ဘင်ဖီကာနောက်ခံလူဆေးလ်ဗားကို ပေါင် ၂၆ သန်းဖြင့် ခေါ်ယူရန် ဘုန်းမောက် သဘောတူညီမှု ရရှိလာ
======================
ဘုန်းမောက်ဟာ ဘင်ဖီကာဗဟိုနောက်ခံလူအန်တိုနီယိုဆေးလ်ဗားကို ပေါင် ၂၆ သန်းနီးပါးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၂၂ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ဟာ ကလပ်နှစ်ခုအကြားတွင် ပြောင်းရွှေ့ကြေး ပေါင် ၂၁.၄ သန်းအပြင် နောက်ထပ် ပေါင် ၄.၃သန်းထပ်မံပေးရမယ့်အချက်ဖြင့် သဘောတူညီမှု ရရှိသွားပြီးနောက် အပြောင်းအရွှေ့အပြီးသတ်ရေး ဆေးစစ်ဆေးမှုခံယူရန် အင်္ဂလန်သို့ လာရောက်တော့မှာ ဖြစ်ပါတယ်။
ဘုန်းမောက်ဟာ စာချုပ်သက်တမ်းကုန်ဆုံးကာ စပါးစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားတဲ့ အာဂျင်တီးနားနောက်ခံလူဆီနီဆီရဲ့နေရာတွင် တိုက်ရိုက်အစားထိုးရန် ဆေးလ်ဗားကို ခေါ်ယူလာတာပါ။
ဆေးလ်ဗားဟာ ၂၀၂၂ ခုနှစ်တွင် ဘင်ဖီကာပထမအသင်းသို့ ထိုးဖောက်နိုင်ခဲ့ပြီးနောက် ပထမအသင်းတွင် ပုံမှန်ကစားခွင့်ရလာသူ ဖြစ်ပြီး ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင်လည်း ပါဝင်ကစားခဲ့ပါတယ်။
သူဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲ ၂၀ ကစားထားကာ ၂၀၂၂ ကမ္ဘာဖ့လားနှင့် ယူရို ၂၀၂၄ ပြိုင်ပွဲတို့တွင် ပါဝင်ခဲ့ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားလူစာရင်းမှာတော့ မပါဝင်ခဲ့ပါဘူး။
ဘုန်းမောက်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ကစားသမားရောင်းချမှုမှ ပေါင်သန်း ၂၀၀ အထိ ရရှိခဲ့ပေမဲ့လည်း ယခုနွေရာသီတွင် အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ အဲလက်စ်စကော့၊ ရာယန်နှင့် ဂျူနီယာခရူပီတို့အား ဆက်ထိန်းထားရန် ဆုံးဖြတ်ထားပါတယ်။
ခရူပီမှာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိသွားပြီးနောက် သုံးလမှ လေးလအထိ အနားယူလာရပါဦးမယ်။