပွဲမှ ဖြစ်ရပ်များအတွက် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရပါတယ်။
ယင်းပွဲတွင် ရှမ်းယူနိုက်တက်အသင်းမှ ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ ဒိုင်လူကြီးကို ညစ်ညမ်းစွာ ဆဲဆိုခဲ့လို့ အနီးစပ်ဆုံး (၂) ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ကျပ် (၃) သိန်း၊ ရန်ကုန်စီးတီးအသင်းမှ ရှေ့တန်းလူ အောင်ကောင်းမာန်ဟာ ပြိုင်ဘက်ဂိုးသမားကို ဆဲဆိုခဲ့လို့ အနီးစပ်ဆုံး (၂) ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ကျပ် (၃) သိန်း ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်ခိုင်နဲ့ အသင်းခေါင်းဆောင် နန္ဒကျော်တို့ဟာ ပွဲအပြီး မီဒီယာအင်တာဗျူးများတွင် ဒိုင်လူကြီးများနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ခြင်းအတွက် ဒဏ်ကြေးငွေ ကျပ် (၇) သိန်းစီ ပေးဆောင်ရန် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ရန်ကုန်စီးတီးအသင်းကလည်း ၎င်းတို့ရဲ့ ကစားသမား အောင်ကောင်းမာန်ကို ပြင်းထန်စွာသတိပေးခြင်းနဲ့ ဒဏ်ကြေးငွေ ကျပ်သိန်း (၃၀) ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

image

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်ကို စိန်ခေါ်နိုင်မှာ မန်စီးတီးတစ်သင်းသာရှိကြောင်း ကာရေဂါ သုံးသပ်

နာမည်ကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ကာရေဂါက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်ကို စိန်ခေါ်နိုင်မှာ မန်စီးတီးတစ်သင်းသာရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ရယူနိုင်ဖို့ ရေပန်းစားနေပြီး မန်စီးတီးက ဒုတိယရေပန်းအစားဆုံး၊ ချယ်လ်ဆီးက တတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။
ဒီ(၃)သင်းစလုံးက ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားကြပြီး မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
ကာရေဂါက မန်စီးတီးအသင်းအနေနဲ့ ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် လူစာရင်းတောင့်တင်းသွားကြောင်း သုံးသပ်ခဲ့တာပါ။
''ပြီးခဲ့တဲ့(၁၂)လအတွင်း သူတို့ အပြောင်းအလဲအများအပြားဖြစ်ခဲ့ပြီး လက်ရှိလူစာရင်းက တကယ်ကောင်းပါတယ်။ ရိုဒရီကို ဆုံးရှုံးခဲ့ရခြင်းအတွက် ကုစားဖို့ ခက်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အန်ဒါဆန်နဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ခဲ့တာက တခြားအသင်းတွေရဲ့အထက်ကို ရောက်ရှိဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့တာပါပဲ။ သူတို့က ချန်ပီယံဆုအတွက် အာဆင်နယ်ကို စိန်ခေါ်ဖို့ တစ်သင်းတည်းသောအသင်း ဖြစ်လာနိုင်ပါတယ်'' လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

image

ဂျေးဇူးအနေနဲ့ ဘာစီလိုနာအသင်းမှာ တစ်ရာသီ(၁၅)ဂိုးလောက် သွင်းယူနိုင်လိမ့်မယ်လို့ အဂွဲရိုး ပြောကြား

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း အဂွဲရိုးက ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးအနေနဲ့ ဘာစီလိုနာအသင်းမှာ တစ်ရာသီ (၁၀)ဂိုး၊ (၁၅)ဂိုးလောက် အလွယ်တကူသွင်းယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
အဂွဲရိုးနဲ့ ဂျေးဇူးတို့က မန်စီးတီးအသင်းမှာ အတူကစားခဲ့ကြဖူးသူတွေဖြစ်ပြီး အဂွဲရိုးက ဘာစီလိုနာအသင်းမှာလည်း ကစားခဲ့ဖူးသူဖြစ်တာကြောင့် အခုလို သုံးသပ်ပြောကြားခဲ့တာပါ။
ဂျေးဇူး(၂၉ နှစ်)က နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အာဆင်နယ်ကနေ ဘာစီလိုနာအသင်းကို ယူရို(၁၀)သန်း+Add-ons ကြေး ယူရို(၄.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
'' ဂျေးဇူးက ဘာစီလိုနာအသင်းဆီ အများကြီးယူဆောင်ပေးနိုင်သူပါ။ ဂွါဒီယိုလာက ကျွန်တော်တို့ တိုက်စစ်မှူးစစ်စစ်တစ်ယောက် ထပ်လိုအပ်ချိန်တွေမှာ သူ့ကို အသုံးပြုခဲ့ပါတယ်။ သူက အရမ်းကို တိုက်စစ်မှူးပီသသူပါ။ ဟန်ဆီဖလစ်ခ်မှာလည်း ဂွါဒီယိုလာလို ပုံစံမျိုးရှိပါတယ်။ ပရီးမီးယားလိဂ်မှာက ဂိုးတွေသွင်းဖို့ အရမ်းခက်ပါတယ်။ လာလီဂါမှာတော့ သူ့အနေနဲ့ တစ်ရာသီကို (၁၀)ဂိုး၊ (၁၅)ဂိုးလောက် အလွယ်တကူသွင်းနိုင်မယ်လို့ ထင်ပါတယ်'' လို့ ဂျေးဇူးက ပြောကြားခဲ့ပါတယ်။
ဂျေးဇူးဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့(၄)ရာသီအတွင်း တစ်ရာသီ(၁၁)ဂိုးသာ အများဆုံးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၁၂၃)ပွဲမှာ (၃၂)ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။

image