တောင်ကျရေကြောင့် ဘီလင်းမြစ်ရေ မြင့်တက်၊ နေအိမ်များ ရေဝင်၍ ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ဘီလင်းမြစ်ရေ မြင့်တက်ကာ ကန်သာယာရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲခန့်မှစ၍ ဘီလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေများ စီးဆင်းလာခြင်းကြောင့် ဘီလင်းမြစ်ရေ မြင့်တက်လာကာ ကန်သာယာရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ရေဝင်ရောက်မှုကြောင့် ဘီလင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများကို ကန်သာယာရပ်ကွက်ရှိ အားကစားခန်းမသို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
လက်ရှိတွင် မိုးရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုအခြေအနေများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက်စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image