ဂါနာရဲ့ ယီရန်ကီကို ကလပ်စံချိန်တင်ပြောင်းရွှေကြေးဖြင့် ဖရန့်လမ်းပတ်ရဲ့ တန်းတက်ကိုဗင်ထရီ ခေါ်ယူအားဖြည့်လာ
=====================

ပရီးမီးယားလိဂ်တန်းတက်ကိုဗင်ထရီဟာ ဂါနာအလယ်တန်းကစားသမားကာလက်ဘ်ယီရန်ကီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၀ နှစ်ရှိ ကစားသမားဟာ ကိုဗင်ထရီနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုဗင်ထရီက ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာ အတိအကျ ကြေညာလာခြင်း မရှိပေမယ့်လည်း ယူရို ၂၇ သန်းအပြင် အပိုဆုကြေး ယူရို ၃ သန်းထပ်မံပေးရမယ့်အချက်ဖြင့် ခေါ်ယူခဲ့တာလို့ သတင်းထွက်ထားပါတယ်။
ယီရန်ကီဟာ ၂၀၂၅ ခုနှစ် မေလတုန်းက ဂါနာလက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့သူ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပါဝင်ကစားခဲ့သလို ပနားမားအား အနိုင်ရတဲ့ပွဲတွင် အချိန်ပိုမှာ အနိုင်ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။
ဖရန့်လမ်းပတ်ဦးဆောင်တဲ့ ကိုဗင်ထရီဟာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သို့ တန်းတက်လာနိုင်ပြီးနောက် ယခုနွေရာသီတွင် ၅ ဦးမြောက် ကစားသမား ခေါ်ယူအားဖြည့်လာတာပါ။
သူဟာ Right to Dream အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် နော်ဂျက်လန်းသို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒိန်းမတ်စူပါလီဂါရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အလယ်တန်းကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ကလပ်နှင့် နိုင်ငံအသင်းတို့တွင် လိုအပ်လာပါက ညာနောက်ခံလူအဖြစ်လည်း ကစားနေသူ ဖြစ်ပါတယ်။

image