YBS ခရီးသည်တင်ယာဉ် ၃၄၀၀ စီးခန့်သာ ပြေးဆွဲပေးနိုင်
-----------------
YRTC ကြီးကြပ်မှုအောက်မှာ စုစုပေါင်း YBS ခရီးသည်တင်ယာဉ် (၅၃၉၉) စီးရှိပေမယ့် လက်ရှိမှာ YBS ခရီးသည်တင်ယာဉ် (၃၄၀၀) ခန့်သာ ပြေးဆွဲပေးနိုင်တယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောပါတယ်။
တချို့ယာဉ်တွေက မော်တော်ယာဉ် သက်တမ်းကြာမြင့်တာ၊ ယာဉ်အပိုပစ္စည်းရှားပါးပြီး ဈေးနှုန်းကြီး မြင့်တာ၊ ဝယ်ယူလဲလှယ်ဖို့ခက်ခဲတာ၊ အကြီးစား၊ အလတ်စားနဲ့ အသေးစားပြုပြင်ဖို့ ရှိတာတွေကြောင့် CNG အသုံးပြုယာဉ်အစီးရေ (၃၁၀၀) ခန့်နဲ့ ဒီဇယ်အသုံးပြုယာဉ်အစီးရေ (၃၀၀) ခန့်သာ ပြေးဆွဲပေးနိုင်တယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောပါတယ်။
ဩဂုတ်လ ၂၈ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒသမနေ့မှာ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းရဲ့ ရန်ကုန်မြို့တော်အတွင်း ဘတ်(စ်)ကားယာဉ်အသစ်တွေနဲ့ ယာဉ်အပိုပစ္စည်းတွေ အမြန်ဆုံး တင်သွင်းခွင့်ရရှိရေးနဲ့ စပ်လျဉ်းတဲ့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှု အောက်မှာ YBS အများပိုင် ကုမ္ပဏီ (၂၁) ခုက YBS ယာဉ်လိုင်း (၁၄၅) လိုင်း၊ စာရင်းရှိယာဉ်အစီးရေ (၅၃၉၉) စီးရှိပြီး လက်ရှိမှာ YBS ယာဉ်လိုင်း (၁၃၃) လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ် (၃၄၀၀) စီးခန့်နဲ့ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းခန့်ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးတယ်လို့ပြောပါတယ်။
လက်ရှိပြေးဆွဲနေတဲ့ CNG၊ ဒီဇယ်သုံး ခရီးသည်တင် မော်တော်ယာဉ်တွေအနက် အသေးစားနဲ့ အလတ်စားပြုပြင်ဖို့ လိုအပ်တဲ့ ယာဉ်တွေကို စီမံချက်ရေးဆွဲချမှတ်ကာ အမြန်ဆုံးပြုပြင်နိုင်ဖို့အတွက် တွန်းအားပေး ကြပ်မတ်ဆောင် ရွက်နေပြီး လတ်တလောအနေနဲ့ BUS အသစ်တွေ ဝယ်ယူဖြည့်တင်း ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဖြေကြားခဲ့ပါတယ်။