ရေဘေးသင့် နီပေါနိုင်ငံသို့ နိုင်ငံတကာအကူအညီများ စတင်ပေးပို့
နီပေါနိုင်ငံတွင် လူပေါင်း ၁၆၀ ကျော် သေဆုံးပြီး ရာပေါင်းများစွာ ပျေ-ာက်ဆုံးနေသည့် ပြင်းထန်သော ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ငွေကြေး၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အရေးပေါ်အထောက်အပံ့များ စတင်ပေးပို့လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေကြေးအကူအညီများ နီပေါနိုင်ငံသို့ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက X လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ (EU) အနေဖြင့်လည်း နီပေါနိုင်ငံအတွက် ဥရောပဘက်မှ အကူအညီများ ထပ်မံစုစည်းပေးအပ်ရန် အသင့်ရှိကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗန်ဒါလီယန်က ပြောကြားထားသည်။
အိန္ဒိယနိုင်ငံက ယာယီအမိုးအကာများ၊ စောင်များ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များနှင့် ဆေးဝါးများအပါအဝင် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း မက်ထရစ်တန် ၁၀ တန်ကို ပေးပို့ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
နီပေါကြက်ခြေနီအသင်း၏ ရေဘေးတုံ့ပြန်ရေးလုပ်ငန်းများကို ပံ့ပိုးရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) က အရေးပေါ်ရန်ပုံငွေအဖြစ် ဆွစ်ဖရန့် ၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄ သန်းခန့်) ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စုကလည်း နီပေါနိုင်ငံသို့ သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ အကြံပေးတစ်ဦး စေလွှတ်ထားပြီး အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိ အရေးပေါ်ရန်ပုံငွေ ပံ့ပိုးပေးလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဆေးဝါးများနှင့် ဘက်စုံသုံးတဲများအပါအဝင် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ထားကြောင်း WHO ၏ နီပေါနိုင်ငံဆိုင်ရာရုံးက ထုတ်ပြန်ထားသည်။
နီပေါနိုင်ငံတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေချိန်၌ ရေဘေးသင့်ဒေသများအတွက် နိုင်ငံတကာအကူအညီများလည်း ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။