မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် စတင်ခေါ်ယူ၊ GCE A Level နှင့် IB Diploma ရရှိသူများပါ လျှောက်ထားနိုင်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်များ စတင်ခေါ်ယူနေပြီဖြစ်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအပြင် GCE A Level နှင့် IB Diploma ရရှိထားသူများပါ လျှောက်ထားနိုင်ကြောင်း သိရသည်။
တက္ကသိုလ်တွင် တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM) ၅ နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့ (BASc) ၄ နှစ်သင်တန်းတို့ ဖွင့်လှစ်ထားပြီး ယခုနှစ်တွင် သင်တန်းတစ်ခုလျှင် အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၇၅ ဦးစီဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၀၀ လက်ခံသွားမည်ဖြစ်သည်။
ဝင်ခွင့်အရည်အချင်းအနေဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS (1) ဘာသာတွဲဖြင့် DVM သင်တန်းအတွက် စုစုပေါင်း ၄၁၀ မှတ်နှင့် BASc သင်တန်းအတွက် ၃၅၀ မှတ် ရရှိထားရမည်ဖြစ်သည်။ ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် မွေးမြူရေးအတတ်ပညာကို Grade A ဖြင့် အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်သည်။
GCE A Level နှင့် IB Diploma ရရှိထားသူများအနေဖြင့်လည်း သတ်မှတ်ထားသည့် Grade နှင့် Point များနှင့်ကိုက်ညီပါက ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်သည်။
သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် လက်တွေ့လုပ်ငန်းများနှင့် မွေးမြူရေးခြံများသို့ ကွင်းဆင်းလေ့ကျင့်မှုများ ပြုလုပ်ရမည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
လျှောက်လွှာများကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဝက်ဘ်ဆိုက်မှ ရယူနိုင်ပြီး အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ သင်တန်းရေးရာဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ ပေးပို့လျှောက်ထားနိုင်သည်။
GCE A Level နှင့် IB Diploma ဖြင့် လျှောက်ထားလိုသူများအနေဖြင့် ဖုန်း ၀၆၇-၃၄၁၆၆၅၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။