ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ စတင်အာဏာတည်
---------------------------

ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ဥပဒေ အမှတ် ၅/၂၀၂၆) ဟာ ဩဂုတ်လ ၂၇ ရက်ကစတင်ပြီး အာဏာတည်စေရမယ်လို့ အဲဒီ ဥပဒေပုဒ်မ ၂ အရ သတ်မှတ်လိုက်တာကို နိုင်ငံတော်သမ္မတရုံးက ဩဂုတ်လ ၂၇ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါ တယ်။
အဲဒီ ဥပဒေမှာတော့ အခန်း (၁၈) ခန်း နဲ့ ပုဒ်မပေါင်း (၈၅) ခု ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဥပဒေထဲမှာတော့ ဒုတိယသမ္မတ တစ်ဦးက ဥက္ကဋ္ဌ အဖြစ် ပါဝင်တဲ့ ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းရမယ်လို့ ဖော်ပြပါရှိပါတယ်။
ဗဟိုကော်မတီအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ စံချိန်စံညွှန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်တာ ရှိ၊ မရှိ စိစစ်ကြပ်မတ်ရေး၊ ပြည်ပကနေ တင်သွင်းတဲ့ တည်ဆောက်ရေး ပစ္စည်းတွေနဲ့ ပြည်တွင်းက ထုတ်လုပ်တဲ့ တည်ဆောက်ရေးပစ္စည်းတွေ အရည်အသွေး ပြည့်မီတာ ရှိ၊ မရှိ စိစစ်ကြပ်မတ်ရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာ လုပ်ငန်းတာဝန်အလိုက် ဦးစီးကော်မတီတွေ၊ ဆပ်ကော်မတီနဲ့ အဖွဲ့အစည်း တွေကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်တယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။
ဗဟိုကော်မတီဟာ တည်ဆောက်ရေးလုပ်ငန်း၊ ဆောက်လုပ်မှုလုပ်ငန်းစဉ်၊ စံချိန်စံညွှန်းတွေနဲ့ အရည် အသွေးစတဲ့ ဆောက်လုပ်မှုကဏ္ဍနဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လိုအပ်ရင် အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ အဖွဲ့ ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး လုပ်ငန်း တာဝန် သတ်မှတ်ဖွဲ့စည်းနိုင်တယ်လို့ လည်း ဥပဒေမှာ ဖော်ပြပါရှိပါတယ်။
ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန် (၁၆) ချက်ရှိပြီး အဲဒီထဲမှာ ဆောက်လုပ်မှုကဏ္ဍကို စနစ်ကျနပြီး တစ်ပြေးညီကျင့်သုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် မူဝါဒနဲ့ စံချိန်စံညွှန်းတွေ ချမှတ်တာ၊ ခေတ်နဲ့အညီ တိုးတက်လာတဲ့ တည်ဆောက်ရေးဆိုင်ရာနည်းပညာတွေကို လေ့လာသုတေသနပြုပြီး မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ နည်းပညာတွေ ပြန့်ပွားဖို့ ဆောင်ရွက်စေတာ၊ အများပြည်သူသုံး အဆောက် အအုံတွေ၊ အများပြည်သူအန္တရာယ်ဖြစ်စေနိုင်တဲ့ အဆောက်အအုံတွေ၊ အဆိပ်အတောက်နဲ့ ပေါက်ကွဲ စေတတ်တဲ့ အရာဝတ္ထု သိုလှောင်ရုံတွေ ဆောက်လုပ်ဖို့အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီက တင်ပြလာရင် အတည်ပြုတာ ဒါမှမဟုတ် ငြင်းပယ်တာ စတဲ့ လုပ်ငန်းတာဝန်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေ နဲ့ ဆောင်ရွက်တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို စံချိန်စံညွှန်းနဲ့ ညီညွတ်မှု ရှိ၊မရှိ သက်ဆိုင်ရာ ဦးစီးဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် တတိယအဖွဲ့အစည်းကို အခါအားလျော်စွာ တာဝန်ပေးအပ် စစ်ဆေးစေပြီး တင်ပြလာတဲ့ အရည်အသွေး ပြည့်မီမှုမရှိတဲ့ လုပ်ငန်းတွေကို ပြင်ဆင်စေတာ ဒါမှမဟုတ် ဖျက်သိမ်းပြီး ပြန်လည်တည်ဆောက်စေတဲ့ အချက်လည်း လုပ်ငန်းတာဝန်မှာ ပါဝင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်အရ သိရပါတယ်။

image