မက္ကာကာကွယ်ရေးစာချုပ်တွင် ပါဝင်ရန် ဘင်္ဂလားဒေ့ရှ် စဉ်းစားမည်
ဆော်ဒီအာရေဗျ၊ တူကီယေးနှင့် ပါကစ္စတန်နိုင်ငံတို့ ယခုလတွင် လက်မှတ်ရေးထိုးခဲ့သော အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်ဖြစ်သည့် မက္ကာစာချုပ်တွင် ပါဝင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စဉ်းစားမည်ဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်သည် ၎င်း၏ နိုင်ငံခြားဆက်ဆံရေး အထူးသဖြင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးတွင် ရှုပ်ထွေးစေနိုင်သည်။
“အရှေ့အလယ်ပိုင်းရှိ အစ္စလာမ်မစ်နိုင်ငံတွေအတွင်း လုံခြုံရေးအစီအစဉ်တစ်ခုရှိခဲ့ရင် ပါဝင်ဖို့ စဉ်းစားတာက ကျွန်တော်တို့အတွက် မထူးဆန်းပါဘူး။ ဒါကို အပြုသဘောဆောင်တဲ့အမြင်နဲ့ ရှုမြင်နေကြပါတယ်” ဟု ဂျူနီယာနိုင်ငံခြားရေးဝန်ကြီး ဟူမာယွန် ကဘီယာက ပြောကြားခဲ့သည်။
“သူတို့က ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ပိုင်း အထူးသဖြင့်တော့ ဝန်ကြီးချုပ် တာရစ် ရာမန်ကို ပါဝင်လာဖို့ ဖိတ်ခေါ်နေကြပါတယ်” ဟု ၎င်းက တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒါကာကို စာချုပ်တွင် ပါဝင်ရန် ဆော်ဒီအာရေဗျနိုင်ငံက ဖိတ်ခေါ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့သော်လည်း ဖိတ်ကြားချက်ကို မည်သည့်အချိန်က ပြုလုပ်ခဲ့ကြောင်းကိုမူ မပြောခဲ့ပေ။
ဆွန်နီမွတ်ဆလင်အများစုနေထိုင်သော နိုင်ငံသုံးနိုင်ငံသည် ယခုလတွင် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၌ နေတိုး၏ စုပေါင်းကာကွယ်ရေးမူကို အခြေခံသော သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အရှေ့အလယ်ပိုင်းတစ်ခွင်တွင် အီရန်၏ ဒုံးကျည်ပစ်ခတ်မှုများကြောင့် ဒေသတွင်း တင်းမာမှုများမြင့်တက်နေချိန်တွင် အဖွဲ့ဝင်တစ်နိုင်ငံအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုမျိုးကြုံလာပါက အဖွဲ့ဝင်အားလုံးကို တို-က်ခိုက်မှုအဖြစ် သတ်မှတ်မည်ဟု ၎င်းတို့က ကတိပြုခဲ့သည်။
တူကီယေးကဲ့သို့ပင် ဘင်္ဂလားဒေ့ရှ်သည် ဘာသာရေးကိုအခြေမခံသော သမ္မတနိုင်ငံဖြစ်သော်လည်း ၎င်း၏ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ဆွန်နီမွတ်စလင်များဖြစ်ကြသည်။
ဝန်ကြီး၏ ပြောဆိုချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုခဲ့သော်လည်း တောင်အာရှနိုင်ငံရှိ ဆော်ဒီအာရေဗျ၊ တူကီယေးနှင့် ပါကစ္စတန်သံရုံးများက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။
နျူကလီးယားလက်နက်ပိုင် ပါကစ္စတန်နှင့် ထိပ်တန်းရေနံတင်ပို့နိုင်ငံ ဆော်ဒီအာရေဗျတို့နှင့် သဘောတူညီချက်ကို ပမာဏတိုးချဲ့သွားရန် လမ်းဖွင့်ထားကြောင်း နေတိုးအဖွဲ့တွင် ဒုတိယအကြီးဆုံးစစ်တပ်ကို ပိုင်ဆိုင်သော တူကီယေးသည် ပြောကြားခဲ့သည်။