တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ လူအုပ်အတွင်းကြပ်ညပ်ကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိခဲ့
နိုဝင်ဘာ ၁၈
(၂၀၂၆) ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ (၁၆) ရက်ညနေပိုင်းက တောင်ကြီးမြို့တွင် မီးပုံးပျံငယ် အလုံး (၁၀၀၀) ကျော်လွှတ်တင်ခြင်းနှင့် ဖွင့်ပွဲကျင်းပခဲ့ရာမီးပုံးပျံပွဲကိုလာရောက်လည်ပတ်သူ များပြားမှုကြောင့် ဖွင့်ပွဲနေ့မှာပင် လူအုပ်အတွင်းကြပ်ညပ်ကာ ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ဦးထက်မနည်း ရှိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
ဖွင့်ပွဲကို တောင်ကြီးမြို့ရှိအဝေရာမီးပုံးပျံကွင်းအတွင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲတွင် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ရှမ်းပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့မှ ရှမ်းအက၊ သိုင်းအက၊ တိုးနယားအက၊ ကိန္နရီ၊ ကိန္နရာအကများနှင့် ကပြဖျော်ဖြေခဲ့ကာ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးပုံးပျံငယ် အလုံး (၁၀၀၀) ကျော် ကိုလွှတ်တင်ခဲ့ကြကြောင်း သိရသည်။
နိုဝင်ဘာ(၁၆)ရက် ညနေပိုင်းမှ စတင်ကာ တန်ဆောင်တိုင်မီးပုံးပျံပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လူပေါင်းသိန်းနှင့်ချီကာ လာရောက်လည်ပတ်ခဲ့ကြခြင်း ဖြစ်သည်။
"အဓိကပြဿနာက ဝင်လမ်းထွက်လမ်းကတစ်လမ်းထဲပဲဖြစ်နေတာပေါ့။ ကွင်းထဲကိုအလုအယက်ဝင်ကြရတော့ တိုးမိတာတိုက်မိတာတွေရှိတယ်။ တချို့အသက်ရှူမဝလို့မူးလဲတာတွေရှိတယ်။ ခြေခေါက်ပြီးလဲတာ တွေရှိတယ်"ဟု တောင်ကြီးမြို့ခံပရဟိတသမားတစ်ဦးကပြောသည်။
ထို့ပြင် မီးပုံးပျံမတော်တဆဖြစ်မှုတစ်ခုလည်းရှိခဲ့ပြီး လူထိခိုက်မှုရှိခဲ့ကာ မော်တော်ဆိုင်ကယ် (၂) စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယခင်နှစ်ထက် ပို၍ စည်ကားသည့် ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ (၁၆) ရက်မှ (၂၅) ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ (၁၆) ရက်တွင် စိန်နားပန် ခုနစ်လုံး၊ ညမီးကြီး ရှစ်လုံး၊ စုစုပေါင်း မီးပုံးပျံ(၁၅) လုံး လွှတ်တင်ခဲ့ကြောင်းသိရသည်။
Credit - MT News