ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လက်ခံတွေ့ဆုံ

အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေကြမ်းအပါဝင် ဥပဒေပြုရေးလုပ်ဆောင်နေမှုများဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Dr. Md. Monwar Hossain ကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ လက်ခံတွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

တွေ့ဆုံစဉ် ရွေးကောက်ပွဲအပြီး လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ခေတ်နှင့်လျော်ညီသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။

ထို့ပြင် အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းဆွေးနွေးခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းပုံနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

image

ရထားလက်မှတ်များကို Social Media မှတစ်ဆင့် အပိုဝန်ဆောင်ခယူ၍ ရောင်းချနေမှုများအား တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု မြန်မာ့မီးရထား သတိပေး

မြန်မာ့မီးရထား၏ အွန်လိုင်းရထားလက်မှတ်ဝယ်ယူမှုစနစ် (Online Railway Ticket Prospect - ORTP) ကို အသုံးပြု၍ TikTok၊ Facebook၊ Telegram နှင့် Viber စသည့် Social Media များမှတစ်ဆင့် အပိုဝန်ဆောင်ခကောက်ခံကာ လက်မှတ်ဝယ်ယူပေးနေမှုများကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတိပေးထုတ်ပြန်လိုက်သည်။

မြန်မာ့မီးရထားသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ အမြန်ရထားများအတွက် ORTP စနစ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး၊ လက်မှတ်တစ်စောင်လျှင် တင်ဒါအောင်ကုမ္ပဏီမှ သတ်မှတ်ထားသည့် ဝန်ဆောင်ခ ကျပ် ၂၀၀ နှင့် ဘဏ်ငွေလွှဲခများကိုသာ ကောက်ခံခွင့်ပြုထားခြင်းဖြစ်သည်။

လက်ရှိတွင် Social Media များပေါ်၌ မြန်မာ့မီးရထား၏ ခွင့်ပြုချက်မရှိဘဲ အပိုဝန်ဆောင်ခများဖြင့် လက်မှတ်ဝယ်ယူပေးနေသည့် လုပ်ဆောင်ချက်များကို တွေ့ရှိနေရသဖြင့် အောက်ပါအတိုင်း အသိပေးထားပါသည် -

တရားဝင်ခွင့်ပြုချက်မရှိခြင်း

မြန်မာ့မီးရထားသည် မည်သည့်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်ကိုမျှ အပိုဝန်ဆောင်ခကောက်ခံရန် တာဝန်ပေးအပ်ထားခြင်းမရှိပါ။

ဥပဒေအရအရေးယူမည်

Social Media မှတစ်ဆင့် ဝန်ဆောင်ခယူကာ လက်မှတ်ဝယ်ယူပေးနေသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ခရီးသည်များအတွက် အကူအညီ

အွန်လိုင်းမှ ဝယ်ယူရန် အခက်အခဲရှိသော ခရီးသည်များအတွက် ဘူတာရုံများတွင် အထောက်အကူပြုကောင်တာများ ဖွင့်လှစ်ပေးထားပြီး ဘူတာဝန်ထမ်းများမှ ORTP စနစ်ဖြင့် ဝယ်ယူပေးရန် စီစဉ်ထားရှိသည်။

image

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad Group နှင့် ပူးပေါင်းဆွေးနွေး

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုတွင် ဖလင်များကို စနစ်တကျထားသိုထိန်းသိမ်းခြင်းနှင့် ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြု၍ ရေရှည်ထိန်းသိမ်းနိုင်ရေးနည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ဂန္ထဝင်ရုပ်ရှင်ဖလင်ဟောင်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲမြှင့်တင်နိုင်ရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

Prasad Group (Prasad Corporation) သည် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ အိန္ဒိယနိုင်ငံ၏ နာမည်ကြီး ရုပ်ရှင်နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ဟောလိဝုဒ်ဂန္ထဝင်ဇာတ်ကားများအပါအဝင် နိုင်ငံတကာရုပ်ရှင်ပေါင်း ၄,၀၀၀ ကျော်ကို ဒီဂျစ်တယ်နည်းပညာဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းပေးခဲ့သည့် ရုပ်ရှင်မော်ကွန်းထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

image

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်မှ တဆင့် သိရခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦများ စနစ်တကျရှိစေရေးနှင့် အမြင်မတင့်တယ်သော ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းခြင်း၊ မြေအောက်သို့ ချခင်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို
လည်း ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၁)၊ ဆက်သွယ်ရေးအော်ပရေတာကြီး (၄) ခု၊ Eager ကုမ္ပဏီနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသော (ISP) ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းကို အမြန်ဆုံးနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသူများက ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးတင်ပြကြသည်ဟု သိရသည်။

image

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက်အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက်အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။

NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အလွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သူများကြား အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့်ဆွေးနွေးအဖြေရှာရေးအ တွက် သက်ဆိုင်သူများအားတိုက်တွန်းရေး၊ ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် NCA အနှစ်သာရကိုအခြေခံသော အားလုံးပါ ဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ထုတ်ရေးနှင့် စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိဒေသခံများ ငြိမ်းချမ်းရေးအသီးအပွင့်များခံစားနိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဆောင်ရွက်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင် ငံတကာအကူအညီများရရှိနိုင်ရေးနှင့် သက်ဆိုင်သူ များအားလုံးပါဝင်နိုင်မည့် အစည်းအဝေးကျင်းပရာနေ ရာ(ပြည်တွင်း/ပြည်ပ)ကိုရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကိုလည်းဆွေးနွေးကြကြောင်း သိရသည်။

ထို့ပြင် NSPNC အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်မှ ကော်မတီကဆောင်ရွက်မည့် ငြိမ်းချမ်းရေးအစီအစဉ်များအားရှင်းလင်းဆွေးနွေးပြီး NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဖော်ဆောင်မှုဆိုင်ရာ သဘောထားများကိုအဆို ပြုတင်ပြခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ အစိုးရသစ်ရက်(၁၀၀)အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ကာလသတ်မှတ်ချက်၊ အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ၊ လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများကို ကော်မတီတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ် (တိုင်ပေ)နိုင်ငံသား(၁၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦးနှင့် ပါကစ္စတန်နိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အ မှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

မြန်မာ-လာအို တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေး

မြန်မာနှင့် လာအို တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Vanhthong Boudtavong တို့ ဇွန် ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် အစိုးရ၏ လုပ်ဆောင်ချက်များ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒအတိုင်း အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဟန်ချက်ညီစွာ ဆက်ဆံဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

နှစ်ဖက်တာဝန်ရှိသူများသည် မြန်မာ-လာအို နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး၊ သံတမန်ဆက်ဆံရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် CLMV အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများအကြား ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ဆိုင်ရာကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုနှင့် အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်မှု၊ သင်တန်းသားများ ဖလှယ်ရေးအစီအစဉ်များ၊ မဲခေါင်မြစ်လုံခြုံရေးအပါအဝင် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မန္တလေးငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် လာအိုနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ်ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း မြန်မာဘက်က ပြောကြားခဲ့ကြောင်း သိရသည်။

image

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် စာသင်ကျောင်းများတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေရေးအတွက် ဆရာ၊ ဆရာမများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ကျောင်းသား၊ ကျောင်းသူ လူငယ်တွေအနေနဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ်တဲ့ Mindset ရရှိလာတဲ့အထိ ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

ထို့ပြင် ရှိပြီးသား ရေအရင်းအမြစ်များကို အကျိုးရှိရှိ စနစ်တကျ အသုံးချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် သဘာဝက ပေးအပ်ထားသည့် ကမ္ဘာ့အမွေအနှစ်နှင့် မြန်မာ့အမွေအနှစ်များဖြစ်သည့် အင်းတော်ကြီးကန်နှင့် အင်းလေးကန်တို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အတူ ရေဝေရေလဲသစ်တောများနှင့် ဆည်တာတမံများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ရေအရင်းအမြစ်များကို ထိန်းသိမ်းပေးနိုင်သည့် သစ်ပင်များကိုလည်း ရှင်သန်ဖြစ်ထွန်းလာစေရေး စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

image

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

“ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ပါက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများစွာ ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ရေချိုအရင်းအမြစ်များကို ထိန်းသိမ်းအသုံးချနိုင်ရေးအတွက် အနိမ့်တမံများ တည်ဆောက်ခြင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ မြို့ပြနှင့် ကျေးလက်သောက်သုံးရေပေးဝေရေး၊ စိုက်ပျိုးရေပေးဝေရေးနှင့် ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးတို့အတွက် အလားအလာများကို ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်တို့ အပါအဝင် အဓိကမြစ်ကြီး (၄) သွယ်နှင့် မြစ်ချောင်းများ၊ သဘာဝရေကန်များ၊ စိမ့်တောများမှ နှစ်စဉ် ရေချိုဧကပေ သန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိသော်လည်း ယင်းရေချိုပမာဏ၏ အနည်းငယ်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းနှင့် အိမ်သုံးရေကဏ္ဍများတွင် အသုံးပြုနိုင်သေးကြောင်း သိရသည်။

image

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် သံနှင့်သံမဏိလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းနှင့် နည်းပညာဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်း စသည့် နည်းပညာအခြေပြု အကြီးစားကုန်ထုတ်လုပ်ငန်းများကိုလည်း တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အဆင့်မြင့်ပညာသင်ကြားပြီး လူသားအရင်းအမြစ်များကို ထိရောက်စွာ အသုံးချဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်နှစ်များမှစတင်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခဲ့သကဲ့သို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး MSME ကုန်ထုတ်လုပ်ငန်းများကိုလည်း နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ဖွံ့ဖြိုးလာစေရန် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

image