ကစားဖော်သစ် မက်ဆီကို ဘောလုံးနတ်ဘုရားလို့ ပြောကြားလာမှုနှင့်အတူ ကစားဖော်ဟောင်းရော်နယ်ဒိုရဲ့ ဒေါသနှင့် ရင်ဆိုင်ရဖို့ ရှိနေတဲ့ ကက်စ်မီရို
===================

ကက်စ်မီရိုဟာ အင်တာမိုင်ယာမီကစားဖော်သစ်ဖြစ်လာမယ့် လီယွန်နယ်မက်ဆီအား ဘောလုံးနတ်ဘုရားလို့ တင်စားခေါ်ဝေါ်လာမှုနှင့်အတူ ကစားဖော်ဟောင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဒေါသထွက်ခြင်းခံလာရဖို့ ရှိနေပါတယ်။
အသက် ၃၄ နှစ်ရှိ ဘရာဇီးကွင်းလယ်ကစားသမားဟာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာပြီးနောက် လီယွန်နယ်မက်ဆီကစားနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီသို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
ကက်စ်မီရိုက အင်တာမိုင်ယာမီတွင် Ballon d'Or ၈ ကြိမ်ရ လီယွန်နယ်မက်ဆီနှင့် တွဲကစားလာရမှာ ဖြစ်လို့ အိပ်မက်တကယ်ဖြစ်လာပြီဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
ကက်စ်မီရိုက "ကစားသမားတိုင်း သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားနဲ့ တွဲကစားလိုကြတယ်။ ကျွန်တော့်အတွက်လည်း ဒီအတိုင်းပါပဲ။ သမိုင်းမှာ အကောင်းဆုံးကစားသမားနဲ့ တွဲကစားဖို့ အိပ်မက်မက်လာတာပါ။ ဒီအပေါ် ပျော်ရွှင်ချင်တယ်။ သူက အောင်နိုင်သူ ဖြစ်လို့ ဆက်ပြီးအောင်မြင်မှု ရအောင် ကူညီချင်တယ်။ သူ့ဆီကိုပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အောင်မြင်လိုတဲ့ ကစားသမားတစ်ဦး ပူးပေါင်းလာတာပါ။ နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဆိုတာ အလွှာပါးပါးလေးပဲ ခြားနားတာပါ။ ဒါပေမဲ့ ကျုပ်ကတော့ ယှဉ်ပြိုင်ချင်တယ်။ သူ့ကို ကူညီဖို့ ရောက်လာတာပါ။ သူ့ကို ကူညီမယ်။ သူက ဘောလုံးနတ်ဘုရားမဟုတ်ဘူးဆိုရင်တောင် နတ်ဘုရားတွေထဲက တစ်ပါးပါ။ သူ့ ပျော်ရွှင်မယ်၊ ဆက်ပြီးတော့ အောင်မြင်ချင်တယ်"လို့ ပြောကြားသွားပါတယ်။
ကက်စ်မီရိုနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ ရီးရဲလ်မက်ဒရစ်တွင် တွဲကစားစဉ်တုန်းက ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ဆွတ်ခူးခဲ့ကြဖူးပါတယ်။
ကက်စ်မီရိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက စီအက်ဖ်မွန်ထရီရယ်ကို အနိုင်ရတဲ့ပွဲစဉ်တွင် အင်တာမိုင်ယာမီအတွက် ပထမဆုံးပွဲကစားခဲ့ပါတယ်။
ကက်စ်မီရိုဟာ မက်ဆီနှင့်ရော ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပါ တွဲကစားဖူးတဲ့ ကစားသမား ၃၀ ဝန်းကျင်ထဲမှ တစ်ဦး ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

image