ထိုင်းဝန်ကြီးချုပ် ဗီယက်နမ် သွားမည်

ဗီယက်နမ်သမ္မတ တိုလမ်၏ ဖိတ်ကြားချက်အရ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ဟနွိုင်းသို့ သွားရောက်ရန် စီစဉ်ထားပြီး ထိုင်းနှင့် ဗီယက်နမ်အကြား ရင်းနှီးသောဆက်ဆံရေးကို ထပ်လောင်းအတည်ပြုလိုက်သည်။
ဇွန်လ ၈ ရက် နေ့မှ ၉ ရက် နေ့အထိ သွားရောက်မည့် ခရီးစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတားဆီးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လည်း မျှော်လင့်ရသည်။
မစ္စတာ အနူတင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က မစ္စတာ တိုလမ်၏ အောင်မြင်သော ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အစိုးရအဖွဲ့ကို အသိပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း ရှင်းလင်းပြောပြခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်နာဒီရက်ခ်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများကို အပြုသဘောဆောင်သော အခင်းအကျင်းများဖြင့် ကျင်းပခဲ့ပြီး နှစ်နိုင်ငံစလုံးသည် အာဆီယံအသိုက်အဝန်း၏ အရေးပါသော အဖွဲ့ဝင်များအဖြစ် အသိအမှတ်ပြုခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးချဲ့ခဲ့ပြီး နှစ်ဖက်စလုံးသည် နှစ်နိုင်ငံ ကုန်သွယ်မှုကို ဒေါ်လာ ၂၄ ဘီလျံခန့်မှ ၂၅ ဘီလျံအထိရောက်ရှိရေး ရည်မှန်းရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူညီခဲ့ကြသည်။

image

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘုရင့်လွတ်ငြိမ်းခွင့်ရရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သက်ဆင်ဟာ ထောင်ဒဏ် ၈ လ ကျခံပြီးနောက် ပြီးခဲ့တဲ့ မေလတုန်းကမှ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ သူ့ရဲ့ တစ်နှစ်ထောင်ဒဏ်က လာမယ့် စက်တင်ဘာလကျမှ ကုန်ဆုံးမှာဖြစ်လို့ အခုဆိုရင် ထောင်ဒဏ် ၃ လကျော်ပဲ ကျန်ပါတော့တယ်။
ဇွန်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မိဖုရား သုသီတာရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘုရင် မဟာဝိဇီရာလောင်ကွန်းက ရွေးချယ်ထားတဲ့ အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ဇွန်လ ၂ ရက်နေ့ ညပိုင်းက ထုတ်ပြန်တဲ့ တရားဝင် တော်ဝင်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
လွတ်ငြိမ်းခွင့်ရတဲ့အထဲမှာ သက်ဆင် ပါဝင်သလားလို့ မေးမြန်းရာမှာတော့ တရားရေးဝန်ကြီး ရုတ္ထဖွန်း နဝရတ်က ပါဝင်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ လုံးဝလွတ်မြောက်သွားဖို့နဲ့ ခြေထောက်မှာ တပ်ထားတဲ့ အီလက်ထရွန်နစ်ခြေကျင်း(EM bracelet) ကို ဖြုတ်ပစ်ဖို့အတွက် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တချို့တော့ လုပ်ဖို့ ကျန်သေးတယ်လို့ ဆိုပါတယ်။
သက်ဆင်ရဲ့ ရှေ့နေဖြစ်သူ ဝိညာတ် ချာမွန်ထရီကတော့ ဒီဆုံးဖြတ်ချက်ကို ချက်ချင်းကြီး အတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ "သူ့ရဲ့ အရည်အချင်း သတ်မှတ်ချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ဘုရင့်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်ခွင့် ရဖို့ အခြေအနေ ကိုက်ညီမှုရှိပါတယ်" လို့ ရှေ့နေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဘီလျံနာကြီး သက်ဆင်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း အာဏာအလွဲသုံးစားလုပ်မှု၊ အကျိုးစီးပွား ပဋိပက္ခဖြစ်မှုတွေကြောင့် ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၈ နှစ်ကို ကျခံဖို့အတွက် ၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေရာကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

image

အကျင့်ပျ_က်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးဆို

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျ_က်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ပေးမည်ဖြစ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။
ယနေ့ (ဇွန် ၃ )ရက်နေ့၌ ပြုလုပ်သည့် ဆေးရုံအာဏာပိုင်များနှင့် လူမှုကူညီရေးအသင်းများအကြား တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဝန်ထမ်းအချို့၏ ငွေညှစ်နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။
ထိုဖြစ်စဉ်သည် မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံတွင် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလေ_ာင်းအား ထုတ်ယူရန် ကြိုးပမ်းစဉ် ဝန်ထမ်းအချို့က ငွေကြေးတောင်းခံကာ လူမှုကွန်ယက်တွင် ဝေဖန်ခံရသည့် ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။
ယင်း ပြဿနာကို အပြုသဘောဖြင့် အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန်အတွက် ဆေးရုံတာဝန်ရှိသူများကလည်း ဆောင်ရွက်နေပြီး နောင်တွင် ပြည်သူများအပေါ် ယင်းကဲ့သို့ ခါးသီးသော ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်သွားကြရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
ထို့အတူ အလားတူပြဿနာမျိုး ထပ်မံရှိလာပါကလည်း အမြန်ဆုံး ချိတ်ဆက်ညှိနှိုင်း အရေးယူနိုင်မည့် စနစ်တစ်ရပ်ကို တိုင်ပင်နိုင်ခဲ့ကြောင်းလည်း ဝန်းရံမှူးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွှန့်က လူမှုကွန်ရက်ကတစ်ဆင့် ရေးသားထားသည်။
ထို့ပြင် ယခုယာဉ်တို_က်မှုကြောင့် ‌ေ_သဆုံးခဲ့ရသည့် ပလုံကောက်အမျိုးသမီးအတွက် အစိုးရထံမှ ရပိုင်ခွင့်ရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၃၀ ခန့်အား မိသားစုဝင်များ ရရှိနိုင်စေရေးအတွက်ပါ ဆေးရုံကြီးနှင့် ပရဟိတကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုင်ပင်ခဲ့ကြကြောင်းလည်း သိရသည်။

image

မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိသည့်အမှိုက်များကို "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးမည်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိလာသောအမှိုက်များကို "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။
"မြဝတီမြို့မှာရှိတဲ့စာသင်ကျောင်းတွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကလေးတွေကိုလည်း ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်းနဲ့ စာသင်ကြားစေချင်တယ်။ အမှိုက်နံ့တွေကြောင့်ထွက်လာတဲ့လေအစား သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုစေချင်တယ်။ အဓိ ကကတော့ ကလေးတွေတက်နေတဲ့ စာသင်ကျောင်းတွေကို ဒီထက်ပိုပြီးသန့်ရှင်းလှပအောင်လုပ်ပေးချင်လို့ပါ။ အထူးအစီအစဥ်အနေနဲ့လုပ်ပေးတာပါ"ဟု "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း ၏ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြော သည်။
ထိုသို့ အမှိုက်များသိမ်းဆည်းရာ၌ သက်ဆိုင်ရာရပ် ကွက်အလိုက် အမှိုက်သိမ်းဇုန်များတွင် အမှိုက်သိမ်းနေသည့်ယာဥ်များမှ နေ့စဥ် လိုက်လံသိမ်းဆည်းပေးမည်ဖြစ်ကာ မြဝတီမြို့စွန်ရှိ စာသင်ကျောင်းများအထိပါ အခမဲ့လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။
" ကြိုဆိုပါတယ်။ အဲ့လိုမျိုးစီစဥ်ဆောင်ရွက်ပေးတယ်ဆိုတာ။ စာသင်နေတဲ့အချိန် လေကောင်းလေသန့်ရှုပြီး စာသင်ရတာက ကလေးတွေအတွက်စာကိုပိုပြီးအာရုံ စိုက်မိစေတယ်။ ဒီလိုလုပ်ဆောင်မှုမျိုးဆိုတာ သာဓုခေါ်ရမယ့် ကောင်းမွန်တဲ့လုပ်ဆောင်မှုပါ"ဟု မြဝတီမြို့နေ ကိုဝေလင်းက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ထို့ပြင် အမှိုက်သိမ်းယာဥ်စက်ချို့ယွင်းမှုများဖြစ်ပေါ်ပါက အစားထိုးယာဥ်တစ်စီးဖြင့်လိုက်လံသိမ်းဆည်းပေးမည်ဖြစ်ကာ ကျောင်းသား/သူဦးရေများသည့် စာသင် ကျောင်းများအတွက် ပုံမှန်အမှိုက်သိမ်းယာဥ်အပြင် သီးသန့်အမှိုက်သိမ်းယာဥ်တစ်စီးကိုလည်း စီစဥ်ပေးထားကြောင်း သိရသည်။

image

အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ပြန် လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ရန်ကုန်မြို့အ ခြေစိုက်အိန္ဒိယသံရုံး၏ တာဝန်ရှိသူများကကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ မှမြန်မာနိုင်ငံသို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာချိန်တွင်လည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။

image

အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လက်ဘနွန်နှင့် အစ္စရေး ညှိနှိုင်းရေးမှူးများသည် ဇွန်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ဝါရှင်တန်ဒီစီ၌ တွေ့ဆုံခဲ့ကြကြောင်း ဖော်ပြထားသည်။
"အမေရိကန်က ဦးဆောင်သည့် ညှိနှိုင်းမှုများ၏ ရလဒ်အနေဖြင့် အစ္စရေးနှင့် လက်ဘနွန်တို့သည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ သို့သော် အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်ခတ်မှုများ လုံးဝရပ်တန့်ရေးနှင့် လီတာနီတောင်ပိုင်းဒေသ(South Litani Sector) မှ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်များအားလုံး ဆုတ်ခွာပေးရေးဟူသော အချက်များအပေါ်တွင် မူတည်နေသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image

AI နည်းပညာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အွန်လိုင်းဆွေးနွေးပွဲကို ကံ့ကော်တောစာကြည့်တိုက်တွင် ဇွန်လ ၅ ရက်၌ ကျင်းပမည်

ကံ့ကော်တော ၏ ယခုဇွန်လအတွက် အသိပညာမျှဝေခြင်း (Knowledge Sharing Session) အွန်လိုင်းဆွေးနွေးပွဲကို လာမည့် ဇွန်လ ၅ ရက် (သောကြာနေ့)၊ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကံ့ကော်တော အွန်လိုင်းစာကြည့်တိုက် (Kant Kaw Taw Library)သည် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် သုတေသီများအတွက် လူမှုသိပ္ပံနှင့် ဥပဒေရေးရာဆိုင်ရာ အီလက်ထရွန်နစ် အရင်းအမြစ်များကို အခမဲ့ ဖြန့်ချိပေးနေသည့် အဖွဲ့လည်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် (AI)နည်းပညာကို ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့် Sustainable Development အတွက် ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ သိုသော် AI က ပတ်ဝန်းကျင် အတွက် အမှန်တကယ် အကျိုးပြုနေသလား၊ သို့မဟုတ် Greenwashing အဖြစ်သာ အသုံးချခံနေရသလား ဆိုသည်မှာ ဆွေးနွေးသင့်သည့်အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်လာသည်။ပတ်ဝန်းကျင်ကို အကျိုးပြုနေခြင်း ရှိ၊ မရှိ သို့မဟုတ် သဘာဝပတ်ဝန်းကျင်အကြောင်းပြ၍ ဟန်ပြလုပ်ဆောင်နေသည့် Greenwashing တစ်မျိုးသာ ဖြစ်နေသလားဟူသော မေးခွန်းများအပေါ် အခြေခံကာ "AI for Environmental Protection: Genuine Solution or Greenwashing?" ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည် ဖြစ်သည်။
ယင်းအွန်လိုင်းစကားဝိုင်းတွင် Environment, Health and Safety Myanmar (EHS Myanmar) ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်တာ ကောင်းထက်စွမ်း က အဓိက ဖိတ်ကြားခံဟောပြောသူ (Speaker) အဖြစ် ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။
ဒေါက်တာ ကောင်းထက်စွမ်းသည် ထိုင်းနိုင်ငံ Mahidol University မှ Environmental and Water Resources Engineering ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D.) ရရှိထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံ KMUTT တက္ကသိုလ်၌ အကြီးတန်းသုတေသနပညာရှင် (Senior Researcher) အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို အွန်လိုင်းဗီဒီယိုစနစ်ဖြစ်သော Zoom Cloud Meetings မှတစ်ဆင့် မည်သူမဆို အခမဲ့ ပါဝင်နားဆင်နိုင်ရန် ဖိတ်ခေါ်ထားခြင်းလည်း ဖြစ်သည်။

image

လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် အကြမ်းဖက်အဖွဲ့ဝင်(၈)ဦးအား ဆုကြေးငွေနှင့် ထောက်ပံ့ ကြေးများပေးပြီး မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံ

KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်)(ခွဲထွက်)အဖွဲ့နှင့် PDF အဖွဲ့ဝင်(၈)ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူအလင်းဝင်လာသဖြင့် ဇွန် ၃ ရက်က ဆုကြေးငွေနှင့် ထောက်ပံ့ကြေးများပေးပြီး မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ အလင်းဝင်လာသူ(၈)ဦးက ၎င်းတို့နှင့်အတူပါလာသည့် လက်နက်ခဲယမ်းများကိုအပ်နှံရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေနှင့် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများကို အလင်းဝင်လာသူများထံပေးအပ်ပြီး ၎င်းတို့အား ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြကြောင်း သိရသည်။

image

အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာန စတင်ဖွင့်လှစ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနကို ဇွန် ၃ ရက်မှစတင်ကာဖွင့်လှစ်၍ ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စတင်ဖွင့်လှစ်နေ့၌ လာရောက်ကုသမှုခံယူသည့် သံ ဃာတော်များအား ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက အံကပ်များတပ်ဆင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ တာဝန်ရှိသူများက အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ရှိ သွားနှင့် ခံတွင်းရောဂါ အထူးကုဌာနအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

image

အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများ ကြိုတင်ပြင်ဆင်ကြရန် ကုလသမဂ္ဂ သတိပေး

ကမ္ဘာတစ်ဝန်း အပူချိန်အလွန်အမင်းမြင့်မားလာခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာနိုင်သည့် အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ကဇွန် ၂ ရက်နေ့က အသိပေး ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုအခြေအနေကို အရေးပေါ်ရာသီဥတုသတိပေးချက်အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံများအနေဖြင့် အထူးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် သတိပေးထားသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က “လက်ရှိဖြစ်ပေါ်နေသည့် အယ်နီညိုအခြေအနေများသည် ပူနွေးနေသော ကမ္ဘာမြေကြီး၏မီးပုံထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်လာနိုင်ပြီး၊ ၎င်း၏ရာသီဥတုရိုက်ခတ်မှုများသည် ပိုမိုပြင်းထန်ကာ နယ်စပ်များကို ဖြတ်ကျော်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း“လည်း သတိပေးပြောကြားထားသည်။
အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ပြင်းထန်သော အပူလှိုင်းများဖြတ်သန်းခြင်း မိုးခေါင်ရေရှားခြင်းနှင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးခြင်းစသည့် ဆိုးရွားသော ရာသီဥတုဘေးအန္တရာယ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

image