၂၀၂၇ နှစ်လယ်မှစ၍ ဟိုချီမင်းစီးတီးတွင် ဒီဇယ်၊ ဓာတ်ဆီသုံးယာဉ်များ လျှော့ချကန့်သတ်မည်
ဗီယက်နမ်၏ စီးပွားရေးအချက်အချာကျသော ဟိုချီမင်းစီးတီးသည် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသောဇုန်(LEZ) ၏ တစ်စိတ်တစ်ဒေသအနေဖြင့် ၂၀၂၇ နှစ်လယ်မှစ၍ မြို့လယ်ဧရိယာတွင် ဓာတ်ဆီနှင့် ဒီဇယ်သုံးယာဉ်များ မောင်းနှင်ပြေးဆွဲမှုကို တဖြည်းဖြည်းကန့်သတ်သွားရန် အဆိုပြုထားကြောင်း နိုင်ငံပိုင် Thanh Nien သတင်းစာက မြို့ တော် အာဏာပိုင်များကို ကိုးကား၍ သတင်းရေးသားဖော်ပြခဲ့သည်။
အဆိုပြုချက်အရ မြို့သည် ၂၀၂၇ ခုနှစ် ဇူလိုင်လမှစ၍ ၎င်း၏ အဓိကမြို့လယ်ခေါင်ဧရိယာနှင့် ဟက်တာ ၉၃၀ ခန့်ရှိသော Thu Thiem မြို့ပြဧရိယာအသစ်တွင် LEZ ရှေ့ပြေးစမ်းသပ်အစီအစဉ်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Thanh Nien က ဖော်ပြခဲ့သည်။
နှစ်နှစ်ကြာ စမ်းသပ်အစီအစဉ်ပြီးနောက်တွင် LEZ ကို ၂၀၂၉ ခုနှစ်အစောပိုင်းမှစ၍ မြို့၏ အမှတ် 2 မြို့ပတ်လမ်း Ring Road 2 အတွင်းသို့ တိုးချဲ့သွားမည်ဖြစ်ကာ ထိုဧရိယာသည် သတ်မှတ်ထားသော အချိန်အတွင်း ကုန်တင်ကားကြီးများနှင့် အိပ်ခန်းပါဘတ်စ်ကားများကို မြို့တွင်း၌ မောင်းနှင်ခွင့်ကန့်သတ်ထားပြီးဖြစ်ကြောင်း ဆက်လက်ဖော်ပြခဲ့သည်။
LEZ အကောင်အထည်ဖော်မှုကို မူလက ၂၀၂၆ ခုနှစ်အစောပိုင်းတွင် စတင်ရန် စီစဉ်ထားခြင်းဖြစ်ကာ အချိန်ဇယားသစ်သည် ယခင်အဆိုပြုချက်ထက် နောက်ဆုတ်ထားသည်။
ပြန်လည်ပြင်ဆင်ထားသော အစီအစဉ်သည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော သယ်ယူပို့ဆောင်ရေးအခြေခံအအုံစတင်ခြင်းနှင့် ကိုက်ညီစေရန် အတိုင်းအတာနှင့် တိုးတက်မှုမှတ်တိုင်အချို့ကို ချိန်ညှိပေးပြီး ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းများကို ယာဉ်များပြောင်းလဲရန် အချိန်ရရှိစေသည်။
ဘတ်စ်ကားများသည် ပြောင်းလဲရန် ပထမဆုံးလိုအပ်သော အုပ်စုဖြစ်ပြီး ၂၀၂၇ ခုနှစ်မှစ၍ LEZ ကိုစတင်ကျင့်သုံးချိန်တွင် လျှပ်စစ် သို့မဟုတ် သန့်ရှင်းသောစွမ်းအင်ကို အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။
မော်တော်ဆိုင်ကယ်၊ တက္ကစီမောင်းသူများနှင့် ပစ္စည်းပို့ဆောင်ရေး အတွက် စီးနင်းသူများသည် နောက်ဆက်တွဲလိုက်ပါလာမည်ဖြစ်ပြီး တက္ကစီကဲ့သို့သော အခြားအမျိုးအစားများသည် နောက်ပိုင်းသတ်မှတ်ရက်များတွင် ရင်ဆိုင်ရမည်ဖြစ်သည်။
အဆိုပြုချက်ကို တရားဝင် အတည်မပြုမီ နောက်ထပ်ပြန်လည်သုံးသပ်ရန် လိုအပ်နေဆဲဖြစ်သည်။