အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲပြီးလျှင် အီရန်နှင့်စစ်ပွဲ ပြီးသွားမည်ဟု ထရမ့်ဆိုပြန်
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲပြီးတာနဲ့ အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ ချက်ချင်း ပြီးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ အီရန်အစိုးရအနေနဲ့ ဆက်ပြီး တောင့်မခံနိုင်တော့တာကြောင့်ဖြစ်တယ်လို့ သူကပြောတာပါ။
"ရွေးကောက်ပွဲပြီးတာနဲ့ စစ်ပွဲက ချက်ချင်းပြီးသွားမယ်လို့ ကျွန်တော်ထင်တယ်၊ ဘာလို့လဲဆိုတော့ သူတို့ ဆက်ပြီး တောင့်မခံနိုင်တော့လို့ပဲ" လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပြီး အီရန်ဟာ အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်လို့လဲ သူကစွပ်စွဲခဲ့ပါတယ်။
ဝါရှင်တန်မြို့အနီးမှာရှိတဲ့ Joint Base Andrews စစ်စခန်းကနေ မထွက်ခွာမီ ထရမ့်က "သူတို့က ရွေးကောက်ပွဲကို သက်ရောက်မှုရှိအောင် ကြိုးစားနေကြတာပါ။ အဲဒါမှ အမေရိကန်မှာ ပျော့ညံ့တဲ့လူစု တက်လာပြီး သူတို့ကို ဘာမှမလုပ်ဘဲ လွှတ်ထားပေးမှာလေ၊ ဒါဆိုရင် သူတို့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ရသွားမှာပေါ့" လို့ ပြောသွားခဲ့ပါတယ်။