ညောင်တုန်းကျွန်းတာ ကာကွယ်ရေးလုပ်ငန်းများဆက်တိုက်ဆောင်ရွက်နေ
-----------------

ညောင်တုန်းကျွန်းတာ တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ဆက်တိုက် ဆောင်ရွက်နေတယ်လို့ မအူပင်ခရိုင် ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ၊ ညောင်တုန်းမြို့နယ် ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)ဟာ တိုးမြစ်ရေ တိုက်စားမှုကြောင့် ဩဂုတ်လ ၂၅ ရက်က တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့ရတာပါ။
ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့တဲ့နေရာရဲ့အနောက်ဘက် ပေ ၂၀၀ ခန့် အကွာမှာ ယာယီပန်းတာတည်ဆောက် တဲ့လုပ်ငန်း၊ သဲအိတ်စီလုပ်ငန်းနဲ့ တာထောက်တဲ့လုပ်ငန်းတွေကို စက်ယန္တရား ၇ စီး ၊ လူအင်အား ၁၀၀၀ ကျော်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုမရှိဘူးလို့ မအူပင်ခရိုင် ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောထားပါတယ်။
နှစ်စဉ် ရေများတဲ့အချိန်တွေမှာ ကမ်းစားကမ်းပြိုမှုတွေက ဧရာဝတီတိုင်းဒေသကြီးရဲ့ နေရာအတော် များများမှာ ဖြစ်ပေါ်‌လေ့ရှိပြီး အခုဖြစ်ပွားတဲ့နေရာက ဆည်မြောင်းမြေသားတာနဲ့နီးတဲ့အတွက် ကာကွယ်ရေးလုပ်ငန်း‌တွေကို ဂရုစိုက်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တားဆီးကာကွယ်နိုင်မယ့်လုပ်ငန်းတွေကို နယ်မြေခံတပ်မတော်သားတွေ ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တွေ ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ စက်ယန္တရားတွေနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
ညောင်တုန်းကျွန်းတာအတွင်းမှာ ငါးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြတာဖြစ်ပြီး ဒေသတွင်းလုပ် ငန်းတွေ မထိခိုက်စေဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မထိခိုက်စေဖို့အတွက် တာကိုယ်ထည်တိုက် စားခံရမှုကို အမြန်ဆုံးကာကွယ်တဲ့နည်းလမ်းတွေနဲ့ ဆက်တိုက်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ လက်ရှိ ငါးကန်တစ်ဧက ရဲ့ အရင်းအနှီးက ကျပ် သိန်း ၆၀ ကနေ သိန်း ၇၀ အထိ ရှိနေတယ်လို့ ညောင်တုန်းမြို့က ငါးကန် ပိုင်ရှင်တွေဆီက သိရပါတယ်။

image