လျို့ဝှက်ချစ်သူအား ယူအီးအက်ဖ်အေက ငွေပေးခဲ့တယ်ဆိုတဲ့ သတင်းကို အင်ဖန်တီနို ငြင်းဆိုလာ
======================
ဂျီယန်နီအင်ဖန်တီနိုဟာ ယူအီးအက်ဖ်အေတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွက် သူ့ရဲ့ လျော်ကြေးငွေအား နောက်ကွယ်တွင် ဖော်က်ပြန်နေတဲ့ ချစ်သူအား ယူအီးအက်ဖ်အေက ပေးခဲ့ရတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုလာပါတယ်။
Daily Telegraph က ယူအီးအက်ဖ်အေဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အင်ဖန်တီနိုရဲ့ ရာထူးထွက်ခွာအပိုဆုကြေးအား ဇနီးသည်ရဲ့ နောက်ကွယ်တွင် ဖောက်ပြန်နေတဲ့ ချစ်သူအား ပေးခဲ့ရကြောင်း စုံစမ်းဖော်ထုတ် ရေးသားလာပါတယ်။
အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူများထံ ရောင်းစားမယ့် အစီအစဉ်အတွက် အပြင်းအထန် ဝေဖန်မှုများ ကြုံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ယင်းအစီအစဉ်အား ဖျက်သိမ်းလိုက်ပြီ ဖြစ်ပေမယ့်လည်း နောက်ဆက်တွဲ ဖြစ်ရပ်အဖြစ် ယခင် လုပ်ဆောင်ခဲ့တဲ့ အရာများအား ဖော်ထုတ် ရေးသားခြင်းခံနေရတာပါ။
ဒါပေမဲ့လည်း ဖီဖာဥက္ကဌအင်ဖန်တီနိုရဲ့ ပြောရေးဆိုင်ခွင့် ရှိသူက နစ်နာကြေးငွေများအား ယူအီးအက်ဖ်အေက ချစ်သူအား ပေးခဲ့ရတယ်ဆိုတဲ့ Daily Telegraph ရဲ့ ဖော်ပြမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလာပါတယ်။
Telegraph က ယူအီးအက်ဖ်အေဟာ အင်ဖန်တီနိုအတွက် နစ်နာကြေး ငွေ ကိန်းဂဏန်းခြောက်လုံး ပမာဏအား ဇနီးသည်ရဲ့ နောက်ကွယ်တွင် ဖောက်ပြန်နေတဲ့ ချစ်သူအား ပေးခဲ့ကြောင်း ဖော်ပြသွားပါတယ်။
ဒါ့အပြင် ယူအီးအက်ဖ်အေကလည်း ယင်းငွေပေးချေမှုအား ထိုစဉ်တုန်းက ဒေသတွင်း စီးပွားရေကျောင်းတစ်ခုတွင် MBA တက်နေတဲ့ အမျိုးသမီးရဲ့ ကျောင်းစရိတ်အဖြစ် ပေးခဲ့ကြောင်း အတည်ပြုထားပါတယ်။
အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားအား ရောင်းစားမယ့် အစီအစဉ်ကြောင့် ဥက္ကဌရာထူးမှ နုတ်ထွက်ရေး ဖိအားပေးခြင်းခံနေရပေမယ့်လည်း လာမယ့်နှစ် မတ်လတွင် ကျင်းပမယ့် ဖီဖာကွန်ဂရက်တွင် ဖီဖာဥက္ကဌအဖြစ် စတုတ္ထအကြိမ်မြောက် တာဝန်ထမ်းဆောင်ရေး ဆက်လက် ယှဉ်ပြိုင်လာဖို့ ရှိနေပါသေးတယ်။